/
news/အလှအပနှင့်ကျန်းမာရေး/၀င်းပစိုပြေသော-အသားအရေပိုင်ဆိုင်လိုသူများအတွက်-နည်းလမ်း၉မျိုး

၀င်းပစိုပြေသော အသားအရေပိုင်ဆိုင်လိုသူများအတွက် နည်းလမ်း(၉)မျိုး

Category
အလှအပနှင့်ကျန်းမာရေး

          ကြည်လင်လှပသော အသားအရေနှင့်နေ့စဉ်လုပ်နေကျ အပြုအမူများမှာဆက်စပ်မှုရှိပါတယ်။ ဒါကြောင့် အသား အရေ၀င်းပစိုပြေလိုသူတိုင်း လိုက်နာသင့်တဲ့ နည်းလမ်းများကို ေ၀မျှပေးလိုက်ပါတယ်။

၁။ မျက်နှာကိုရေအေးပတ်ဖြန်းပေးပါ။

          မျက်နှာကိုရေအေးဖြင့် ပတ်ဖြန်းပေးတာကြောင့် သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး တောက်ပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ပါတယ်။ အထူးသဖြင့် နွေရာသီပူအိုက်တဲ့ ရာသီမျိုးမှာရေအေးဖြင့် မျက်နှာကို ခဏခဏဖြန်းပေးတာကြောင့် ရေဓာတ်ကို ထိန်းသိမ်းထားနိုင်မှာဖြစ်ပါတယ်။

၂။ အနားယူပါ

          အလွန်ရိုးရှင်းသော နည်းလမ်းဖြစ်ပေမယ့် လိုက်နာသူနည်းပါးသောနည်းလမ်းလည်းဖြစ်ပါတယ်။ ဟန်းဖုန်း၊ တီဗွီ၊ ကွန်ပျူတာစတာတွေနဲ့ ေ၀းေ၀းမှာနေပြီး တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာတစ်ခုမှာအနားယူလိုက်ပါ။ မကြာခင်မှာ ကျန်းမာလှပတဲ့အသားအရေကိုပိုင်ဆိုင်ဖို့ အထောက်အကူဖြစ်စေပါလိမ့်မယ်။

၃။ အာဟာရပြည့်၀အောင် စားသုံးပါ

          အရေပြားကျန်းမာရေးကိုအထောက်အကူပြုတဲ့ ထောပတ်သီး၊ ခရမ်းချဉ်သီး၊ ချယ်ရီသီး၊ ဗာဒံစေ့၊ ရေနွေးကြမ်းစတာတွေကို မှီ၀ဲတာကြောင့် အပြစ်ကင်းသော အရေပြားကိုပိုင်ဆိုင်နိုင်ရုံသာမက ကျန်းမာသော ကိုယ်အလေးချိန်ကိုလည်းထိန်းထားနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်အလေးချိန်ကျချင်လို့ အစာမစားဘဲနေတာမျိုး မပြုလုပ်သင့်ပါဘူး။ အသားအရေကို ပိုပြီးညစ်နွမ်းစေလို့ပါပဲ။

၄။ အရေအပြားကိုပုံမှန်ဂရုစိုက်ပါ။ ကြေး(ဂျီး)ချွတ်ပါ

          သန့်စင်ခြင်း၊ အစိုဓာတ်ထိန်းခြင်း၊ ကြေး(ဂျီး)ချွတ်ခြင်းတို့ကို အချိန်ပေးပြီးပုံမှန်လုပ်ဆောင်ပေးပါ။ ဒါ့အပြင် အရေပြားပေါ်ကို လက်သည်းနဲ့ကုတ်ဖဲ့ခြင်း၊ အတင်းပွတ်တိုက်ခြင်းစတာတွေကိုရှောင်ရှားပါ။ အရေပြားကိုထိခိုက်မခံတဲ့ ပစ္စည်းတစ်ခုလိုချစ်ခင်တန်ဖိုးထားပါ။

          အရေပြားကို တစ်လတစ်ကြိမ်လောက် ပုံမှန်ကြေး(ဂျီး)ချွတ်ပေးပါ။ ကြေး(ဂျီး)ချွတ်ပေးတာကြောင့် အရေပြား ဆဲလ်သေတွေကို ကွာကျစေသလိုပွတ်သတ်ပေးတာကြောင့် သွေးလှည့်ပတ်မှုကောင်းမွန်စေပြီး ကျန်းမာသော အသားအရေကို ပိုင်ဆိုင်စေမှာဖြစ်ပါတယ်။ ကြေး(ဂျီး)ချွတ်ပြီးချိန်မှာ အစိုဓာတ်ထိန်းခရင်မ်ကို ချက်ချင်းလိမ်းပေးဖို့ လိုအပ်ပါတယ်။

၅။ ကောင်းစွာအိပ်စက်အနားယူပါ

          အိပ်ရေး၀အောင်အိပ်ပါ။ အိပ်ပျော်နေစဉ်အတောအတွင်းမှာ ခန္ဓာကိုယ်ဟာအရေပြားရဲ့ လိုအပ်ချက်များကို အလိုလိုပြုပြင်နေတတ်ပါတယ်။ အရေပြားကို ပြုပြင်ပေးတဲ့အကောင်းဆုံး အချိန်ကတော့ ည ၁၀ နာရီမှ မနက် ၈ နာရီထိ ဖြစ်ပါတယ်။ ကောင်းကောင်းအိပ်စက်တာကြောင့် စွမ်းအင်ပြည့်၀စေပြီး သွေးလည်ပတ်မှုကောင်းမွန်စေကာ အရေပြား ညစ်နွမ်းခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

၆။ ပျားရည်ဖြင့်ပြုလုပ်ထားသောမျက်နှာပေါင်းတင်လွှာအသုံးပြုပါ

          ပျားရည်အနည်းငယ်ကိုယူပြီး မျက်နှာပေါ်မှာသုတ်လိမ်းပြီး ၁၅ မိနစ်ကြာလျှင် ရေဖြင့်ဆေးချလိုက်ပါ။ အသား အရေနူးညံ့စိုပြေပြီး ကြည့်ကောင်းလာတာကိုတွေ့ရပါလိမ့်မယ်။

၇။ ဖောင်ဒေးရှင်းမိတ်ကပ်ကိုခပ်ပါးပါးလေးလိမ်းပါ

          ဖောင်ဒေးရှင်းမိတ်ကပ်ကို ရွေးချယ်မယ်ဆိုပါက ကိုယ့်အသားအရေနှင့်အလိုက်ဖက်ဆုံး အရောင်ကိုရွေးချယ် ၀ယ်ယူပါ။ ဖောင်ဒေးရှင်းကို ခပ်ထူထူလိမ်းတာကြောင့် အိုမင်းတဲ့အသွင်သဏ္႑ာန် ဖြစ်စေပါတယ်။

၈။ လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ

          သွေးလည်ပတ်မှုကောင်းစေတဲ့ လေ့ကျင့်ခန်း၊ ယောဂလေ့ကျင့်ခန်းနှင့် အေရိုးဗစ်လေ့ကျင့်ခန်းတွေကို ပုံမှန် လုပ်ဆောင်ပေးပါ။ နေ့စဉ် လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မပေးနိုင်ဘူးဆိုရင်တော့ ကားမှတ်တိုင်သို့ လမ်းလျှောက်သွားတာ မျိုး၊ ဓာတ်လှေကားအစား လှေကားဖြင့်အတက်အဆင်းလုပ်တာမျိုး၊ အားလပ်ရက်မှာ စက်ဘီးစီးတာမျိုးစတာတွေကို လုပ်ပေးပါ။ လေ့ကျင့်ခန်းလုပ်တာကြောင့် ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်များသန့်စင်သွားပြီး လှပပြီးကျန်းမာတဲ့ အရေပြားကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

၉။ ရေများများသောက်ပါ

          ခြောက်သွေ့မွဲခြောက်တဲ့ အသားအရေက လူကိုအိုမင်းရင့်ရော်တဲ့ပုံ  ပေါက်စေပါတယ်။ ရေဆာတဲ့အချိန် မှာ ရေသောက်တာမျိုးမလုပ်ဘဲ တစ်နေ့ကို ရေဖန်ခွက် ၈ ခွက် (သို့) ရေသန့်ဗူး တစ်ဗူးနဲ့ တစ်၀က် (1500 ml) ပုံမှန်သောက်ပေးသွားရင် သိပ်မကြာခင်မှာ စိုပြေလှပတဲ့ အသားအရေ ပိုင်ရှင်ဖြစ်လာမှာပါ။

Dr. Htet Htet Aung

www.drmyanmar.com