တစ်နှစ်အတွင်း 112 ပေါင်လျှော့ချနိုင်ခဲ့တဲ့သူ
ကျွန်မက သူနာပြုတစ်ယောက်အဖြစ် အသက်မွေး၀မ်းကျောင်းပြုနေတဲ့ Amy Cordwell ဖြစ်ပါတယ်။ အခြားသူတွေထက် သာလွန်နေတဲ့ကိုယ်ထည်ကြောင့် ငယ်စဉ်အချိန်ကတည်းက စနောက်လှောင်ပြောင် ကဲ့ရဲ့မှုတွေကြားမှာခေါင်းငုံ့ခံခဲ့ရပြီး ဒီထိုးနှက်မှုတွေက လုပ်ငန်းခွင်စတင်၀င်ရောက်တဲ့အချိန်ထိတောင် အရိပ်တစ်ခုသဖွယ် ကျွန်မရဲ့အနောက်မှထပ်ကြပ်မကွာ တကောက်ကောက်လိုက်ပါနေခဲ့ပါတယ်။ ဒါကြောင့်လည်း ပေါင်ချိန် 280 မှ 112 ပေါင် လျော့ချနိုင်ခဲ့ပေမယ့် စွဲကပ််ကျန်ရစ်ခဲ့တဲ့ စိတ်ကျေ၀ဒနာကို ကုစားခဲ့ရပါသေးတယ်။
ဟန်ဆောင်မျက်နှာဖုံးရဲ့နောက်ကွယ်
လွန်ခဲ့တဲ့ 2 နှစ်ခန့်လောက်က ကိုယ်အလေးချိန်လျော့ချဖြစ်ခဲ့ပါတယ်။ ဒါကလည်း သူငယ်ချင်းတစ်ယောက်ရဲ့လက်ထပ်ပွဲကို သွားပြီးနောက် ဖေ့စ်ဘွခ်စာမျက်နှာပေါ် အမှတ်တရဓာတ်ပုံတွေမှ ကျွန်မရဲ့အကျည်းတန်ပြီး အလွန်တရာ၀ဖိုင့်နေတဲ့ ခန္ဓာကိုယ်ကိုမြင်ပြီးတော့မှ ကိုယ်အလေးချိန် လျော့ချဖို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ကျွန်မအသက် 20 ကျော်သည်အထိ အာဟာရမပြည့်မီတဲ့ အစားအစာတွေဖြစ်တဲ့ အာလူးကြော်၊ ချောကလက်၊ အမြှုပ်ထအချိုရည်ဟာ ကျွန်မအာသာပြင်းပြတဲ့ အစားအသောက်တွေဖြစ်ပြီး ဟင်းသီးဟင်းရွက်ကိုတခါစားရင် လက်တစ်ဆုပ် စာပြည့်အောင်တောင် မစားခဲ့ပါဘူး။ ဒါကြောင့်လည်း ကိုယ်အလေးချိန်က တစ်စတစ်စတိုးလာပြီး သူများရဲ့အမြင်မှာရယ်ချင်စရာကောင်းသူတစ်ယောက် ဖြစ်လာတော့တာပေါ့။ ကျောင်းသူဘ၀မှာ ကျွန်မကိုဖက်တီးမ၊ ဘုတ်ထိုင်းမလို့ခေါ်ဆိုပြီး စနောက်ကြတာတွေကို မနှစ်မြို့ပေမယ့် ကြိတ်မှိတ်သည်းခံခဲ့ကာ သူတို့ကျွန်မကိုလှောင်ပြောင်လိုက်တဲ့အခါ ကျွန်မခံစားလိုက်ရတဲ့ ဆောက်တည်ရာမရဖြစ်သွားတဲ့ခံစားချက်၊ ၀မ်းနည်းမှုတွေကို ဘယ်သူ့ကိုမှဖွင့်ဟပြောဆိုခြင်းမရှိခဲ့ဘဲ မပျော်ရွှင်မှုတွေကို မျိုသိပ်သိမ်းဆည်းရင်း အချိန်တွေကိုကုန်ဆုံးစေခဲ့ပါတယ်။ ကောလိပ်တက်တော့ အတွေးအခေါ်ရင့်ကျက်တဲ့ အတန်းသူအတန်းသာတွေနဲ့ ဆုံဆည်းလိုက်ရသလိုပါပဲ။ ကျွန်မရဲ့ကိုယ်အလေးချိန်နဲ့ ပတ်သက်ပြီးေ၀ဖန်မှုတွေက ကျောင်းတက်တဲ့အချိန်တုန်းကလောက် မပြင်းထန်တော့ပါဘူး။ ဒီလိုကြောင့်လည်း ကျွန်မနှစ်သက်တဲ့အစားအစာတွေကို စားမြဲတိုင်းစားနေခဲ့တာကြောင့် ကောလိပ်တက်နေတဲ့ကာလအတွင်းမှာ ကိုယ်အလေးချိန်က တဟုန်ထိုးတက်လာတော့တာပါပဲ။ ကော်လိပ်တက်ပြီးနောက် သူနာပြုဆရာမအဖြစ် အလုပ်စ၀င်ချိန်မှာ ကျောင်းတက်စဉ်က ထင်မြင်ချက်ပေးကြသလိုမျိုး ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက်အချို့က ကျွန်မကိုဖက်တီးမဆိုတဲ့ အသုံးအနှုန်းမျိုးနဲ့ လူပုံအလယ်မှာကျယ်လောင်စွာ ခေါ်ဆို လိုက်တာဟာ ကျောင်းတုန်းကခံစားခဲ့ရဖူးသလိုခံစားချက်မျိုး စူးနစ်၀င်ရောက်သွားတယ်ဆိုတာကို ဟန်ဆောင်မျက်နှာဖုံးနဲ့ ဖုံးကွယ်လိုက်ရပေမယ့် အရင်တုန်းကထက် ပိုပြီးဆိုးဆိုးဝါးဝါးခံစားခဲ့ရပါတယ်။ ဒီလောက်၀ဖိုင်နေတဲ့ခန္ဓာကိုယ်ကို သွယ်လျလှပတဲ့ ကိုယ်လုံးကိုယ်ပေါက်အသွင်သို့ ပြောင်းလဲချင်စိတ်လဲ ဖြစ်ပေါ်လာပါတော့တယ်။ ဒီလိုဖြစ်လာတဲ့ဆန္ဒကို ကျွန်မသူငယ်ချင်းတစ်ယောက်ရဲ့ မင်္ဂလာပွဲကခိုင်မာစေခဲ့ပါတယ်။ မင်္ဂလာဆောင်သွားပြီးနောက် ဖေ့စ်ဘွခ်စာမျက်နှာပေါ်တက်လာတဲ့ အမှတ်တရဓာတ်ပုံတွေထဲမှာ ကျွန်မပုံကိုကျွန်မမြင်လိုက်ရတဲ့အခိုက်အတန့်မှာ ကိုယ့်ကိုယ်ကို ဘယ်လောက်တောင်၀နေပြီလဲဆိုတဲ့အသိနဲ့ ဒါကြောင့် ကျွန်မကဲ့ရဲ့ရှုံ့ချခြင်းခံရတာဆိုတဲ့ အတွေးကဆက်လက်၀င်ရောက်လာခဲ့ပြီး ကျွန်မပါတဲ့မင်္ဂလာဆောင်မှ အမှတ်တရဓာတ်ပုံမှန်သမျှကို မကြည့်ချင်လောက်အောင်ကို ကိုယ့်ကိုယ်ကိုစိတ်ပျက်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ကိုယ်အလေးချိန်လျော့ချတော့မယ်လို့ ခိုင်မာစွာဆုံးဖြတ်ခဲ့ပါတယ်။
ပွင့်လင်းရိုးသားစွာ ကျင့်ကြံစင်စစ်ကျန်းမာမှုအတွက် အောင်ပွဲခံ
ကိုယ်အလေးချိန်လျော့ချဖို့ သင်တန်းအပ်တဲ့အချိန်မှာ ကျွန်မပေါင်ချိန်က 280 ရှိပါတယ်။ သင်တန်းမှညွှန်ကြားတဲ့ စားသောက်ပုံအတိုင်း ပြောင်းလဲစားသောက်ခဲ့တဲ့အပြင် လေ့ကျင့်ခန်းကိုလည်းပုံမှန် လုပ်ဆောင်ခဲ့ပါတယ်။ အထူးသဖြင့် အရင်ကတခါစားရင် လက်တစ်ဆုပ်စာပမာဏထက် မပိုခဲ့တဲ့ ဟင်းသီးဟင်းရွက်ကို အစာစားချိန်တိုင်း မပါမဖြစ် ပါ၀င်အောင် စားသောက်ခဲ့ပါတယ်။
အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေကို သိပ်မကြိုက်တတ်ပေမယ့်လည်း ကိုယ်အလေးချိန်လျော့ကျဖို့အတွက် စားရတာပဲလို့သဘောထားကာ စိတ်အားတင်းပြီးစားသောက်ခဲ့ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေစားသောက်ဖန်များလာတော့ အရင်ကကျွန်မစားနေကျဖြစ်တဲ့ အာဟာရမပြည့်မီတဲ့စားစရာတွေ တခါတလေစားမိရင်တောင် ခန္ဓာကိုယ်က နှေးကွေးလေးကန်လာသလို ခံစားရပါတယ်။ အချိန် 1 နှစ်တာကာလအတွင်း ကိုယ်အလေးချိန် 112 ပေါင်ကျသွားအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် ကျွန်မမှာစိတ်ကျရောဂါရှိကြောင်း သိရှိခဲ့ရပါတယ်။ ဒါကလည်း ဘယ်သူ့ကိုမှ ပွင့်ပွင့်လင်းလင်းဖွင့်ဟတိုင်ပင်ပြောဆိုခြင်းမရှိဘဲ ကျွန်မ စိတ်အားငယ်၊ သိမ်ငယ်စေတာမှန်သမျှကို မိျုသိပ်ထားခဲ့ခြင်းကြောင့်လို့ ဆိုနိုင်ပါတယ်။ ကျွန်မအခုဆိုရင် အသက် 28 နှစ် ရှိပါပြီ။ ဒီအသက်အရွယ်မတိုင်ခင် ကျွန်မဘ၀ခရီးလမ်းတစ်လျှောက်မှာ ကိုယ်အလေးချိန်ကြောင့် စကားလုံးတွေရဲ့ ထိုးနှက်မှုဒဏ်ကို ခါးသီးစွာကြိတ်မှိတ်ရင်ဆိုင်ခဲ့ရတဲ့အပြင် အဖေရဲ့ပစ်ခွာသွားမှု၊ အဖိုးဆုံးပါးသွားမှု စတဲ့အကြောင်းအရာတွေကြောင့် ပျော်ရွှင်မှုဆိုတာ မရှိသလောက်နည်းခဲ့ပါတယ်။ ဒီလိုစိတ်ထိခိုက်စရာအကြောင်းအရာတွေကို ဖွင့်ဟပြောဆိုခြင်းမရှိဘဲ အရာရာကိုမျိုသိပ်ထားတတ်တဲ့ မပွင့်လင်းတဲ့ကျွန်မရဲ့စိတ်ကြောင့် စိတ်ကျေ၀ဒနာကို ခံစားလိုက်ရတာပါ။ ကျွန်မဘယ်လောက်တောင် စိတ်ထိခိုက်ခဲ့ရသလဲဆိုတာနဲ့ပတ်သက်ပြီး စိတ်ကျရောဂါကိုကုသရတဲ့အခါ ခံစားခဲ့ရသမျှကိုဖွင့်ဟပြောဆိုရတဲ့ အချိန်မှသာ မိသားစုကသိခွင့်ရတာပါ။ ဒါကြောင့် စိတ်ဒဏ်ရာမရလေရအောင် မိမိအတွက်စိတ်ထိခိုက်စရာ တစ်စုံတစ်ရာပေါ်ပေါက်လာပါက ကျွန်မလိုမျိုး မျိုသိပ်ဖုံးကွယ်မထားဘဲ ပွင့်ပွင့်လင်းလင်းပြောဆိုကြပါလို့ တိုက်တွန်းချင်ပါတယ်။ အခုဆိုရင် ကျွန်မကိုယ်အလေးချိန်ကို လက်ရှိလျော့ကျသွားတာထက် ပိုပြီးလျော့ကျသွားစေဖို့ ဆက်လက်ကြိုးစားနေပါတယ်။ ပြီးတော့ နောက်နောင်ဘယ်တော့မှ စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေမယ့်ကိစ္စမှန်သမျှကို မျိုသိပ်မထားတော့ဘူးလို့ ဆုံးဖြတ်လိုက်တဲ့အချိန်ကစပြီး ကျွန်မဟာအမှန်စင်စစ် ကျန်းမာပျော်ရွှင်တဲ့ လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားပြီးလို့ ခံစားသိရှိလိုက်ရပါပြီ။ ဒါကြောင့် ကိုယ်အလေးချိန်များလို့ မိမိကိုယ်ကိုဘ၀င်မကျဖြစ်ပြီး သူများထင်မြင်ချက်ပေးသမျှကိုခံနေမယ့်အစား ဇွဲလုံ့လကြီးစွာနဲ့ ကိုယ်အလေးချိန်လျော့ချခြင်းဖြင့်တုံ့ပြန်ကြပါလို့ ကျွန်မအကြံပြုလိုက်ပါရစေ။