တစ်နှစ်အတွင်း ကိုယ်အလေးချိန် ပေါင် 60 ကျဆင်းသွားအောင် ကြိုးစားနိုင်တဲ့ အဆိုတော်မလေး (သို့) အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ခဲ့သူ Nina
ကျွန်မနာမည်က Nina Osegueda ဖြစ်ပြီး အသက်က 19 နှစ်သာရှိပါသေးတယ်။ အရပ်က 5 ပေခန့် မြင့်မားပြီး အသက်အရွယ်၊ အရပ်အမောင်းနဲ့ မလိုက်ဖက်လောက်အောင် ကိုယ်အလေးချိန်ပေါင်က 180 ခန့်ရှိနေပါတယ်။ အရင်ကဒါကိုအရေးမကြီးဘူးလု့ိယူဆပြီး လျစ်လျူရှူခဲ့ပေမယ့် တစ်နေ့မှာ ကျွန်မချစ်သူက ကျွန်မကို `မင်းကိုယ်အလေးချိန်ကို လျှော့ချနိုင်မယ်ဆိုရင် ပိုကောင်းလိမ့်မယ်´ လို့ ပြောဆိုလာပါတယ်။
ကျွန်မရဲ့ချစ်သူဟာ အရည်ရှည်ရှည် ပိန်ပိန်ပါးပါးနဲ့ ရွှေဝါရောင်ဆံပင်တွေကို ပိုင်ဆိုင်ထားပါတယ်။ ဒီလိုစမတ်ကျတဲ့ချစ်သူဟာ ကျွန်မလိုအရပ်ပုပု,၀၀,တုတ်တုတ် ကောင်မလေးတစ်ယောက်ကို ဘယ်လိုမှချစ်သူတော်ချင်တော့မှာမဟုတ်ပါဘူး။
2003 ခုနှစ်မှာ ကျွန်မဟာ အစားအသောက်တွေကိုလည်း မဆင်မခြင်စားသုံးတတ်ပြီး အကျႌဆိုဒ် 16 လောက်ကို ၀တ်ဆင်ရပါတယ်။ လွယ်လင့်တကူစားသောက်နိုင်တဲ့ အစားအစာတွေ၊ အသားတွေ၊ ခေါက်ဆွဲတွေ၊ ထမင်းတွေ၊ ပေါင်မုန့်တွေနဲ့ ဒိုးနတ်ကိတ်တွေကိုလည်း အမြဲစားသောက်လေ့ရှိပါတယ်။
သက်တူရွယ်တူတခြားမိန်းကလေးတွေ၀တ်ဆင်တဲ့ ချစ်စရာကောင်းတဲ့အကျႌဆိုဒ်သေးလေးတွေကို ၀တ်ဆင်လို့မရတာကြောင့် ဈေး၀ယ်ထွက်ရတာကိုလည်း မုန်းတီးလာပါတယ်။ ကျွန်မဟာကျောင်းမှာ ဘောလုံး ကစားသမားတစ်ယောက်ဖြစ်ပြီး ရေကူးအသင်း၀င်တစ်ယောက်လည်းဖြစ်ပါတယ်။ ဒါတွေကြောင့် တစ်နေ့မှာအနည်းဆုံး 4 ကြိမ်လောက် ဘောလုံးကွင်းတစ်ခုလုံးကို လမ်းပတ်လျှောက်ရပါတယ်။ ကျွန်မရဲ့ ကိုယ်ခန္ဓာအလေးချိန်ကြောင့် သူများတွေထက် ပိုမိုနှေးကွေးနေတာကိုတွေ့လာရပါတယ်။
ဒါ့အပြင် ကျွန်မချစ်သူရဲ့ပြောစကားတွေကို ကြားလိုက်ရတဲ့အချိန်မှာတော့ ကျွန်မဟာ ကိုယ်အလေးချိန် လျှော့ချနိုင်အောင်ကြိုးစားသင့်ပြီဆိုတဲ့ အတွေး၀င်လာပါတယ်။ ဒါပေမဲ့ ဘယ်လိုကြိုးစားရ မလဲတော့ သေချာမသိခဲ့ပါဘူး။
ဒါကြောင့် Online မှာကိုယ်အလေးချိန်လျှော့ချခြင်းနဲ့ပတ်သက်တဲ့ လိုက်နာဆောင်ရွက်ရမယ့် အချက်အလက်တွေကိုရှာဖွေခဲ့ပြီး လက်ရှိစားသောက်နေကျ အစားအသောက်အမျိုးအစားတွေကို ပြောင်းလဲ စားသုံးရပါတော့တယ်။ အဆီအစိမ့်တွေအစား အသီးအရွက်တွေကိုများများစားရပါတယ်။
ဒီလိုနဲ့ 4 လအကြာမှာပေါင် 30 လောက်ကို လျင်မြန်စွာလျှော့ချနိုင်ခဲ့ပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အနေနဲ့ ညတိုင်းဘဲလေးအကကို သီချင်းခွေဖွင့်ပြီးမှန်မှန်လေ့ကျင့်ခဲ့ပါတယ်။ ဘိလပ်ရည်တွေနဲ့ ဖျော်ရည်တွေကို မသောက်မိအောင် ကြိုးစားရှောင်ရင်း အဲဒါတွေအစား ရေနဲ့အချို မပါ၀င်တဲ့ လက်ဖက်ရည်တွေကိုသောက်သုံးရပါတယ်။ စားသောက်တဲ့အစားအစာထဲမှာ အသီးအရွက်ကို 75 ရာခိုင်နှုန်းနဲ့ အသားဓာတ်ကို 25 ရာခိုင်နှုန်းခန့်မျှတစွာ ပါ၀င်အောင်သတိထားစားခဲ့ရပါတယ်။ အစားအစာကို ကိုယ်တိုင်ချက်ပြုတ်တတ်အောင်လည်း လေ့လာသင်ယူခဲ့ပါသေးတယ်။
တစ်နှစ်လောက်ကြာတဲ့အခါမှာ ကျွန်မရဲ့ကိုယ်ခန္ဓာအလေးချိန်ကပေါင် 130 လောက်သာရှိပါတော့တယ်။ ဒါဟာအရင်တစ်ချိန်က ကျွန်မစိတ်ကူးယဉ်ခဲ့ဖူးတဲ့ ကိုယ်အလေးချိန်ပါပဲ။
အရင်တုန်းကဆိုဒ်ကြီးအကျႌတွေသာ အဓိကထားရောင်းတဲ့ဆိုင်တွေကိုသာ သွား၀ယ်ခဲ့ရပြီး အခုတော့ သာမန်အချိုးအစားရှိတဲ့ မိန်းကလေးတွေ၀တ်ဆင်နိုင်တဲ့ အ၀တ်အစားအရောင်းဆိုင်တွေဆီကို ယုံကြည်မှုအပြည့်နဲ့ လျှောက်လှမ်းနိုင်ပါပြီ။ စိတ်ချမ်းသာမှုတွေ အပြည့်အ၀ရရှိခဲ့ပြီး ပိုမိုကျန်းမာပျော်ရွှင်တဲ့ဘ၀ကို လက်၀ယ်ပိုင်ဆိုင်နိုင်ပါပြီ။
နောက်ပြီး ကျွန်မရဲ့ချစ်သူနဲ့လည်းလမ်းခွဲလိုက်ပါတယ်။ 2005 ခုနှစ် တက္ကသိုလ်ပြီးဆုံးချိန်မှာတော့ ကိုယ်အလေးချိန် 125 ပေါင်၀န်းကျင်လောက်နဲ့ အကျႌဆိုဒ်ကို 6 ဒါမှမဟုတ် 8 လောက်သာ ၀တ်ဆင်ရပါတော့တယ်။
အခုဆိုရင် ကျွန်မဟာအသက် 30 အရွယ်သို့ရောက်ရှိနေပြီး Gaithersburg, Maryland မှာနေထိုင်ပါတယ်။ အိမ်ထောင်ရှိအမျိုးသမီးတစ်ယောက်ဘ၀နဲ့ Graphic ဒီဇိုင်နာတစ်ယောက်ဖြစ်လာတဲ့အပြင် A Sound of Thunder တေးဂီတအဖွဲ့ရဲ့ heavy metal အဆိုတော်တစ်ယောက်အဖြစ် လှည့်လည်ဖျော်ဖြေမှုတွေ ပြုလုပ်နေ ပါတယ်။ ကျွန်မရဲ့တရား၀င်နာမည်အရင်းက Balvina Austin ပေမယ့် Nina Osegueda ဆိုတဲ့ နာမည်နဲ့သာလူသိများခဲ့ပါတယ်။
ကျွန်မရဲ့အဓိကကိုယ်အလေးချိန်ထိန်းတဲ့နည်းလမ်းကတော့ ကစီဓာတ်များတဲ့ အစားအစာတွေကိုရှောင်ဖို့ပါပဲ။ ပုံမှန်နေ့တွေမှာဆိုရင် မနက်စာအတွက် ဒေါက်ခွရွက်နဲ့ ကြက်ဥမွှေကြော် 2 လုံးကိုစားသုံးပြီး နေ့လည်စာအတွက် တူနာငါးနဲ့ အသုတ်တစ်ခုခုကို စားသောက်ပါတယ်။ သရေစာအတွက် ဒိန်ခဲအနည်းငယ်၊ ရှာလကာရည်စိမ်ထားတဲ့ အသီးအရွက် ဒါမှမဟုတ် သခွားသီးတွေကိုစားသုံးပြီး ညစာအတွက် အသားဓာတ်တစ်မျိုးမျိုးနဲ့ အသီးအရွက်တွေကိုသာ အမြဲစားသောက်ပါတယ်။
တစ်ခါတစ်လေ လူအများနဲ့စားသောက်ရတဲ့ပွဲတွေ၊ မွေးနေ့တွေကိုဆိုရင်တော့ စားနေကျအစာတွေထက် ပိုမိုစားသောက်မိတဲ့အခါမှာ ကစီဓာတ်တွေကို ပြန်လည်လျှော့ချနိုင်ဖို့အတွက် လေ့ကျင့်ခန်းတွေကိုပုံမှန်ထက် ပိုမိုပြုလုပ်ရပါတယ်။ ကိုယ်အလေးချိန်ကိုဆက်လက်ထိန်းသိမ်းနိုင်အောင် တစ်ပတ်ကို 4 ကြိမ်လောက်အထိ လေ့ကျင့်ခန်းတွေ ပြုလုပ်သွားရပြီးဇွဲရှိဖို့လည်း လိုအပ်ပါသေးတယ်။
အခုဆိုရင် အားအင်အပြည့်နဲ့ စင်မြင့်ပေါ်မှာပြေးလွှားခုန်ပေါက်ရင်း ပရိသတ်တွေကို အားရပါးရဖျော်ဖြေခွင့်ရရှိနေပါပြီ။ ကျွန်မရဲ့ ဘ၀အိပ်မက်တွေကိုအကောင်းဆုံး အကောင်အထည်ဖော်နိုင်အောင် ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေလည်း အခိုင်အမာရှိနေပြီပဲ ဖြစ်ပါတယ်။
CMS
















