/
news/အလှအပနှင့်ကျန်းမာရေး/လက်သည်းကိုက်တဲ့အကျင့်ကို-စွန့်လွှတ်နိုင်ဖို့-နည်းလမ်းကောင်းများ

လက်သည်းကိုက်တဲ့အကျင့်ကို စွန့်လွှတ်နိုင်ဖို့ နည်းလမ်းကောင်းများ

Category
အလှအပနှင့်ကျန်းမာရေး

           လက်သည်းကို မကိုက်ရမနေနိုင်လောက်အောင် အကျင့်စွဲကပ်နေပြီဆိုပါက အမြန်ဆုံးဖျောက်ဖျက်ပစ်ဖို့ကြိုးစားသင့်တယ်။ လက်သည်းကိုက်တတ်တဲ့အကျင့်ဟာ မကောင်းတဲ့အကျင့်၊ အကျင့်ဆိုးတစ်ခုလို့တောင် ဆိုလို့ရပါတယ်။ ဒါပေမယ့် ကိုယ်ရည်ကိုယ်သွေးကိုထိခိုက်စေတဲ့ အကျင့်ဆိုးတော့ မဟုတ်ပါဘူး။ မိမိကျန်းမာရေးကို မိမိဘာသာထိခိုက်အောင် နေ့စဉ်လိုလိုလုပ်ဖြစ်နေတဲ့အတွက် ကျန်းမာရေးမကောင်းစေတဲ့ အကျင့်ဆိုးဖြစ်ပါတယ်။

          လက်သည်းလေးကိုက်ရုံလောက်နဲ့ ကျန်းမာရေးကို ကြီးကြီးကျယ်ကျယ် မထိခိုက်စေနိုင်ဘူးလို့ မမှတ်ယူသင့်ပါ။ လက်သည်းကိုက်ခြင်းဟာ ပြင်ပမှ ဘက်တီးရီးယားပိုးတွေ၊ ဗိုင်းရပ်စ်ပိုးတွေ ခန္ဓာကိုယ်ထဲ၀င်ရောက်စေနိုင်အောင် လမ်းဖွင့်ပေးလိုက်တာဖြစ်သလို လက်သည်းရှည်စေတဲ့ တစ်သျှူးတွေကိုပျက်စီးစေတာကြောင့် လက်သည်းလေးတွေက တုံးတိလေးတွေဖြစ်နေတတ်ပြီး လက်သည်ပုံသဏ္ဌာန်မပေါ်တော့ဘဲ လက်သည်းခွံနဲ့လက်သည်းခွံအောက်ကအသားဟာ တသားတည်းလိုလိုဖြစ်ကာ လက်သည်းနားတစ်၀ိုက် အရေပြားတွေနာကျင်နေတတ်ပါတယ်။ ဒါကြောင့်ကျန်းမာရေးကိုသာမက လက်သည်းအလှကိုပါ ပုံပျက်စေတဲ့ လက်သည်းကိုက်တတ်တဲ့ အကျင့်ကိုလျော့ပါးလာစေဖို့ ဖျောက်ဖျက်ပစ်နိုင်ဖို့ စွဲနေတဲ့အကျင့်ကို ချိုးနှိမ်နိုင်အောင်ကြိုးစားသင့်ပါတယ်။ ကိုယ့်ရဲ့လက်သည်းကိုက်တတ်တဲ့အကျင့်ကို စွန့်လွှတ်ဖို့ဆုံးဖြတ်ထားပြီးပြီဆိုရင်တော့ သင့်ဆုံးဖြတ်ချက်ကိုခိုင်မာစေဖို့အတွက် အောက်ပါအချက်လေးတွေက အထောက်အကူပြုပေးပါလိမ့်မယ်။

 

1. လက်သည်းရှည်နေလေ လက်သည်းကိုက်ချင်စိတ်ပေါ်လာလေဖြစ်တာကြောင့် လက်သည်းကိုဘယ်တော့မှရှည်လာတဲ့အထိ မထားသင့်ပါ။ လက်သည်းညှပ်ဖြင့် လက်သည်းကိုသေသေသပ်သပ်ညှပ်ပါ။

2. ခါးသက်သက်အရသာရှိတဲ့ လက်သည်းဆိုးဆေးကိုဆိုးပါ။ ၎င်းလက်သည်းဆိုးဆေးဟာ လက်သည်းကိုက်သူတွေ လက်သည်းကိုက်ချင်စိတ်ပျက်ပြယ်သွားအောင် လုပ်ဆောင်ပေးနိုင်တဲ့ အလွယ်တကူ၀ယ်ယူရရှိနိုင်ပြီး ဆရာ၀န်ညွှန်ကြားချက်မလိုတဲ့ လက်သည်းဆိုးဆေးဖြစ်တာကြောင့် ယုံကြည်စိတ်ချစွာအသုံးပြုနိုင်ပါတယ်။

3. လက်သည်းအလှပြင်ပါ။ လက်သည်းအလှပုံဖော်ထားတဲ့အတွက် လက်သည်းကိုက်ဖို့စိတ်ကူးရောက်သွားမယ်ဆိုရင်တောင် စိတ်ကူးကိုပြန်ရုပ်သိမ်းလိုက်နိုင်ပါတယ်။ လက်သည်းပုံမဖော်ဖြစ်ရင်တောင် လက်သည်းအတုတပ်ကာဒါမှမဟုတ် လက်အိတ်စွတ်တာတို့လုပ်ဆောင်ပါ။

4. လက်သည်းကိုက်ချင်စိတ်အားပြင်းထန်လာချိန်မှာ လက်ဖြင့်ကိုင်တွယ်လုပ်ဆောင်ရမယ့်အလုပ်တွေကို မနားတမ်းလုပ်နေပါ။ ယင်းကဲ့သို့ အလုပ်နှင့်လက်နှင့်မပြတ်တမ်းလုပ်နေခြင်းကြောင့် သင့်လက်ကသင့်ပါးစပ်နားရောက်စေဖို့ အခွင့်အလမ်းမရစေတော့ပါဘူး။

5. ဘယ်လိုအကြောင်းအရာတွေက သင့်ကိုလက်သည်းကိုက်ချင်စိတ်ဖြစ်စေသလဲဆိုတာနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုစူးစမ်းလေ့လာပါ။ ဥပမာစိုးရိမ်ပူပန်တာကြောင့်၊ စိတ်ဖိစီးတာကြောင့်၊ ပျင်းရိတာကြောင့်၊ လက်သည်းအစွယ်တွေထွက်နေတာကြောင့် စတဲ့အကြောင်းရင်းတွေကြောင့် လက်သည်းကိုက်လိုစိတ်တွေဖြစ်လာသလားဆိုတာကို သတိပြုပြီး မိမိအားထိုအကြောင်းအရာတွေက လက်သည်းကိုက်လိုစိတ်ဖြစ်စေတယ်ဆိုပါက ၎င်းကဲ့သို့အခြေအနေမျိုးနဲ့ကြုံတွေ့ရတဲ့အချိန်မှာ လက်သည်းမကိုက်မိစေဖို့စိတ်ကိုကြိုးစားထိန်းချုပ်ပါ။

6. လက်သည်းကိုက်တတ်တဲ့အကျင့်ကို ဖြည်းဖြည်းချင်းဖျောက်ယူပါ။ လက်မရှိ လက်သည်းကို ကိုက်တတ်တဲ့အကျင့်ကိုဦးဆုံးဖျောက်ပြီး နောက်လက်ညှိုး၊ လက်ခလယ် စသဖြင့်လက်တစ်ချောင်းချင်းစီအလိုက် လက်သည်းကိုက်တတ်တဲ့အကျင့်ကို စွန့်လွှတ်နိုင်အောင်တဖြည်းဖြည်းချင်းကြိုးစားပါ။ တကယ်လို့ သင်ကြိုးစားပေမယ့်လည်း အကျင့်ကိုဖျောက်ဖျက်ပစ်လို့မရနိုင်ဖြစ်နေပါက စိတ်ပိုင်းဆိုင်ရာမှာတစ်စုံတစ်ခု ချို့ယွင်းနေခြင်းနဲ့သက်ဆိုင်တာကြောင့် ဆရာ၀န်နဲ့ပြသင့်ပြီး လက်သည်းကိုက်ထားတဲ့ဒဏ်ကြောင့် လက်သည်းပိုး၀င်တာဒါမှမဟုတ် အရေပြားပိုး၀င်တာမျိုးဖြစ်ပါက အရေပြားအထူးကုဆရာ၀န်နဲ့ပြသသင့်ပါတယ်။

 

CMS (www.drmyanmar.com)