လက်သည်းမှို
လက်သည်းလှလှလေးတွေဟာ ပြည့်စုံတဲ့ အလှတရားအတွက် အထောက်အပံ့ပါ။ ကြည်ကြည်သန့်သန့် လက်သည်းလေးတွေ ပုံစံအမျိုးမျိုး ဖော်ထားတဲ့ လက်သည်းလှလှလေးတွေ ဖြစ်ဖို့ဆိုတာ အပြစ်အနာကင်းဖို့ လိုပါတယ်။
လက်သည်းမှာရှိတဲ့ ကွဲကြောင်းကတစ်ဆင့်ဖြစ်စေ၊ အရေပြား ပွန်းပဲ့ရာမှဖြစ်စေ မှိုပိုးအမျိုးမျိုး ၀င်ရောက်လာရာမှ မှိုစွဲတာ ဖြစ်လာနိုင်ပါတယ်။
လက်သည်းရဲ့အောက်မှာ အဖြူ၊ အဝါ အစက်အပျောက်လေးတွေ စတင်ဖြစ်ပေါ်စေပြီး တဖြည်းဖြည်း အရောင်ပြောင်းလာတာ၊ ထူထဲကျွတ်ဆတ်တာတွေ ဖြစ်လာပါတယ်။ မကုသဘဲထားပါက နာကျင်တဲ့အထိ ဆိုးနိုင်ပြီး အခြားနေရာတွေပါ မှိုစွဲနိုင်ပါတယ်။
ကျွတ်ဆတ်တဲ့ လက်သည်းဟာ အလွယ်တကူ ကျိုးလွယ်၊ ပဲ့လွယ် ဖြစ်လာပါတယ်။ လက်သည်းပုံပျက်တဲ့အထိ ဖြစ်နိုင်ပြီး လက်သည်းအောက်တွင် မှိုတွေ စုပုံလာတဲ့အခါမှာ လက်သည်း ကျွတ်တာတွေပါ ဖြစ်လာနိုင်ပါတယ်။
အဓိက တရားခံကတော့ စိုစွတ်မှုပါတဲ့။ အမြဲပူနွေး စိုစွတ်နေတတ်တဲ့ နေရာတွေဟာ မှိုတွေကြိုက်တဲ့နေရာတွေပေါ့။ အမျိုးသားတွေမှာ ပိုပြီး အဖြစ်များတယ်လို့ ဆိုပါတယ်။ တစ်ချိန်လုံး ရေကိုင်နေရတဲ့သူတွေ၊ ဆီးချိုသမား၊ အားကစားသမား၊ ကိုယ်ခံအားစနစ် အားနည်းသူ၊ ဆေးလိပ်သောက်တဲ့သူတွေဟာ မှိုစွဲဖို့ အလားအလာရှိသူတွေပါပဲ။ အတူနေသူတွေမှာ မှိုစွဲနေတယ်ဆို ကိုယ့်ဆီကိုလည်း ကူးလာနိုင်ပါတယ်။
လက်သည်းမှိုစွဲတာဟာ တစ်ခါတစ်ရံမှာ အရေပြားရောဂါတစ်မျိုးဖြစ်တဲ့ Psoriasis နဲ့ မှားနိုင်တာကြောင့် မှိုစွဲပြီဆိုရင် ဆရာ၀န်ပြသဖို့ လိုပါတယ်။ ကုထုံးကတော့ မှိုအမျိုးအစားနဲ့ လက်သည်းအခြေအနေ ဘယ်လောက် ဆိုးဝါးနေတဲ့အပေါ် မူတည်ပါတယ်။ စောစောသိရင် စောစောကုဖို့ အကြံပေးလိုပါတယ်။
မှိုစွဲနေတဲ့ ခြေသည်း၊ လက်သည်းကို လက်သည်းတု တပ်တာတွေ၊ လက်သည်း ခြေသည်း ဆိုးတာတွေနဲ့ ဖုံးကွယ်တာမျိုးတွေက ယာယီအတွက် အဆင်ပြေနိုင်ပေမယ့် စောစောသိ စောစောကုခြင်းကသာ ကျန်းမာတဲ့ ခြေသည်း၊ လက်သည်းတွေကို ပြန်လည်ပိုင်ဆိုင်စေမှာပါ။
Dr. Htet Htet Aung (www.drmyanmar.com)
















