ချိုင်းချွေးနံ့ထွက်ခြင်းကို သက်သာစေမယ့် နည်းလမ်းများ
ချိုင်းချွေးနံ့ပြင်းခြင်းကို ဆေးပညာအခေါ်အရ bromhidrosis လို့ခေါ်ပါတယ်။ ချိုင်း နဲ့ ကျားမအင်္ဂါတွေမှာ အထူးချွေးအကျိတ်လေးတွေဖြစ်တဲ့ Apocrine glands လေးတွေရှိပြီး ဒီဂလင်းလေးတွေကြောင့် အနံ့ပြင်းခြင်းဖြစ်ပါတယ်။ ဒီဂလင်းလေးတွေက အရွယ်ရောက်ချိန်မှစပြီး အလုပ်လုပ်တဲ့အတွက် ကလေးဘ၀မှာ ဒါမျိုးပြဿနာတွေကို မကြုံတွေ့ရပါဘူး။ ဒီဂလင်းတွေကထွက်လာတဲ့ အရည်တွေကို ဘက်တီးရီးယားပိုးတွေက ဖြိုခွဲလိုက်တဲ့အခါ အမိုးနီးယားအပါအဝင် ဓာတ်ပစ္စည်းတွေထွက်ပေါ်လာပြီးတော့ အနံ့ဆိုးတွေထွက်လာစေပါတယ်။ ဒီဂလင်းတွေက အမျိုးသားတွေမှာပိုပြီးတက်ကြွတဲ့အတွက် အမျိုးသားတွေမှာ ချိုင်းချွေးနံ့ပိုပြင်းစေပါတယ်။ ဆီးချိုရောဂါ၊ အဝလွန်ခြင်းနဲ့ အရေပြားပြဿနာကဲ့သို့သော ကျန်းမာရေးအခြေအနေတွေကြောင့်လည်း အနံ့ဆိုးထွက်တဲ့ဓာတ်ပေါင်းတွေဖြစ်စေပါတယ်။
ဒီပြဿနာတွေသက်သာစေဖို့ နည်းလမ်းအမျိုးမျိုးရှိပါတယ်။ အန္တရာယ်အကင်းဆုံးနည်းလမ်းတွေကတော့ ပိုးသတ်ဆေးပါတဲ့ ဆပ်ပြာဖြင့်ပွတ်တိုက်ခြင်း၊ ပိုးသတ်ဆေးလိမ်းဆေးများလိမ်းခြင်း၊ အလူမီနီယမ်ကလိုရိုက်ပါသော ချွေးနံ့ပျောက်ဆေးများသုံးခြင်း၊ လျှပ်စစ်ဖြင့်အမွှေးအမျှင်တို့ကို အမြစ်ပြတ်နုတ်ပယ်ခြင်းတို့ ဖြစ်ကြပါတယ်။
အစားအစာကလည်း အရေးကြီးပါတယ်။ ဒါကြောင့် အရက်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတွေကို ရှောင်ကြဉ်ပြီးတော့ အခြေအနေတိုးတက်မှုရှိ/မရှိ ဆန်းစစ်ကြည့်ပါ။
နောက်ထပ်နည်းလမ်းတစ်မျိုးကတော့ 20% aluminium chloride ဆိုတဲ့လိမ်းဆေးပဲဖြစ်ပါတယ်။ ဒီဆေးက ပြင်းတဲ့အတွက် ဆရာဝန်ညွှန်ကြားချက်နဲ့အသုံးပြုသင့်ပြီး အဝတ်အစားတွေမပျက်စီးအောင် သတိထားရပါမယ်။ ချည်မျှင်ထဲကို အနံ့တွေခြောက်ပြီးဝင်နိုင်တဲ့အတွက် အကျႌခဏခဏလဲပေးသင့်ပါတယ်။
ယခုအခါပိုပြီးထိရောက်တဲ့နည်းလမ်းတွေ ရရှိနိုင်ပေမယ့်သေချာတော့လေ့လာထားမှုမရှိသေးပါဘူး။ ဒါတွေကတော့ လေဆာဖြင့် ချိုင်းမှဂလင်းများကိုဖျက်ဆီးခြင်း၊ Botulinum toxin (Botox) ဘိုတောက် ထိုးခြင်းဖြင့် ချွေးဂလင်းတွေရဲ့လုပ်ငန်းကို လှုံ့ဆော်ပေးတဲ့အာရုံကြောကို အလုပ်မလုပ်အောင် လုပ်ခြင်းတို့ဖြစ်ပါတယ်။ အချို့သောလူနာတွေကတော့ အရေပြားရဲ့အတွင်းလွှာထဲက ချွေးဂလင်းတွေ ထွက်လာစေဖို့အတွက် အဆီစုပ်ထုတ်တာမျိုးတွေလုပ်လေ့ရှိပါတယ်။
နောက်ဆုံးနည်းလမ်းတစ်ခုကတော့ ဂလင်းတွေကိုခွဲစိတ်ပြီး ဖယ်ရှားလိုက်ခြင်းပဲဖြစ်ပါတယ်။ ဒီခွဲစိတ်မှုမှာ ဆိုးကျိုးတွေလည်းရှိတယ်ဆိုတာကို သိထားရပါမယ်။ ပထမဆုံးအနေနဲ့ ကုသမှုအောင်မြင်နှုန်းက 30-40% ပဲရှိပါတယ်။ ဒါ့အပြင် ချွေးဂလင်းတွေကို ဖယ်ရှားလိုက်တဲ့အတွက် ခန္ဓာကိုယ်ရဲ့အခြားနေရာတွေ ကနေ ချွေးတွေပိုထွက်လာစေပါတယ်။ ချိုင်းချွေးနံ့ပြင်းခြင်းက လူကြားထဲမှာရှက်စရာပြဿနာတစ်ခုဖြစ်တဲ့အတွက် ဆရာဝန်နဲ့သေချာတိုင်ပင်ပြီး သင့်တော်တဲ့နည်းလမ်းကိုရွေးချယ်နိုင်ပါတယ်။
Dr.Mya Mya Myo Swe (www.drmyanmar.com)