ခြေထောက်လေးတွေ လှပကျန်းမာဖို့ ...
လှပကျန်းမာတဲ့ ခြေထောက်လေးတွေဖြစ်ဖို့ ဘယ်လိုပြဿနာဆိုရင် ဘယ်လိုလုပ်သင့်လဲ ပျိုပျိုမေတို့ကို အကြံပေးပါရစေ။
♦ ခြေစွယ်ငုပ်ပြီး ရောင်တဲ့အခါ ခြေထောက်လေးကို ရေနွေးနွေးနဲ့စိမ်ပါ။ ပဋိဇီဝဆေးဂျယ်လီလေး လိမ်းပါ။ ဂွမ်းလေးနဲ့အုပ်ပါ။ တစ်ရက်ကို နှစ်ကြိမ်လုပ်ပေးပြီး စောင့်ကြည့်နော်။
♦ အသားမာလေးတွေက နာတဲ့အပြင် နည်းနည်းရုပ်ဆိုးတယ်။ သွားမလှီးရ မထိရဘူး။ ရေနွေးနွေးလေး စိမ်မယ်။ ဆပ်ပြာလေးနဲ့ နူးမယ်။ ပြီးရင် ကျောက်ခဲလေးနဲ့ အသာလေး နေ့စဉ်တိုက်ပေးရင် ရပါပြီ။
♦ အရေကြည်ဖုလေးတွေက ဖိနပ်ပေါက်ရင် ဖြစ်တယ်နော်။ ဆေးဂျယ်လီလေး လိမ်းပြီး အုပ်ထားရမှာပါ။ အစိုဓာတ်ပေးပါ။
♦ ခြေထောက်လေးတွေ ခြောက်သွေ့အက်ကွဲတဲ့အခါ သာမန်ဆို ကိစ္စမရှိပေမယ့် အလွန်အကျွံဆိုရင် မှိုပိုးကြောင့် ဖြစ်တတ်ပါတယ်။ မှိုပိုး ကာကွယ်ဆေး လိမ်းဆေးလေးတွေ လိမ်းပါ။ ဆေးကောင်တာမှာ အရေပြားမှိုလိမ်းဆေးလို့ ပြောဝယ်လိုက်နော်။
♦ ခြေထောက်အနံ့ ထွက်တာက လှောင်ပိတ်ပြီး ဘက်တီးရီးယားပွားလို့ပါ။ ဆပ်ပြာနဲ့ ရေအေးလေးနဲ့ ဆေးကြောပြီး လေသလပ်ခံပါ။ လက်ဖက်စိမ်းရည်လေးနဲ့လည်း ဆေးလို့ရတယ်။ ခြောက်သွေ့ သန့်ရှင်းနေပါစေ။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)















