ဆံပင်ကျွတ်အောင် ကိုယ် ဘာတွေလုပ်နေမိလဲ?
စားတဲ့အစားအသောက်ကစလို့ ဆံပင်ကို ဘယ်လိုဂရုစိုက်သလဲဆိုတဲ့ ကျွန်မတု့ိရဲ့ နေ့စဉ်လူနေမှုဘဝပုံစံတွေက ဆံသားတွေအပေါ်မှာ အကျိုးသက်ရောက်မှုတွေ ရှိနေတယ်နော်။ ဆံပင် တစ်မျှင်နှစ်မျှင်လောက် ကျွတ်တာက ဘာမှမဖြစ်ပေမယ့် အထွေးလိုက် ကျွတ်လာပြီဆိုရင်တော့ သတိထားဖို့ လိုလာပါပြီ။ ဒီလိုဆိုရင်တော့ ကိုယ် ဘာမှားနေလဲဆိုတာကို ရှာဖို့လိုလာပြီ။ ဆံပင်တွေပါးပြီး အဖျားနှစ်ခွဖြစ်စေတတ်တဲ့ အကြောင်းရင်းတွေကတော့ -
♦ ရေနွေးနဲ့ ရေချိုးခြင်း
ရေနွေးနဲ့ ရေချိုးရတာ ကြိုက်ကြပေမယ့်လည်း အသားအရေကိုတင်မက ဆံသားတွေကိုပါ ခြောက်သွေ့စေပြီး ဦးရေပြားအဆီဓာတ်တွေကို ခမ်းခြောက်စေနိုင်တယ်။ ဒါကြောင့် ဆံပင်တွေ ကြမ်းတမ်း ကြွတ်ဆတ်လာတတ်တယ်။ ဒါကြောင့် ကြက်သီးနွေးရေလေးနဲ့ ချိုးပေးပြီး ဆံပင်ကိုဖြစ်နိုင်ရင် ရေအေးလေးနဲ့ လျှော်ပေးပါ။
♦ ဆံပင်အစိုကို ဖြီးခြင်း
ဆံပင်အစိုလောက် ဆံသားတွေ ပြတ်လွယ်တာ မရှိဘူး။ ဒါကြောင့် ဘီးကြဲကြဲနဲ့ဖြီးတာ၊ ဒါမှမဟုတ် အရင်အခြောက်ခံတာမျိုးတွေ လုပ်ပေးပါ။
♦ ဆံပင်ကို တင်းတင်းကြီး စည်းထားခြင်း
ဆံပင်အရင်းကနေ တင်းတင်းကြီး စည်းထားတဲ့အခါ ဆံပင်တွေ ပျက်စီးပြီး ကျွတ်နိုင်တယ်။ ညဘက်အိပ်ရင်လည်း တင်းတင်းကြီး စည်းမအိပ်ပါနဲ့။
♦ အထပ်ထပ်တွေ လိမ်းခြင်း
ဈေးကွက်ထဲမှာ ဆံပင်လိမ်းဆေးတွေတော့ အမျိုးပေါင်း သောင်းခြောက်ထောင် ရှိမေနေပေမယ့် ဓာတုပစ္စည်းတွေ အထပ်ထပ် လိမ်းမိရင်တော့ ကြာရှည်မှာ ဆံပင်အတွက် မကောင်းနိုင်ဘူး။ သဘာဝပစ္စည်းလေးတွေပဲ သုံးကြည့်ပါ။
♦ ဆံပင် မကြာမကြာ မလျှော်ခြင်း
ဆံပင် မကြာမကြာ မလျှော်တဲ့အခါ ဦးရေပြားမှာ ဆံပင်မွေးညင်းနုတွေ ပိတ်သွားတတ်တယ်။ ၂ ရက်ခြားတစ်ခါလောက် ခေါင်းလျှော်ပေးဖို့ လိုတယ်။ အထူးသဖြင့် ချွေးထွက်များရင်၊ ဆံပင်လိမ်းဆေးတွေ အများကြီးသုံးရင်ရယ်ပေါ့။
♦ အစားရှောင်ခြင်း
အစားရှောင်တာကြောင့် အာဟာရ မလုံလောက်တဲ့အခါမှာလည်း ဆံပင်ပေါ်မှာ အကျိုးသက်ရောက်မှု ရှိနိုင်တယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
















