ဗိုက်ပူလို့ စိတ်ညစ်နေသလား...
ဗိုက်ပူနေပါက အဝတ်အစားဝတ်ဆင်ရာမှာ ကြည့်ကောင်းမှုမရှိသလို ကျန်းမာရေးကိုထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ဝမ်းဗိုက်အဆီကိုချရန် အောက်ပါနည်းလမ်းများကို လုပ်ဆောင်ကြည့်ပါ။
1. ပရိုတင်းဓာတ်ပြည့်၀အောင်စားသုံးပါ
ပရိုတင်းဓာတ်ကြွယ်၀တဲ့ အစားအစာတွေက ဇီဝကမ္မဖြစ်ပျက်မှုကို မြန်ဆန်စေတာကြောင့် ကယ်လိုရီများများလောင်ကျွမ်းစေပါတယ်။ ဝမ်းဗိုက်အဆီကိုလောင်ကျွမ်းစေတာကြောင့် ဗိုက်သားချပ်ရပ်စေရုံမျှသာမက သွေးတွင်းသကြားဓာတ်ကိုပါ တည်ငြိမ်စေပါတယ်။
2. ပန်းသီးစားပေးပါ
တစ်နေ့ကို ပန်းသီးတစ်လုံးစားပေးပါက ခုခံအားကိုကောင်းမွန်စေပြီး အဆီဓာတ်များကိုလျော့ကျစေပါတယ်။ အမျှင်ဓါတ်ပါဝင်တာကြောင့် အဆာပြေစေပါတယ်။
3. လေ့ကျင့်ခန်းလုပ်ပါ
လေ့ကျင့်ခန်းလုပ်တာကြောင့် ချပ်ရပ်သောဗိုက်သားကို လျင်မြန်စွာရရှိစေပါတယ်။ လေ့ကျင့်ခန်း လုပ်နေချိန်မှာ ဇီဝဖြစ်ပျက်မှုများမြန်ဆန်လာပြီး ကယ်လိုရီအများအပြားကို လောင်ကျွမ်းစေပါတယ်။ ဒါ့ကြောင့် မိမိစိတ်ဝင်စားတဲ့ လေ့ကျင့်ခန်းတစ်မျိုးမျိုး (ဥပမာ- ပြေးခြင်း၊ ခပ်သွက်သွက်လမ်းလျှောက်ခြင်း၊ အေရိုးဗစ် ကစားခြင်း) ကို ပုံမှန်လုပ်ဆောင်သွားသင့်ပါတယ်။
4. ရေများများသောက်ပါ
ရေများများသောက်တာဟာ ဝမ်းဗိုက်ကြွက်သားချပ်ရပ်နေစေမယ့်နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ထမင်းမစားခင်မှာ ရေတစ်ခွက်သောက်သုံးပေးတာကြောင့် ဗိုက်အဆာခံစေပြီး အလွန်အကျွံမစားသောက်မိစေရန် ထိန်းချုပ်ပေးနိုင်ပါတယ်။
5. ညဥ့်နက်မှအစာမစားပါနှင့်
ဝမ်းဗိုက်ချပ်ရပ်ချင်သူတွေနေနဲ့ အထူးလိုက်နာသင့်ပါတယ်။ ညအိပ်ရာမဝင်မီ 2 နာရီမှ 3 နာရီအတွင်း မည်သည့်အစာမှမစားသင့်ပါဘူး။ အိပ်ပျော်နေစဉ်အတောအတွင်းမှာ ဇီဝဖြစ်စဉ်များ နှေးကွေးတာကြောင့် စားသုံးလိုက်တဲ့ကယ်လိုရီများကို ကောင်းကောင်း လောင်ကျွမ်းနိုင်ခြင်းမရှိပါဘူး။
6. ဆားလျှော့စားပါ
အငန်ဓါတ်လျှော့စားပါက ဝမ်းဗိုက်ကိုချပ်ရပ်စေရုံသာမက အထွေထွေကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ ဆားပါဝင်မှုများတဲ့အစားအစာတွေဟာ လေပွလေထခြင်းကိုဖြစ်စေပြီး မအီမသာဖြစ်စေပါတယ်။
7. ဘီယာနှင့် ဆော်ဒါလျှော့သောက်ပါ။
12 အောင်စ (360 ml) ရှိတဲ့ ဘီယာတစ်လုံးမှာ ကယ်လိုရီ 150 နီးပါး ပါဝင်ပါတယ်။ ဗိုက်သားချပ်ရပ်ချင်တဲ့သူတွေအနေနဲ့ ဘီယာနဲ့ ဆော်ဒါကို အတတ်နိုင်ဆုံး ရှောင်ကြဉ်သင့်ပါတယ်။
Dr.Htet Htet Aung (www.drmyanmar.com)















