အလှအပအတွက်သာမက ကျန်းမာရေးအတွက်ပါ အကျိုးပြုတဲ့ ကီဝီသီး
ကီဝီသီးဟာ အရောင်အဆင်းအရသာနဲ့ပြည့်စုံပြီး ခန္ဓာကိုယ်အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ ကျော်ကြားတဲ့အသီးတစ်မျိုးပဲဖြစ်ပါတယ်။ ကီဝီသီး 100 ဂရမ်မှာ ဗီတာမင် C 160 မီလီဂရမ်ပါဝင်ပြီးတော့ ဒါဟာ ပုံမှန်လိမ္မော်သီးတစ်လုံးမှာပါဝင်တဲ့ ပမာဏရဲ့နှစ်ဆပဲဖြစ်ပါတယ်။ လတ်ဆတ်တဲ့ ကီဝီသီးအစိမ်းတစ်လုံးမှာ ဗီတာမင် A၊ E နဲ့ C တွေ ပြည့်ဝစွာပါဝင်တဲ့အပြင် အသားအရေလှပ၊ အရွယ်တင်၊ အညစ်အကြေးတွေသန့်စင်စေတဲ့ အစွမ်းသတ္တိတွေလည်း အများအပြားရှိပါတယ်။
ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေနိုင်တဲ့ သကြားဓာတ်အများကြီးပါဝင်တဲ့အစားအစာတွေ၊ ကိတ်မုန့်တွေနဲ့ ကြာရှည်ခံအောင်လုပ်ထားတာတွေကို စားသုံးမယ့်အစား လတ်ဆတ်တဲ့သစ်သီးတွေကို စားသုံးသင့်ပါတယ်။ ကီဝီသီးမှာပါဝင်တာတွေကတော့ -
1. ဗီတာမင် K - အရိုးနဲ့သွားတွေကို သန်မာစေပါတယ်။
2. ဗီတာမင် B1-B6 - ဆဲလ်လုပ်ငန်းတွေကိုကောင်းမွန်စေခြင်း၊ စိတ်တည်ငြိမ်စေခြင်း၊ သွေးနီဥများ ကြီးထွားမှုနှင့် ဖွံ့ဖြိုးမှုကိုအားပေးခြင်း။
3. Choline - ဗီတာမင် B နဲ့ပေါင်းပြီး ဆဲလ်အမြှေးပါးတွေရဲ့ စိုစွတ်မှုနဲ့ ကျုံ့နိုင်၊ ဆန့်နိုင်မှုကို ထိန်းသိမ်းထားခြင်းဖြင့် ဆဲလ်အမြှေးပါးတွေကို သန်မာစေပါတယ်။
4. ဗီတာမင် B9 (Folate) - သွေးထုတ်လုပ်ခြင်းနှင့် သွေးကြာများအတွင်း အောက်စီဂျင်လဲလှယ်ခြင်းတွင် မရှိမဖြစ်အရေးပါပါတယ်။
5. Omega 3, Omega 6 fatty acids - နှလုံးကျန်းမာရေးကောင်းမွန်စေခြင်း၊ ကင်ဆာတိုက်ဖျက်နိုင်ခြင်း၊ အရောင်ကျစေခြင်း။
6. သဘာဝသကြားဓာတ် - စွမ်းအင်တိုးပွားစေပါတယ်။
7. ကယ်လစီယမ်၊ ဖော့စ်ဖရပ်စ်၊ မဂက်နီဆီယမ်၊ ဆီလီနီယမ်၊ ဇင့်နဲ့ ကော့ပါးဓာတ်တွေလည်းပါဝင်ပါတယ်။
ဒါတွေအပြင် ကျွန်ုပ်တို့ အသက်ရှင်ဖို့နဲ့ လုပ်ငန်းတွေပုံမှန်အတိုင်းလုပ်ဆောင်နိုင်ဖို့အတွက် အရေးကြီးတဲ့သတ္တုဓာတ်တွေလည်း ပါဝင်ပါသေးတယ်။ အင်တီအောက်ဆီးဒင့်တွေနဲ့ အာဟာရဓာတ်တွေများစွာပါဝင်တာကြောင့် အနာကျက်မြန်စေပြီး လူကိုပေါ့ပါးလန်းဆန်းစေပါတယ်။ အမျှင်ဓာတ်လည်းများစွာပါဝင်ပြီး အသီးအရွက်စားသူတွေအတွက်လည်း ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာပဲဖြစ်ပါတယ်။
ရေဓာတ်၊ ဗီတာမင် C၊ A၊ E နဲ့ hydroxyl acids အစွမ်းကြောင့် မျက်နှာပေါင်းတင်ရာမှာအသုံးပြုနိုင်ပါတယ်။ ကီဝီသီးက ဝက်ခြံကိုတောင် ကာကွယ်နိုင်ပါတယ်။
ကီဝီသီးကိုတစ်မျိုးတည်းစားနိုင်သလို သရက်သီး၊ ဘယ်ရီသီး၊ လိမ္မော်သီးတွေနဲ့တွဲစားရင်လည်း အရသာရှိလှပါတယ်။ ဒါတွေအကုန်လုံးရောပြီး ဒိန်ချဉ်ထဲမှာထည့်စားခြင်းက စားနေကျ ကိတ်မုန့်တွေ၊ ရေခဲမုန့်တွေထက်ပိုကောင်းပြီး ခန္ဓာကိုယ်ကိုလည်း သန့်စင်စေပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)