ကိုယ်အလေးချိန် 406 ပေါင်ရှိရာမှ 210 ပေါင်လျော့ချနိုင်ခဲ့သော မြေးသုံးယောက်အဘိုး
ကျွန်တော့်နာမည်က Chris Coulter ဖြစ်ပြီး သားနှစ်ယောက်ရဲ့ဖခင်ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အဆီများစွာပါ၀င်တဲ့ အစားအစာတွေကို စားသောက်ခဲ့ပြီး ကိုယ်ကာယလေ့ကျင့်ခန်း တွေလည်းမလုပ်ခဲ့တဲ့အပြင် ဘယ်နေရာကိုသွားသွား ကားနဲ့ပဲအမြဲသွားခဲ့သူပါ။ လမ်းလျှောက်ခြင်းအလေ့အထ လည်းမရှိခဲ့ပါဘူး။ ဒါကြောင့် ကိုယ်အလေးချိန် 406 ပေါင်နဲ့ အလွန်အမင်း၀နေတဲ့သူတစ်ယောက်အဖြစ် အချိန်တွေ ကုန်ဆုံးခဲ့ပြီး အသက် 51 နှစ်ရှိပြီဖြစ်တဲ့ ကျွန်တော့်ရဲ့ခြေထောက်တစ်ဖက်မှာ ဘက်တီးရီးယားပိုး၀င်ပြီး ပြည်တည်တဲ့ေ၀ဒနာကို ခံစားခဲ့ရပါတယ်။ ကိုယ်အလေးချိန်ကိုမလျော့ဘဲ ဒီပုံစံအတိုင်းသာဆက်နေရင် ပြည်တည်နာက ဘယ်တော့မှ ပျောက်ကင်းနိုင်မှာမဟုတ်ဘူးလို့ ဆရာ၀န်ရဲ့အကြံဉာဏ်ပေးမှုကြောင့် မြေးသုံးယောက် ရဲ့အဘိုးဖြစ်တဲ့ ကျွန်တော့်အနေနဲ့ ကိုယ်အလေးချိန်လျော့ချမှုဆိုင်ရာအဖွဲ့အစည်းဖြစ်တဲ့ Slimming World ကိုဆက်သွယ်ခဲ့ပြီး သုံးနှစ်အတွင်းမှာ ကို်ယ်အလေးချိန် 210 ပေါင်ကျသွားပြီး 196 ပေါင်သာရှိတော့တဲ့သူတစ်ယောက်အဖြစ် ဘ၀မှာ ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ပါပြီ။
♦ ပြောင်းလဲခြင်းရဲ့ခြေလှမ်းအစ
ကျွန်တော်နေထိုင်တဲ့ Newcastle မြို့ရဲ့ High Heaton မှာပဲ Slimming World ကိုဆက်သွယ်ပြီး ကတည်းက ကိုယ်အလေးချိန် 56 ပေါင်ကျသွားတဲ့ ကျွန်တော့်မိတ်ဆွေ Lesley လည်းနေထိုင်ပါတယ်။ ကျွန်တော် ကတော့ ဆရာ၀န်ရဲ့တိုက်တွန်းမှုကြောင့်သာ ကိုယ်အလေးချိန်လျော့ချမယ့်အစီအစဉ်ကို စတင်အကောင်အထည် ဖော်ဖြစ်ခဲ့ပါတယ်။ ဒီကိုယ်အလေးချိန်လျော့ချမှုဆိုင်ရာ အစီအစဉ်ကနေ ဘယ်လို အကျိုးသက်ရောက််မှုကို ခံစားရမလဲဆိုတာကို သေသေချာချာမသိခဲ့တာကြောင့် အစပိုင်းမှာ တုန်လှုပ်ခဲ့ပါတယ်။ ပြီးတော့ ယုံကြည်မှုလည်းကင်းမဲ့ခဲ့ပါတယ်။ အကြောင်းရင်းကတော့ ကိုယ်အလေးချိန်လျော့ချမယ်ဆိုရင် အမြဲတမ်း ဆာလောင်မွတ်သိပ်နေရမယ်လို့ ထင်မှတ်ခဲ့တာကြောင့်ပါ။ ဒါပေမယ့် ကျွန်တော်ထင်သလို မဟုတ်ခဲ့ပါဘူး။ ဆာလောင်ခြင်းကိုမခံစားရဘဲ ကိုယ်အလေးချိန်လျော့ချနိုင်ခဲ့ပါတယ်။ ကျွန်တော်ဟာ အစားအစာတွေကို နည်းစနစ်မှန်မှန်နဲ့ အစီအစဉ်တကျ စားသုံးခဲ့ရပြီး၊ ဘယ်တော့မှလည်း ဆာလောင်ခြင်းမရှိခဲ့ပါဘူး။ ဒါကြောင့် ပထမသုံးပတ်အတွင်းမှာ ကိုယ်အလေးချိန် 14 ပေါင်ကျသွားခဲ့ပါတယ်။
♦ အောင်မြင်မှုသရဖူဆောင်းနိုင်သူတစ်ဦး၏ ဘ၀ခရီးလမ်း
အစားအစာတွေကို အစီအစဉ်တကျနဲ့ စားသောက်ခြင်းမရှိစဉ်က အ၀လွန်နေပြီး ကျန်းမာရေးနဲ့ မညီညွတ်ခဲ့ သူတစ်ယောက်ဖြစ်တဲ့ ကျွန်တော်ဟာ အစားအစာပြင်ဆင်ချက်ပြုတ်ရာမှာ အဆီတွေကို မလောင်ကျွမ်းစေတဲ့ ပြည့်၀ဆီဖြစ်တဲ့ အုန်းဆီကို အသုံးပြုမယ့်နေရာမှာ သံလွင်ဆီ၊ နေကြာဆီနဲ့ မြေပဲဆီ ကို ပြောင်းလဲအသုံးပြုပြီး ပြင်ဆင်ချက်ပြုတ်ကာ စားသုံးခဲ့ပါတယ်။ ပြီးတော့ မြေးလေးတွေ ကစားနေကြတာကို ဘေးကနေထိုင်ကြည့်မနေ တော့ဘဲ ကိုယ်တိုင်ပါ၀င်ကစားခဲ့ခြင်းဟာ ကိုယ်လက်လှုပ်ရှားမှုကိုဖြစ်စေပြီး ခါးပတ်လည်ရှိ အဆီပို 30 လက်မ လောက်ကျသွားခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ အရင်ကနဲ့မတူဘဲ ပိုမိုသွက်လက်တက်ကြွလာပြီး တစ်ပတ်မှာ 100 ကီလိုမီတာလောက် စက်ဘီးစီးတဲ့အလေ့အကျင့်ကိုပြုလုပ်ခဲ့ပြီး မိသားစုအပျော်ခရီးထွက်ခဲ့တုန်းက Brecan Beacans မှာရှိတဲ့ အမြင့်ဆုံးတောင်ထိပ်ကို တက်နိုင်ခဲ့တာကြောင့် ကိုယ့်ကိုယ်ကိုတောင် မယုံကြည်နိုင်လောက် အောင်ဖြစ်ခဲ့ ရပါတယ်။ ဘိုးဘိုးက အရမ်း၀တာပဲဆိုတဲ့ ထင်မြင်ချက်ပေးတဲ့မြေးလေးတွေရဲ့ စကားသံတွေကိုလည်း မကြားရတော့ပါဘူး။ အရင်တုန်းကဆိုရင် တီဗွီက ထုတ်လွှင့်ပြသတဲ့အစားအစာချက်ပြုတ်နည်းမှန်သမျှကို မှတ်သားထားပြီး အစားအစာတွေကို ကောင်းမွန်အောင်မွန်းမံပြင်ဆင် ချက်ပြုတ်စားသောက်ရတာကို နှစ်သက်ခဲ့ သူပါ။ ဒါပေမယ့် ကိုယ်အလေးချိန်လျော့ချချိန်ကစပြီး ကိုယ်အလေးချိန်လျော့တဲ့အခါ စားသောက်တဲ့ နည်းစနစ်နဲ့ ကိုက်ညီအောင်အဆီမပါ၀င်တဲ့ အစားအစာတွေအဖြစ် ပြုပြင်စားသောက်ခဲ့တာကြောင့် အလွန်အမင်း၀နေတဲ့ လူတစ်ယောက်အဖြစ်မှ သာမန်ကိုယ်အလေးချိန်အချိုးအစားရှိတဲ့ လူတစ်ယောက်အသွင်သို့ ပြောင်းလဲ သွားခဲ့ပါပြီ။
CMS