/
news/အလှအပနှင့်ကျန်းမာရေး/ဝက်ခြံအမာရွတ်များကို-ဖြစ်ပေါ်စေမယ့်-အလေ့အထ-၇-မျိုး

ဝက်ခြံအမာရွတ်များကို ဖြစ်ပေါ်စေမယ့် အလေ့အထ (၇) မျိုး

Category
အလှအပနှင့်ကျန်းမာရေး

    ဝက်ခြံတွေ များနေလို့ စိတ်တွေညစ်ရတဲ့အထဲ ဟော … ကြည့်ပါဦး အမာရွတ်မည်းမည်းကြီးတွေ ရုပ်ဆိုးလိုက်တာ ... မှန်တောင် မကြည့်ချင်တော့ဘူး။
    ဝက်ခြံပေါက်ရာကနေ ကျန်ခဲ့တဲ့အမာရွတ်တွေကြောင့် စိတ်ညစ်နေရတဲ့ ပျိုမေလေးတို့အတွက် ရှောင်သင့်တဲ့အလေ့အထတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁)     Suncreen အသုံးမပြုခြင်း
    ဝက်ခြံကုထုံးတွေက နေရောင်ခြည်ကို ပိုမို sensitive ဖြစ်စေတာမို့ နေပူထဲမသွားလာခင်မှာ နေလောင်ကာခရင်မ်ကို မဖြစ်မနေသုံးပေးဖို့ လိုပါတယ်။ မဟုတ်ပါက နေရောင်ထိလိုက်တာနဲ့ အရေပြားက ပိုမိုပျက်စီးသွားပြီး အမာရွတ်များဖြစ်ပေါ်ဖို့ အလားအလာများပါတယ်။

(၂)     ဝက်ခြံညှစ်ခြင်း
    ဝက်ခြံများကိုညှစ်ခြင်းဟာ ကောင်းကျိုးထက်ဆိုးကျိုးကိုသာ ပိုပေးပါတယ်။ လက် သို့မဟုတ် ဝက်ခြံညှစ်ကိရိယာ ဘယ်ပစ္စည်းကိုသုံးစေကာမူ အမာရွတ်များ ထင်ကျန်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် လက်ဖြင့်ဆွခြင်း၊ ညှစ်ခြင်း ပြုလုပ်မယ့်အစား ဝက်ခြံပျောက်ဆေးကိုသာ တို့ထားဖို့ အကြံပြုကြတာ ဖြစ်ပါတယ်။

(၃)     ချွေးပေါက်များကို မကြာခဏသန့်စင်အောင်ပြုလုပ်ခြင်း
    ချွေးပေါက်တွင်းက ဆားဝက်ခြံတွေကို ညှစ်ခြင်းက ခဏတာ သန့်စင်စေနိုင်ပေမယ့် ရေရှည်အတွက်တော့ မကောင်းလှပါဘူး။
    ဝက်ခြံများကို လက် သို့မဟုတ် ညှစ်တံဖြင့် ညှစ်ထုတ်ခြင်းကြောင့် အနာရွတ်မည်းမည်းတွေ ထင်ကျန်စေပါလိမ့်မယ်။ထို့ပြင် ဘတ်တီးရီးယားပိုးတွေကိုပါ ပေါက်ဖွားစေနိုင်ပါတယ်။

(၄)     မှန်ကြိုက်လွန်းခြင်း
    အချိန်ရတိုင်း မျက်နှာကို မှန်တွင် တစိမ့်စိမ့် ကြည့်နေတတ်သူများ ရှိပါသလား။ ကိုယ့်ရဲ့လှပတဲ့ရုပ်သွင်လေးကို မှန်တွင် မြင်နေရသည်မှာ ကျေနပ်ဖို့ ကောင်းပေမယ့်လည်း ချွေးပေါက်တွေကို လိုတာထက် ပိုဂရုစိုက်နေခြင်း၊ ဝက်ခြံသေးသေးလေးများကို ဂရုစိုက်လွန်းခြင်းတို့ကြောင့် မကြာခဏ သွားဆွမိတတ်ရာကနေ အမာရွတ်တွေဖြစ်စေနိုင်ပါတယ်။

(၅)     မျက်နှာသစ်ရာတွင် ရေစိုဝတ်ကို အသုံးပြုခြင်း
    မျက်နှာသစ်ရာတွင် အဝတ်၊ ဘရပ်ရှပ်နဲ့ ကိရိယာများကို အသုံးပြုခြင်းက ပိုမိုသန့်စင်စေနု်ိင်သော်လည်း မျက်နှာအရေပြားရဲ့ သဘာဝအကာအရံ barrier ကို ပျက်စီးစေပါတယ်။ထိုအခါ အရေပြား sensitive ဖြစ်ခြင်း (ထိခိုက်လွယ်ခြင်း)၊ အရေပြားပါးခြင်းနဲ့ ပိုးဝင်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်နော်။

(၆)     မိတ်ကပ်ထူထူလိမ်းခြင်း
    ဝက်ခြံတွေကိုဖုံးကွယ်ဖို့ မိတ်ကပ်ထူထူလိမ်းကြပါတယ်။ ထိုသို့လိမ်းခြင်းကြောင့် ချွေးပေါက်တွေပိုပိတ်ပြီး ဝက်ခြံတွေ ပိုထွက်လာပါလိမ့်မယ်။ ဒါကြောင့် Oil-free ဆိုတဲ့ စာတမ်းပါတဲ့ အောက်ခံမိတ်ကပ် နဲ့ moisture များကိုသာ ရွေးချယ်ဝယ်ယူသင့်ပါတယ်။

(၇)     ကုထုံးတစ်မျိုးတည်းဖြင့်သာ နှစ်ရှည်လများ ကုသနေခြင်း
    ပုံမှန်အသုံးပြုနေသော ဝက်ခြံပျောက် skin careတွေကို နေ့စဉ်အသုံးပြုခြင်းက သင့်တော်တဲ့အချက် ဆိုပေမယ့်လည်း ဝက်ခြံတွေမပျောက်ပါက အရေပြားဆရာဝန်နဲ့သွားရောက်ပြသဖို့ လိုအပ်နေပါပြီ။ ဆရာဝန်ကနေ သင့်အရေပြားကိုစစ်ဆေးပြီး သင့်တော်တဲ့ ကုထုံးတွေနဲ့ ဆက်လက်ကုသပေးမှာ ဖြစ်တာမို့ မိမိဘာသာ ကုသနေခြင်းကို ရပ်တန့်သင့်ပါတယ်။
    ကဲ ... ပျိုမေတို့ရေ အထက်ပါအချက်တွေထဲက ဘာတွေကို လုပ်မိနေလဲ? အခုပဲ ဆန်းစစ်အဖြေရှာကြည့်ကြပါနော်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)