/
news/အလှအပနှင့်ကျန်းမာရေး/jennifer-lopez-ရဲ့-အလှတရားလျှို့၀ှက်ချက်များ

Jennifer Lopez ရဲ့ အလှတရားလျှို့၀ှက်ချက်များ

Category
အလှအပနှင့်ကျန်းမာရေး

        အသက်၄၆နှစ်လို့ဆိုလိုက်လျှင် မည်သူမျှပင်မယုံကြည်နိုင်လောက်အောင်၊ ကလေးနှစ်ယောက်မိခင်လို့ ထင်ရက်စရာမရှိလောက်အောင် အခုထက်ထိတိုင်လှနေဆဲ၊ ဆွဲဆောင်မှုရှိနေဆဲဖြစ်တဲ့ Jennifer Lopez အနေနဲ့ ဘယ်လိုထိန်းသိမ်းစောင့်ရှောက် နေထိုင်စားသောက်ပြီး ဘယ်လို လေ့ကျင့်ခန်းတွေ လုပ်ဆောင်သလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်။

 

1. ကခုန်ခြင်းကိုနှစ်သက်ခြင်း

          J.Lo က Dancer တစ်ယောက် ဖြစ်တဲ့အတွက် ကခုန်ခြင်းကို နှစ်သက်တာကတော့ သူမရဲ့အဆန်းတကြယ် လျှို့၀ှက်ချက်တစ်ခုတော့ မဟုတ်ပါဘူး။ ၂၀၁၄ခုနှစ်လောက်က ပေါင်ချိန် ၁၀ပေါင်ကျသွားရခြင်းဟာ ဟင်းသီးဟင်းရွက်စားသုံးခြင်း၊ နေ့စဉ်ခြောက်နာရီကြာ ကခုန်ခြင်းကြောင့်လို့ ဖော်ပြထားတဲ့အတွက် အကဟာ သူမအတွက် ကိုယ်ခန္ဓာအချိုးကျလှစေဖို့ အထောက်အပံ့ကောင်းတစ်ခုဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ “ကျွန်မအနေနဲ့ ခန္ဓာကိုယ်အချိုးအစားပြေပြစ်ဖို့အတွက် လေ့ကျင့်ခန်းကို ရူးသွပ်စွာလုပ်သူမဟုတ်ပါဘူး။ ဒါပေမယ်ရှိုးပွဲတွေအတွက် ကခုန်နေရခြင်းက ကျွန်မသွယ်လျလှပအချိုးကျနေစေခြင်းရဲ့ လျှို့၀ှက်ချက်တစ်ခုပါ” လို့ ဆိုထားပါတယ်။ 

 

 2. ကျန်းမာရေးနဲ့ညီညွတ်စွာစားသုံးခြင်း 

♦    အစာမစားတာမျိုးမလုပ်ပါနဲ့။

          J.Lo အနေနဲ့ ကျန်းမာရေးနဲ့ညီညွတ်စွာ အမြဲစားသုံးနေသူဖြစ်ပြီး လှချင်လို့ အဆာခံကာ ကိုယ်အလေးချိန်ချတာမျိုးမလုပ်ဖူးပါဘူးလို့ ဆိုထားပါတယ်။

♦     တစ်နေ့မှာ 5 နပ်စားပါ။

          သူမအနေနဲ့ အာဟာရပြည့်မီတဲ့အစာကို အချိန်မှန်စားတယ်။ ကြက်ဆင်သားကင်၊ အရိုးထွင်ထားတဲ့ဆော်လမွန်ငါးပြုတ်၊ မလိုင်ထုတ်ပြီးသားဒိန်ခဲပျော့၊ ပုစွန်ထုပ်၊ ကော်ဖီစတဲ့ အစားအစာတွေကို တစ်နေ့တာမှာ ပါ၀င်အောင်စားသူ ဖြစ်ပါတယ်။ အဓိကအချက်က စားသင့်တဲ့အချိန်မှာ စားသင့်တဲ့အစားအသောက်ကိုသာ စားဖို့ပါပဲ။

♦     လောဘမကြီးပါနဲ့။

          ကာဗိုဟိုက်ဒရိတ်ပါတဲ့ အစားအစာတွေ၊ အသား၊ အမြန်ပြင်အစားအစာ၊ ချောကလတ်ကွတ်ကီးလို အစားအစာမျိုးတွေကလည်း သူမရဲ့အစားအစာစာရင်းမှာ ပါ၀င်ပါတယ်။ ဒါပေမယ့်ကိုယ်ကြိုက်နှစ်သက်တဲ့ အစားအစာဖြစ်လို့စားပေမယ့် လောဘတကြီးနဲ့ အများကြီးတော့ စားလေ့မရှိပါဘူးတဲ့။

♦     ကိုယ့်ကိုကိုယ် ချစ်ပါ။

          မိမိပိုင်ဆိုင်ထားခွင့်ရတဲ့ခန္ဓာကိုယ်ကိုချစ်တတ်တဲ့စိတ်တစ်ခုသာမွေးထားပါ။ ဒီလိုစိတ်ထားမယ်ဆိုရင် ကိုယ့်ခန္ဓာကိုယ်ကို လိုသလိုပုံသွင်းလို့ရနိုင်တယ်လို့ ယုံကြည်ထားသူ ဖြစ်ပါတယ်။

♦     ပရိုတင်းဓာတ်တွေကို မှီ၀ဲပါ။ ရေများများ သောက်ပါ။

          ပရိုတင်းဓာတ်ဟာ အိုမင်းခြင်းကို နှေးကွေးစေပြီး ဆဲလ်သေတွေနေရာမှာ ဆဲလ်အသစ်တွေ လျင်မြန်စွာ၀င်ရောက်စေနိုင်တဲ့အတွက် ပရိုတင်းဓာတ်ရစေမယ့် အသား၊ ပဲပုပ်နဲ့လုပ်ထားတဲ့အစားအစာတွေဟာ သူမရဲ့ အဓိကစားတဲ့အစားအစာဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် အသားအရေကြည်လင်စေဖို့၊ ခန္ဓာကိုယ်တွင်းစင်ကြယ်စေဖို့ ရေသောက်ခြင်းကို မမေ့မလျော့လုပ်ဆောင်သူဖြစ်ပါတယ်။

 

 3. အသားအရေထိန်းသိမ်းခြင်း

          J.Lo ရဲ့ အသားအရေထိန်းသိမ်းပုံကလည်း လွန်စွာရိုးရှင်းတယ်လို့ ဆိုရမှာပါ။ သူမအနေနဲ့ အသားအရေဘယ်လိုထိန်းသိမ်းလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောကြားထားတာက “ကျွန်မအနေနဲ့ အရေပြားဆရာ၀န်နဲ့တိုင်ပင်ပြီး Cleanser သုံးရပါတယ်။ ဘာကြောင့်လဲဆိုတော့ မိတ်ကပ်ကို အမြဲလိမ်းနေရသူဖြစ်တာကြောင့် အမျုးိအစားကောင်းပြီး ကိုယ့်အသားအရေနဲ့ကိုက်ညီတဲ့ Cleanser ကိုသုံးဖို့ လိုအပ်တာကြောင့်ပါ။ Makeup removerကို အပျော့စားသုံးပြီး မိတ်ကပ်လိမ်းတဲ့အခါ Foundation အဖြစ် Sunscreen-moisturizerကိုသုံးပါတယ်။အိပ်ရေး၀၀အိပ်ပါတယ်”လို့ဆိုပါတယ်။

 

 4. လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း

          J.Lo အနေနဲ့Tracy Anderson Method အတိုင်း ကိုယ်ကာယလေ့ကျင့်ခန်းလုပ်လေ့ရှိပြီး ကယ်လိုရီအပို တွေကိုလောင်ကျွမ်းစေဖို့ အကောင်းဆုံးနည်းလမ်းလို့ကျွမ်းကျင်ပညာရှင်တွေက သတ်မှတ်ထားတဲ့ Cardio exercises (စက်ဘီးစီးခြင်း၊ ပြေးခြင်း၊ လက်ေ၀့ှထိုးခြင်း၊ Stair master ဖြင့်လေ့ကျင့်ခန်းလုပ်ခြင်း) ကို နေ့စဉ်လုပ်ဆောင်သူဖြစ်ပါတယ်။ ဒီလိုလေ့ကျင့်ခန်းတွေနဲ့ သူမခန္ဓာကိုယ်လိုက်လျောညီထွေဖြစ်သွားစေဖို့ ထပ်တလဲလဲလုပ်ဆောင်လေ့ရှိတယ်လို့လည်း ဆိုထားပါတယ်။ ကိုယ်အလေးချိန်နဲ့ပတ်သက်ပြီး J.Loရဲ့ ထူးခြားတဲ့ယုံကြည်ချက်ကတော့ သတ်မှတ်ထားတဲ့ ကိုယ်အလေးချိန်ထက် ပိုကျသွားခြင်းဟာ စွမ်းအင်တွေဆုံးရှုံးသွားခြင်းဖြစ်တယ်လို့ ယူဆထားခြင်းပါ။ ကြံ့ခိုင်သန်စွမ်းနေတဲ့ကို်ယ်ဟန်ကသာ လူတစ်ယောက်ကို ပိုကြည့်ကောင်းစေတယ်လို့ ခံယူထားသူဖြစ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းစေတဲ့ လေ့ကျင့်ခန်းတွေကို တစ်ပတ်လျှင် နှစ်ကြိမ် ဒါမှမဟုတ် သုံးကြိမ်ခန့် Trainerရဲ့ ကြီးကြပ်ပေးမှုအောက်မှာ စိတ်ပါ၀င်စားစွာ လိုက်နာဆောင်ရွက်လျက်ရှိသူ တစ်ယောက်ပါ။

          နောက်တစ်ခုထူးခြားချက်ကတော့ အမြွှာလေးနှစ်ယောက်မွေးပြီးနောက်မှာ J.Lo အနေနဲ့ ကျစ်လစ်ပြီး အချိုးအစားကျလှတဲ့ သူမရဲ့ခန္ဓာကိုယ်အချိုးအစားကို မထိန်းထားနိုင်လောက်တော့ဘူးလို့ အာရုံစိုက်နေကြတဲ့ လူအများရဲဲ့ထင်မြင်ချက်ကို ဆန့်ကျင်လိုက်ခြင်းဖြစ်ပါတယ်။ ထိုင်ထလေ့ကျင်းနည်း အမျိုးမျိုးလုပ်ခြင်း၊ တင်သား၊ ပေါင်သားနှင့် ခြေသလုံးသား လေ့ကျင့်ခန်းများလုပ်ခြင်းဖြင့် အဆီပိုတွေကို ကျသွားအောင်လုပ်ဆောင်ခဲ့ပြီး နဂိုမိမိကိုယ်ဟန်အနေအထားအတိုင်းဖြစ်အောင် ကြိုးစားခဲ့ခြင်းကြောင့် ယနေ့ထက်ထိ အလှဘုရင်မဖြစ်နေတယ်လို့ ဆိုရမှာပါ။

        “ မိမိလိုချင်တဲ့ခန္ဓာကိုယ်အချိုးအစားဖြစ်အောင်လုပ်မယ်လို့ စိတ်အားထက်သန်မယ် ဆိုရင် လေ့ကျင့်ခန်းမ (Gym) သွားမှရမယ်ဆိုပြီး ကိုယ့်ကိုယ်ကိုတွန်းအားပေးနေစရာ မလိုဘဲ လေ့ကျင့်ခန်းလုပ်ချင်စိတ်တွေ အလိုအလျောက်ဖြစ်လာမှာပါ” ဆိုတဲ့ သူမရဲ့ထင်မြင်ချက် ကိုလည်း ပြောပြထားပါတယ်။

 

CMS

www.drmyanmar.com