အသားအရေကောင်းမွန်စေဖို့အတွက် အကောင်းဆုံးသောဗီတာမင် လေးမျိုး
>> ဗီတာမင် D
အရေပြားကနေ နေရောင်ခြည်ကိုစုပ်ယူပြီး ဗီတာမင် D ကိုထုတ်လုပ်ပါတယ်။ ဗီတာမင် D ကို အသည်းနဲ့ကျောက်ကပ်တွေက ယူလိုက်ပြီးတော့ ကျန်းမာတဲ့ဆဲလ်တွေမွေးထုတ်ရာမှာ ကူညီဖို့အတွက် ခန္ဓာကိုယ်အနှံ့ကို ပို့ဆောင်ပေးပါတယ်။ ဗီတာမင် D က အရေပြားတင်းအားကိုထိန်းညှိပေးတဲ့နေရာမှာ အဓိကပါဝင်ပါတယ်။ psoriasis လို့ခေါ်တဲ့အရေပြားမှာအပိန့်များထတဲ့ ရောဂါကုသပေးနိုင်ပါတယ်။
ဗီတာမင် D ကို calcitriol ဆိုတဲ့ပုံစံနဲ့လည်း ထုတ်လုပ်ထားပါတယ်။ Calcitriol ကို psoriasis ရောဂါမှာ လိမ်းဆေးအဖြစ်အသုံးပြုနိုင်ပါတယ်။ တစ်နေ့ကို ဗီတာမင် D 600 IU သောက်သုံးသင့်တယ်လို့ Oregon State University ရဲ့ Linus Pauling Institute က အကြံပြုထားပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ အသက် ၇၀ အထက်တွေမှာ ဒီထက်ပိုလိုအပ်ပါတယ်။
ဗီတာမင် D ပိုမိုရရှိအောင်ဘယ်လိုနေထိုင်စားသောက်ကြမလဲ
- တစ်နေ့ကို နေရောင်ခြည် ၁၀ မိနစ်ခန့်ထိတွေ့မှုရှိပါစေ ( အရေပြားကင်ဆာရှိရင်တော့ ဆရာဝန်နဲ့အရင်တိုင်ပင်ပါ။)
- အင်အားဖြစ်စေတဲ့အစားအစာတွေစားပါ (ဥပမာ - အစေ့အဆန်များ၊ လိမေ္မာ်သီးဖျော်ရည်၊ဒိန်ချဉ်)
- သဘာဝအတိုင်း ဗီတာမင် D ပါဝင်သောအစားအစာများကို စားသုံးပါ (ဥပမာ - ဆယ်လ်မွန်၊ တူနာနှင့် ပင်လယ်ငါးကြီးများ)
>> ဗီတာမင် C
ကျွနု်ပ်တို့ အရေပြားအပေါ်ယံလွှာနဲ့ အတွင်းလွှာတွေမှာ ဗီတာမင် C ဓာတ်မြင့်မားစွာရှိပါတယ်။ ဗီတာမင် C ရဲ့ ကင်ဆာတိုက်ဖျက်နိုင်တဲ့ အင်တီအောက်ဆီးဒင့်အစွမ်းနဲ့ ကိုလာဂျင် ထုတ်လုပ်မှုမှာအရေးပါမှုတွေကြောင့် အရေပြားကျန်းမာရေးမှာ အရေးကြီးတဲ့အခန်းကဏ္႑ကပါဝင်ပါတယ်။ ဒါ့ကြောင့် အသက်အရွယ်အိုမင်းရင့်ရော်မှုကို ကာကွယ်ဖို့အတွက် ထုတ်ထားတဲ့ အလှကုန်တော်တော်များများမှာ ဗီတာမင် C ပါဝင်ရခြင်းဖြစ်ပါတယ်။
ဗီတာမင် C ဟာ ဆဲလ်တွေပျက်စီးခြင်းကိုလျော့ကျစေပြီး အနာကျက်မြန်စေတဲ့အတွက် ဗီတာမင် C သောက်သုံးခြငး်က နေကာခရင်တွေလိမ်းခြင်းရဲ့အကျိုးကျေးဇူးတွေကို ပိုကောင်းစေပါတယ်။ ဒါ့အပြင် ဗီတာမင် C က ကိုလာဂျင်ထုတ်လုပ်မှုမှာ အဓိကအခန်းကဏ္႑ကပါဝင်တဲ့အတွက် အိုမင်းရင့်ရော်ခြင်းရဲ့လက္ခဏာတွေဖြစ်တဲ့ အရေးအကြောင်းတွေကို ပျောက်စေတဲ့အပြင် ပျက်စီးနေတဲ့အရေပြားတွေကိုလည်း ပြန်လည်ကောင်းမွန်စေနိုင်ပါတယ်။
ဗီတာမင် C က ထုတ်ကုန်တော်တော်များများ၊ အစားအစာတွေထဲမှာ ပါဝင်တဲ့အတွက် ဗီတာမင် C ချို့တဲ့တယ်ဆိုတာကတော့ရှားပါတယ်။ တစ်နေ့ကိုသောက်သုံးသင့်တဲ့ပမာဏကတော့ 1000mg ဖြစ်ပါတယ်။ အကယ်လို့ မိမိနေ့စဉ်စားသုံးနေတဲ့အစားအစာတွေထဲမှာ ဗီတာမင် C လုံလောက်စွာမပါဘူးလို့ထင်ရင် -
- ချဉ်တဲ့သစ်သီးတွေပိုစားပါ (ဥပမာ - လိမေ္မာ်သီး)
- အခြားဗီတာမင် C ရနိုင်တဲ့ သစ်သီးနဲ့ဟင်းသီးဟင်းရွက်တွေစားပါ။ (ဥပမာ - စတော်ဘယ်ရီ၊ မုံညှင်း၊ ဟင်းနုနွယ်)
- လိမေ္မာ်သီးဖျော်ရည်သောက်ပါ။
- ဆရာဝန်ညွှန်ကြားချက်အတိုင်း ဗီတာမင် C ဆေးပြားတွေသောက်ပါ။
-အရေပြားခြောက်သွေ့ခြင်း၊ နီခြင်း၊ အရေးအကြောင်းနဲ့ အသက်ကြီးတဲ့အစက်အပျောက်တွေကို ကုသတဲ့ ဗီတာမင် C ပါဝင်တဲ့အရေပြားကုထုံးတွေကိုရှာဖွေ ကုသနိုင်ပါတယ်။
>> ဗီတာမင် E
ဗီတာမင် C လိုပဲ ဗီတာမင် E ကလည်း အင်တီအောက်ဆီးဒင့်တစ်မျိုးဖြစ်ပြီး သူ့ရဲ့အဓိကလုပ်ဆောင်ချက်ကတော့ နေလောင်ဒဏ်ကြောင့်ပျက်စီးမှုတွေကို ကာကွယ်ပေးပါတယ်။ အရေပြားမှာ လိမ်းထားမယ်ဆိုရင် ဒီ ဗီတာမင် E က နေရောင်ခြည်ကလာတဲ့ အန္တရာယ်ရှိတဲ့ ခရမ်းလွန်ရောင်ခြည်တွေကို စုပ်ယူပေးခြင်းအားဖြင့် အရေပြားပျက်စီးမှုကို အနည်းဆုံးဖြစ်အောင်လျော့ကျစေပါတယ်။ ဒါကြောင့် အမဲစက်နဲ့ အရေးအကြောင်းများမဖြစ်အောင်ကာကွယ်ပေးပါတယ်။
ပုံမှန်အားဖြင့် ခန္ဓာကိုယ်အရေပြားမှာရှိတဲ့အဆီဖုလေးတွေကမှတစ်ဆင့် ဗီတာမင် E ကိုထုတ်လုပ်ပေးပါတယ်။ ဒီ အဆီဖုလေးတွေက အသားအရေကောင်းမွန်စေဖို့နဲ့ မခြောက်အောင်ကာကွယ်ပေးပါတယ်။ အရေပြားအရမ်းခြောက်တယ်ဆိုရင် ဒီအဆီဖုလေးတွေလုံလောက်စွာမရှိလို့ဖြစ်နိုင်ပြီး ဗီတာမင် E က အကူအညီပေးပါလိမ့်မယ်။ အရေပြားရောင်ရမ်းခြင်းတွေကို ကုသဖို့အတွက်လည်း ဗီတာမင် E ကိုအသုံးပြုနိုင်ပါတယ်။
ဗီတာမင် E ကို အရေပြားအတွက်ထုတ်လုပ်ထားတဲ့ထုတ်ကုန်အများအပြားမှာ ထည့်သွင်းပြုလုပ်ထားပေမယ့် ဒီကရတဲ့အစွမ်းက နေရောင်ခြည်ဒဏ်ကို သိပ်ပြီးအကာအကွယ်မပေးနိုင်ပါဘူး။ ဒါကြောင့် နေ့စဉ်စားသုံးတဲ့အစားအစာတွေကနေ ဗီတာမင် E လုံလောက်စွာစားသုံးခြငး်က ပိုကောင်းပါတယ်။ အရွယ်ရောက်ပြီးလူတစ်ယောက်မှာ တစ်နေ့ကို ဗီတာမင် E 15 mg လိုအပ်ပါတယ်။ ဗီတာမင် E လုံလောက်စွာရရှိစေဖို့အတွက် -
- အယ်မွန်သီး၊ သစ်အယ်သီး၊ နေကြာစေ့ စတဲ့ အခွံမာသီးနဲ့ အစေ့တွေပိုစားပါ။
- ဗီတာမင် မျိုးစုံပါဝင်တဲ့အားဆေး (သို့) ဗီတာမင် E ဆေးပြားတွေသောက်ပါ။
- ဗီတာမင် E နဲ့ ဗီတာမင် C နှစ်မျိုးလုံးပါဝင်တဲ့ လိမ်းဆေးတွေလိမ်းပါ။ (ဗီတာမင် နှစ်မျိုးပါဝင်တဲ့လိမ်းဆေးတွေက တစ်မျိုးထဲပါတဲ့ဆေးတွေထက် နေရောင်ခြည်ဒဏ်ကို ပိုပြီးကာကွယ်ပေးနိုင်ပါတယ်။
>> ဗီတာမင် K
အနာတွေကျက်ဖို့၊ သွေးခြည်ဥခြင်းနဲ့ ခွဲစိတ်မှုကြောင့်ထိခိုက်မှုဖြစ်တဲ့နေရာတွေကို ပြန်ကောင်းစေဖို့အတွက်လိုအပ်တဲ့ သွေးခဲခြင်းဖြစ်စဉ်မှာ ဗီတာမင် K က မရှိမဖြစ်အရေးပါပါတယ်။ ဒါ့အပြင် အောက်ပါအရေပြားရောဂါတွေအတွက်လည်း အထောက်အကူပြုပါတယ်။
- အရေပြားအကြောပြတ်ခြင်း
- သွေးကြောများဖြာထွက်နေခြင်း
- အမာရွတ်
- အမဲစက်များ
- မျက်လုံးအောက်မှအမဲကွင်းများ
ဗီတာမင် K ကအရေပြားတွက်ထုတ်ထားတဲ့လိမ်းဆေးတော်တော်များများမှာ ပါဝင်ပြီးတော့ အရေပြားပြသနာအမျိုးမျိုးကို ကုသရာမှာအထောက်အကူဖြစ်စေပါတယ်။ ရောင်ရမ်းခြင်းနဲ့ ညိုမဲစွဲခြင်းများကို ခွဲစိတ်ကုသမှုမလုပ်ခင်မှာ ဆရာဝန်တွေက အနာကျက်မြန်စေဖို့အတွက် ဗီတာမင် K ပါတဲ့လိမ်းဆေးတွေ မကြာခဏလိမ်းပေးဖို့ ညွှန်ကြားတတ်ကြပါတယ်။
အရွယ်ရောက်ပြီးသူတစ်ယောက်က ဗီတာမင် K တစ်နေ့ကို 90-120 ug လိုအပ်ပါတယ်။
ကိုက်လန်၊ ဟင်းနုနွယ်၊ ဆလတ်ရွက်၊ ဂေါ်ဖီထုတ်၊ ပဲစိမ်းစတာတွေစားခြင်းအားဖြင့် ဗီတာမင် K ကြွယ်ဝစွာရရှိစေနိုင်ပါတယ်။
















