/
news/အလှအပနှင့်ကျန်းမာရေး/အရွယ်မတိုင်ခင်-ပါးရည်မတွန့်အောင်-ဒါတွေရှောင်

အရွယ်မတိုင်ခင် ပါးရည်မတွန့်အောင် ဒါတွေရှောင်

Category
အလှအပနှင့်ကျန်းမာရေး

          အရွယ်မတိုင်ခင် ပါးရည်တွန့်တာ အိုမင်းရင့်ရော်တဲ့ပုံပေါက်နေတာတွေ ရှောင်ဖို့အတွက် ချက်ချင်း ပြုပြင်ပြောင်းလဲဖို့ လိုအပ်သမျှကို တင်ပြပေးလိုက်ပါတယ်။ စောစော မအိုချင်ရင် ဒါလေးတွေ လိုက်နာနော် ...။

●        နေပူထဲကို အကာအကွယ်မပါဘဲ မသွားသင့်ပါဘူး။ ပြင်းထန်တဲ့ နေရောင်ဟာ သင့်အရေပြားကို အစောကြီး အိုမင်းစေမယ့် ကြောက်စရာကောင်းတဲ့ တရားခံပါ။ အကျႌလက်ရှည်ဝတ်ပါ။ ဦးထုပ်၊ ထီး စသည် ဆောင်းပါ။ မျက်နှာနဲ့အသားအရေကို တတ်နိုင်သလောက် ကာကွယ်ထားခြင်းဖြင့် စိုပြေတဲ့အသားအရေကို ထိန်းထားနိုင်ပါတယ်။

●        နေပြီးရင် လေပါ။ ခရီးထွက်တဲ့အခါ ဆိုင်ကယ်စီးတဲ့အခါ မျက်နှာနဲ့အသားအရေကို လာဝေ့တဲ့ လေအေးအေးက နေလို့ကောင်းပေမယ့် အသားအရေကို ခြောက်သွေ့စေတာမို့ အကျႌလက်ရှည် ဝတ်ထားတာ အဆင်ပြေပါတယ်။

●        ဆပ်ပြာရည်တွေ၊ မျက်နှာသစ်ဆေးတွေ၊ ချေးချွတ်တာတွေဟာ ကောင်းပေမယ့် တစ်ပတ်ကို နှစ်ကြိမ်ထက် မပိုသင့်ပါဘူး။ အသားအရေပါးပြီး ခြောက်သွေ့လာရင် စောစော ပါးရေတွန့်လာစေမှာ ဖြစ်ပါတယ်။

●        လက်ကို ခရင်မ်လိမ်းပါ။ အစိုဓာတ်ထိန်းဆေးနဲ့ အစဉ်စိုပြေ ချောမွေ့နေပါစေ။ အိုမင်းခြင်းဟာ လက်တွေ၊ ခြေတွေက စပါတယ်။

●        ဆေးလိပ် ဖြတ်ပါ။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်နေတဲ့ အမျိုးသားတွေရဲ့ လေးပုံသုံးပုံဟာ ဆေးလိပ်ကြောင့် ဖြစ်ပါတယ်။ ဆေးလိပ်က အဆိပ်ငွေ့တွေဟာ သင့်အဆုတ်ကို မီးမြှိုက်ရုံတင်မကဘဲ အရေပြားကိုပါ တွန့်လာစေမှာ ဖြစ်ပါတယ်။

●        အစိုဓာတ်ထိန်းလိမ်းဆေး မှန်မှန်မလိမ်းရင်တော့ အခြေအနေမဟန်ပါဘူး။ အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေက ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေထက် ပိုမိုနုပျိုနေတတ်ကြပါတယ်။ ဒီတော့ လုံလောက်တဲ့ အရေပြားအဆီဟာ ပါးရေမတွန့်ဖို့ ထိန်းစေနိုင်တာ အသေအချာပေါ့။ အမျိုးအစားကောင်းမွန်ပြီး အဆီဓာတ်များတဲ့ နေ့လိမ်း ညလိမ်း ခရင်မ်ကို ရွေးချယ်လိမ်းပါ။

●        မိတ်ကပ်တွေကို ပွတ်ဆွဲပြီး နေ့စဉ်လိမ်းတဲ့အခါ နောက်ဆက်တွဲအနေနဲ့ အသားတွန့်လာတတ်ပါတယ်။ အသက်ရလာတာနဲ့ ပွတ်ဆွဲလိမ်းရတဲ့ အမျိုးအစားထက် မိတ်ကပ်လိမ်းဘရပ်တွေ၊ ကူရှင်အမျိုးအစားတွေ ပြောင်းသုံးစေလိုပါတယ်။

●        နောက်ဆုံးအနေနဲ့ မိမိအသားအရေအတွက် အရည်အသွေးကောင်းမွန်တဲ့ ပစ္စည်းတွေကိုသာ ရွေးချယ်သုံးဖို့ ဖြစ်ပါတယ်။ အရည်အသွေးနဲ့ ဈေးနှုန်းဟာ ဆက်စပ်နေတတ်သလို ဈေးနည်းပြီး မိမိအသားအရေအတွက် အဆင်ပြေရင်လည်း စွဲမြဲသုံးသင့်ပါတယ်။ ဈေးကြီးတိုင်း အလွယ်တကူ ပြောင်းလဲသုံးခြင်းဖြင့် မိမိအသားအရေရဲ့ မျှချေကို ပျက်ပြားစေပါတယ်။

●        ရေ များများသောက်ပါ။ လုံလောက်ပြည့်ဝတဲ့ ရေဓာတ်ဟာ အသားအရေကို အကောင်းဆုံး အခြေအနေမှာ ထိန်းထားနိုင်ပါတယ်။ တစ်ရက်ကို ရေသန့် ၈ ခွက်မှ ၁၀ ခွက်ထိ သောက်ခြင်းဖြင့် အရွယ်မတိုင်ခင် အိုမင်းခြင်းကို ကောင်းကောင်း ကာကွယ်နိုင်ပြီပေါ့နော်။

●        မိမိစားတဲ့ အစားအစာတွေထဲမှာ အသားဓာတ်နဲ့ အမျှင်ဓာတ် ပြည့်ဝနေပါစေ။ မြစိမ်းရောင်  အသီးအနှံ၊ ရွှေဝါရောင် သစ်ဥသစ်ဖုတွေနဲ့ ပြည့်ဝနေတဲ့ အစားအသောက်ပုံစံဟာ သင့်ကို ပိုမိုကျန်းမာစေပြီး နုပျိုလှပစေမှာ မလွဲပါဘူး။

●        ကျန်းမာရေး လေ့ကျင့်ခန်းရဲ့ စွမ်းပကားကတော့ အံ့မခန်းပါပဲ။ ကျစ်လျစ်ပြီး သွက်လက်တက်ကြွသူ အားကစားလိုက်စားသူတွေဟာ ပျင်းရိပျင်းတွဲနေပြီး နွမ်းဖတ်နေသူတွေထက် အဆများစွာ ပိုမိုနုပျိုနေတတ်ကြတာတော့ မငြင်းနိုင်ကြဘူးမဟုတ်ပါလား။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)