ဆောင်းရာသီမှာ လှတစ်မျက်နှာ
ပူလွန်း၊ အေးလွန်းခြင်း စတဲ့ ရာသီဥတု အပြောင်းအလဲကြောင့် အသားအရေကို ထိခိုက်စေနိုင်ပါတယ်။ ဒါပေမဲ့ ခြောက်သွေ့တဲ့လေနဲ့ အေးတဲ့ရာသီဥတုရှိတဲ့ ဆောင်းရာသီကတော့ အရေပြား ခြောက်သွေ့ပြီး အဖတ်တွေ လန်စေကာ ပိုပြီးပျက်စီးစေနိုင်တဲ့အတွက် အရေပြားကို ပုံမှန်ထက် ပိုပြီးဂရုစိုက်ပေးဖို့ လိုပါတယ်။
1. ပထမအရေးကြီးဆုံး အချက်ကတော့ မျက်နှာကို သေချာသန့်စင်ပေးဖို့ပါပဲ။
ဘယ်လို အရေပြားထိန်းတဲ့ ပစ္စည်းတွေပဲသုံးသုံး၊ ဘယ်လိုရာသီဥတုမှာပဲဖြစ်ဖြစ် မျက်နှာကို သေချာသန့်စင်ပေးဖို့က အရေးကြီးတဲ့ ပထမအဆင့်ပါ။ ဆောင်းရာသီမှာတော့ အသားအရေ အလွန်အကျွံ ခြောက်သွေ့ခြင်း မဖြစ်စေဖို့ တစ်နေ့ကို 2 ကြိမ်လောက်ပဲ မျက်နှာသစ်ပေးပါ။ ဒါ့အပြင် နို့အေးနဲ့ ဂွမ်းလုံးလေးတွေနဲ့ မျက်နှာသစ်ပေးပါ။
2. မျက်နှာကို သေချာပွတ်တိုက် (Scrub) လုပ်ပေးဖို့လည်း လိုပါတယ်။
မျက်နှာကို scrub လုပ်ပေးတဲ့အခါမှာ နေ့တိုင်းလုပ်ခြင်းအားဖြင့် အသားအရေကို ခြောက်သွေ့စေပြီး ပွန်းပဲ့စေပါတယ်။ ဒါကြောင့် scrub အပျော့စားနဲ့ တစ်ပတ်တစ်ခါလောက်ပဲ လုပ်ပေးပါ။
မိမိရဲ့အိမ်မှာရှိတဲ့ ပစ္စည်းတွေနဲ့လည်း scrub ပြုလုပ်နိုင်ပါတယ်။ လွယ်ကူရိုးရှင်းတဲ့ scrub ပြုလုပ်နည်း တစ်နည်းကတော့ -
• ကြိတ်ချေထားသော ငှက်ပျောသီးမှည့် - လက်ဖက်ရည်ဇွန်း 2 ဇွန်း
• ကြိတ်ချေထားသောပန်းသီး - လက်ဖက်ရည်ဇွန်း 2 ဇွန်း
• ပျားရည် - လက်ဖက်ရည်ဇွန်း 1 ဇွန်း
• Scrub အပျော့စား - 2 ခါညှစ်စာလောက်
အထက်ပါတို့ကို အားလုံးရောမွှေပြီး မျက်နှာပေါ်မှာ 2 မိနစ်ခန့် စက်ဝိုင်းပုံ ပွတ်တိုက်ပေးပါ။ ရေနွေးနဲ့ မျက်နှာကို ဆေးကြောပြီး ခြောက်သွေ့သန့်ရှင်းသောပုဝါဖြင့် အသာအယာ ပွတ်ပေးပါ။
3. အရေပြားမှာရှိတဲ့ ချေွးပေါက်တွေ ကျဉ်းစေဖို့အတွက် တိုနာ သုံးပေးပါ။
တိုနာ သုံးတဲ့နေရာမှာ ဓာတုပစ္စည်းတွေ အများကြီးပါဝင်တဲ့ တိုနာသုံးမယ့်အစား အပျော့စားပဲ သုံးပါ။ အပြင်းစား တိုနာတွေက အရေပြားရဲ့ pH ကို ပျက်စီးစေပါတယ်။ တိုနာနဲ့ ပွတ်ပေးခြင်းအားဖြင့် မျက်နှာသစ်ပြီးနောက် ကျန်နေသေးတဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးပါတယ်။ တိုနာ လိမ်းပေးခြင်းက ချေွးပေါက် ကျဉ်းစေရုံသာမက ညလိမ်းခရင်မ် လိမ်းရင်လည်း ပိုပြီးအကျိုးကျေးဇူး ရရှိစေပါတယ်။
4. အသားအရေ ချောမွေ့စေဖို့အတွက် အစိုဓာတ်ထိန်းဆေး (moisturizer) လိမ်းပေးပါ။
အသားအရေ ခြောက်သွေ့ပြီး အဖတ်လန်တဲ့ အသားအရေ ပိုင်ရှင်တွေအတွက်ပဲ moisturizer လိုတာ မဟုတ်ပါဘူး။ ပုံမှန်အသားအရေ ရှိသူတွေမှာလည်း လိမ်းပေးဖို့ လိုပါတယ်။ ဓာတုပစ္စည်း ပါဝင်တာတွေ မသုံးချင်ရင် သဘာဝပစ္စည်းတွေဖြစ်တဲ့ အယ်မွန်ဆီ၊ သံလွင်ဆီ (extra virgin olive oil) တွေ သုံးနိုင်ပါတယ်။ နောက်တစ်နည်းကတော့ ပုံမှန်လိမ်းနေကျ moisturizer နဲ့ သံလွင်ဆီ ရောပြီး အရေပြားထဲ စိမ့်ဝင်တဲ့အထိ ညင်သာစွာ ပွတ်ပြီး လိမ်းပေးပါ။
5. မျက်နှာကို ပေါင်းတင်ပေးပါ။
ဆောင်းတွင်းမှာ မျက်နှာအသားအရေ ကောင်းမွန်စေဖို့အတွက် အိမ်မှာရှိတဲ့ ပစ္စည်းလေးတွေနဲ့ ပေါင်းတင်လို့ ရပါတယ်။ ဆောင်းရာသီအတွက် သင့်တော်တဲ့ ပေါင်းတင်နည်းလေးတွေကတော့ -
• ထောပတ်သီး - ထောပတ်သီးမှာ အစိုဓာတ် ထိန်းပေးနိုင်တဲ့ဓာတ် ပါဝင်မှုများပြီး မျက်နှာအတွက်သာမက ဆံပင်အတွက်လည်း ကောင်းပါတယ်။ ထောပတ်သီး အမှည့်ကိုချေပြီး မျက်နှာပေါ်မှာ 10-15 မိနစ်ခန့် လိမ်းထားပြီး ရေနွေး,နွေးနဲ့ မျက်နှာသစ်ပေးပါ။ ပြီးရင် တိုနာ မလိမ်းဘဲ moisturizer ပဲ လိမ်းပေးပါ။
• ငှက်ပျောသီး - ငှက်ပျောသီးကလည်း အရမ်းကောင်းတဲ့ အစိုဓာတ် ထိန်းပေးတဲ့အရာ ဖြစ်ပါတယ်။ ချေထားတဲ့ ငှက်ပျောသီးမှည့် စားပွဲတင်ဇွန်း 4-5 ဇွန်းခန့်ယူပြီး မျက်နှာပေါ်မှာ သုတ်လိမ်းပေးပါ။ 10 မိနစ်ခန့်အကြာမှာ မျက်နှာသစ်ပြီး ပျားရည်နဲ့ မျက်နှာက်ို နှိပ်နယ်ပေးပါ။ အစိုဓာတ် ပိုမိုရရှိစေဖို့ စက်ဝိုင်းပုံစံ နှိပ်လိမ်းပေးပါ။ 10 မိနစ်ခန့် နှိပ်နယ်ပေးပြီးနောက် ရေဆေးပြီး တိုနာ လိမ်းပေးပါ။
• ထောပတ် - ထောပတ် အနည်းငယ်နှင့် ဆနွင်း အနည်းငယ် ရောစပ်ပြီး မျက်နှာပေါ်မှာ လိမ်းကာ 10 မိနစ်ခန့် ထားပေးပါ။ ပြီးနောက် ရေကြက်သီးနွေးနဲ့ မျက်နှာသစ်ပါ။
• ရှားစောင်းလက်ပတ် - moisturizer အဖြစ် အသုံးပြုနိုင်ပါတယ်။ ရှားစောင်းလက်ပတ် လိမ်းပေးခြင်းအားဖြင့် မျက်နှာအသားအရေ ခြောက်သွေ့ခြင်းကို သက်သာစေပြီး အသားအရေ ချောမွတ်စေပါတယ်။
6. ရေဓာတ် ပြည့်ဝနေပါစေ။
ခြောက်သွေ့တဲ့ရာသီဥတုမှာ ခန္ဓာကိုယ်ရေဓာတ် ပြည့်ဝနေဖို့ အလွန်အရေးကြီးပါတယ်။ ဒါကြောင့် ရေများများ သောက်ပေးပါ။ ရေများများ သောက်ခြင်းဖြင့် အသားအရေ တောက်ပြောင်စေပါတယ်။
7. နေရောင်ခြည် ထိတွေ့မှုမှ ကာကွယ်ပါ။
နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည် UV A, UV B စတာတွေက အသားအရေကို ပျက်စီးစေတဲ့အတွက် နေပူထဲမထွက်မီ နေကာခရင်မ် လိမ်းဖို့ မမေ့ပါနဲ့။
Dr. Mya Myo Myo Swe (www.drmyanmar.com)
















