/
news/အလှအပနှင့်ကျန်းမာရေး/ဝင်းပပ-လှတစ်မျက်နှာရဖို့

ဝင်းပပ လှတစ်မျက်နှာရဖို့ ...

Category
အလှအပနှင့်ကျန်းမာရေး

          မိတ်ကပ် မလိမ်းထားတောင် ဝင်းဝင်းပပ စိုပြေနေတဲ့မျက်နှာအလှဟာ ဆွဲဆောင်မှု အပြည့်အဝရှိတယ်ဆိုတာ မငြင်းနိုင်ပါဘူး။

          လှတစ်မျက်နှာအတွက် အမျိုးမျိုး ခြယ်သလိမ်းကျံကြရာမှာ အလှပြင်ပစ္စည်းတွေကလည်း မရိုးနိုင်အောင် တစ်နေ့တစ်မျိုး ထွက်လျက်ရှိပါတယ်။

          ဒီတော့ မိတ်ကပ် မလိမ်းထားတောင် တိုနာ၊ နေ့လိမ်းခရင်မ်၊ ညလိမ်းခရင်မ်တွေနဲ့ စနစ်တကျ အမြဲပြုစုနေရတာကိုလည်း အမျိုးသမီးတိုင်း မမောနိုင်အောင်ပါပဲ။

          Brand အမျိုးမျိုး ထွက်နေတဲ့  မိတ်ကပ်၊ ပေါင်ဒါတွေ၊ ကာချယ်တွေမှာ ဓာတုပစ္စည်းကတော့ အနည်းနဲ့ အများဆိုသလို ပါဝင်လျက်ပါပဲ။

          မိတ်ကပ်လိမ်းမှ ဆွဲဆောင်မှု ရှိတယ်လို့ ထင်နေမိရင် တစ်ပတ်လောက် အပြောင်းအလဲလေးတစ်ခု လုပ်ကြည့်ဖို့ အကြံပေးလိုပါတယ်။

          ချီကာဂိုက နာတလီဆိုတဲ့  အမျိုးသမီးက မိတ်ကပ်မပါဘဲ တစ်ပတ်ခန့် နေကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

          ကဲ ... သူမ ဘာတွေ ကြုံရလဲ ကြည့်ကြရအောင် ...

>>    ကောင်းတဲ့အချက်ကတော့ -

●        သူမဟာ မိတ်ကပ်မပါလို့ စိုးရွံနေမိပေမယ့်  လူတွေက သူမ ထင်သလို အဲလောက် သတိမထားကြပါဘူးတဲ့။ သူမမျက်နှာကို ခါတိုင်းလိုပဲ အဆင်ပြေပြေ ဖြစ်နေတယ်လို့ပဲ ထင်ကြပါတယ်။

●        သူမဟာ မနက်ခင်း ရေချိုးပြီးတဲ့အခါ အဝတ်လဲပြီးတဲ့အခါ မျက်နှာပေါ်ကို လိမ်းခြယ်ဖို့ အချိန်မပေးရတဲ့အတွက် မနက်ခင်းတိုင်းမှာ သူမ ပိုစိတ်ပျော်လာပါသတဲ့။

●        သူမရဲ့အရေပြားဟာ အသက်ရှူခွင့်ရပြီး ပိုမိုလန်းဆန်း ကျန်းမာလာသလို ခံစားရပါသတဲ့။

●        သူမဟာ မိတ်ကပ်မပါဘဲ  သဘာဝအတိုင်း နေထိုင်တဲ့ ကမ်ဘာဦးသူလေးလို  ခံစားရပြီး လူတွေကြားမှာ မိမိကိုယ်မိမိ ယုံကြည်မှု တက်လာပါသတဲ့။

 

>>    မကောင်းတဲ့အချက်တွေကတော့ -

●        သူမရဲ့အရေပြားက အပြစ်အနာအဆာတွေကို ဒီတိုင်း လူမြင်နေရတာကြောင့် စိတ်ပျက်မိပါသတဲ့။

●        စသွားတဲ့ တစ်ရက်၊ နှစ်ရက်မှာ မိမိကိုယ်မိမိ ခါတိုင်းလို မလှဘူးထင်ပြီး အတော် စိတ်မသက်မသာ ဖြစ်ရပါသတဲ့။

●        လူသစ်တွေနဲ့ တွေ့ဆုံခါနီးရင် တစ်ခုခု လိုနေသလို ခံစားမိပြီး မလုံမလဲ ဖြစ်ရပါသတဲ့။

 

          အမေရိကန်အမျိုးသမီးလေး နာတလီလို လုံးဝမျက်နှာပြောင် မလုပ်ကြည့်ချင်ဘူးဆိုရင်တောင် -

●        ပုံမှန် လိမ်းနေကျ moisturizer, skincare လောက်ပဲ နေ့စဉ်လိမ်းကြည့်ပြီး အလုပ်ဝင်ပါ။

●        မျက်ခုံးလေးကို သဘာဝကျကျလေး ထင်းနေအောင် ဆွဲပါ။

●        နှုတ်ခမ်းနီကို အဆီဖျော့ဖျော့၊ အရောင်နုနုလေး ဆိုးပါ။

●        မျက်တောင်လေးတွေကို စက်နဲ့ ကော့ချပါ။

          ဒါလောက်လေးနဲ့ အလုပ်သွား၊ ကျောင်းတက် လုပ်ကြည့်ပါ။

          မိတ်ကပ်တွေနဲ့ နေ့စဉ် ဖုံးကွယ်ကာနေတဲ့ မိမိအသားအရေလေးကို တစ်ခါတလေ အသက်ရှူခွင့်ပေးပါ။

          ဝက်ခြံရှိ အသားအရေဆိုရင်လည်း ဘာမှမတင်ဘဲ မျက်နှာကို အလွတ်ထားလိုက်တာဟာ အနာတွေကို ကျက်သွားစေပြီးနောက် ဝက်ခြံအသစ်တွေကို ကာကွယ်မှာပါ။

          မိတ်ကပ်မပါဘဲဲ လှပလန်းဆန်း နုပျိုပြီး ဆွဲဆောင်မှာရှိရှိ မိမိကိုယ်ကို ယုံကြည်မှု တည်ဆောက်နိုင်ပါစေနော်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)