အစာအဆိပ်သင့်ရာကနေစပြီး ကိုယ်အလေးချိန် 99 ပေါင်လျော့ကျသွားသော ဆရာ၀န်လေးတစ်ဦး
ကျွန်တော်က နွေးထွေးတဲ့မိသားစုကိုပို်င်ဆိုင်ထားတဲ့ ဆယ်ကျော်သက်အရွယ် ဆေးကျောင်းသား တစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော့်အမေက ကျွန်တော်တို့အတွက်ကျန်းမာရေးနဲ့ ညီညွတ်စေမယ့် အစားအစာတွေကိုသာ အမြဲချက်ပြုတ်ပေးပါတယ်။ ဒီလိုအမေ့လက်ရာကိုနေ့စဉ်စားပြီး ကျွန်တော့် ကိုယ်အလေးချိန် 264 ပေါင်တိုးလာရတာပါလို့ပြောရင် အမေ့ကိုအပြစ်တင်သလိုဖြစ်သွားမှာပါ။ အမှန်တကယ်တော့ ကျွန်တော့်ကိုယ်တိုင်က အလွန်အစားကြူးသူဖြစ်ပြီး မိသားစု၀င်တွေက ထမင်းတစ်ပန်းကန်ဆို ကျွန်တော်ကနှစ်ပန်ကန် ပြီးတော့အစားအစာတွေကိုဘယ်တော့မှ ချင့်ချိန်စားသောက်ခြင်းမရှိဘဲ စိတ်အလိုလိုက်ပြီးတချိန်လုံးစားနေရမှ စိတ်ကျေနပ်သှုပါ။ ကျွန်တော်အမုန်းဆုံးနဲ့ မလုပ်ချင်ဆုံးအလုပ်တစ်ခုကတော့ လေ့ကျင့်ခန်းလုပ်ခြင်းပါပဲ။ ကျွန်တော်ကြိုက်တဲ့ဘောလုံးကန်တာကိုတောင် တခါတလေမှသာကစားဖြစ်ပါတယ်။ အဆာပြေအစားအစာအဖြစ် အဆီအစိမ့်များတဲ့အစားအစာတွေ စားသုံးခြင်း၊ အချိုရည်တွေသောက်သုံးခြင်းကို ရှောင်ကျဉ်ခဲ့မယ်ဆိုရင်တောင် ဒီလောက်ထိ၀လာမှာ မဟုတ်ပါဘူး။ ဒါ့အပြင်အာလူးကြော်တစ်ခါစားရင် 4 ထုပ်၊ နေ့စဉ်နံနက်တိုင်း နွားနို့ 1 လီတာ သောက်ခဲ့ပြီး ပေါင်မုန့်ထဲမှာ ၀က်ပေါင်ခြောက်တွေ အများကြီးညှပ်စားရတာကိုမှ စွဲလမ်းနှစ်ခြိုက်ခဲ့တာကလည်း အလွန်အမင်း၀လာစေတဲ့ အဓိကအကြောင်းရင်းပဲဖြစ်ပါတယ်။
♦ ပြောင်းလဲမှုရဲ့ခြေလှမ်းအစ
ကျွန်တော်ရဲ့ ခန္ဓာကိုယ်ကလူအများရဲ့ စနောက်စရာဖြစ်ခဲ့ပါတယ်။ အစပိုင်းမှာတုန်းက စိတ်ကသိကအောက်ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ကျွန်တော့်ကိုထိခိုက်နစ်နာမှုမှမရှိတာဆိုပြီး ကိုယ့်ဘာသာကိုယ်ဖြေသိမ့်ခဲ့ပါတယ်။
တကယ်လို့ ကျောင်းကလေ့လာရေးခရီးအတွက် စီစဉ်ပေးတဲ့ ပါရီမြို့ကိုသွားရမယ့်ခရီးစဉ်မှာ ပါ၀င်ခွင့်မရခဲ့ရင်လည်း ကျွန်တော်အခုချိန်မှာဘယ်လောက်ထိတောင် ၀နေလိမ့်မလဲဆိုတဲ့ အတွေးနဲ့တင် ကျောချမ်းမိပါတယ်။ ခရီးစဉ်အတွင်းမှာအစာအဆိပ်သင့်ပြီး ကိုယ်အလေးချိန် 7 ပေါင်ကျသွားခဲ့ပါတယ်။ မရည်ရွယ်ထားဘဲလျော့ကျသွားတဲ့ ကိုယ်အလေးချိန် 7 ပေါင်ဟာ ကျွန်တော်အတွက် နောက်ထပ် ကိုယ်အလေးချိန်တွေလျှော့ချဖို့ နယ်မြေသစ်ဆီကိုကမ်းလင့်ကြိုဆိုလိုက်သလိုပါပဲ။
♦ ရှေ့ဆက်လျှောက်လှမ်းခဲ့တဲ့နေ့ရက်များ
အရင်ကလျစ်လျူရှုပြီး ကျောခိုင်းနှုတ်ဆက်ခဲ့တဲ့ လေ့ကျင့်ခန်းလုပ်တာကို နေ့စဉ်အချိန်ပေးပြီး လုပ်ခဲ့ပါတယ်။ အစားအသောက်ကိုလည်း အရင်စားနေကျထက် တစ်၀က်လောက်လျော့ချပြီး စားသုံးခဲ့တာကြောင့် 2 နှစ်အတွင်းမှာ 99 ပေါင်ကျသွားခဲ့ပါတယ်။
အခုဆိုရင် ကျွန်တော့်ကိုယ်အလေးချိန်ကိုထိန်းလာနိုင်တာ7 နှစ်နီးပါးရှိပါပြီ။ ကိုယ်အလေးချိန်လျော့ကျ သွားပြီးနောက်ပိုင်းမှာလည်း လေ့ကျင့်ခန်းလုပ်ခြင်းကိုဇွဲမလျော့ဘဲ ဆက်လက်လုပ်ဆောင်ခဲ့တာကြောင့် ကိုယ်အလေးချိန်တိုးလာခြင်းမှ ဟန့်တားနိုင်တာဖြစ်ပါတယ်။
♦ ၀ိတ်လျှော့လိုသူများသို့
ကျွန်တော် ဆေးပညာကို 7 နှစ်ကြာသင်ယူပြီးနောက်ပိုင်းမှာတော့ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါတွေကို ဖြစ်စေတဲ့ အဓိကတရားခံက အ၀လွန်ခြင်းဆိုတာကိုသိရှိခဲ့ရပြီး၊ ဆရာ၀န်တစ်ယောက်အနေနဲ့ ကိုယ်အလေးချိန်လျော့ချလိုသူတွေကို ကိုယ်တိုင်ခံစားတွေကြုံခဲ့ရတဲ့ ဘ၀အတွေ့အကြုံလေးနဲ့အတူ အသိပညာဖြန့်ေ၀ခွင့်ရတဲ့အတွက်လည်း ၀မ်းသာမိပါတယ်။ အလွန်အမင်း၀ပြီး ကိုယ့်ကိုယ်ကိုစိတ်အလိုမကျဖြစ်နေတဲ့သူတွေအတွက် ကျွန်တော်စကားလက်ဆောင်လေး ပါးလိုက်ချင်တာကတော့ “ကိုယ်အလေးချိန်လျော့ချမယ်ဆိုတဲ့ စိတ်အားထက်သန်မှုသာရှိမယ်ဆိုရင် မျှော်လင့်တောင့်တနေတာတွေကို အသေအချာပိုင်ဆိုင်နိုင်မှာပါ။ ပြီးတော့ မိမိကိုယ်မိမိယှဉ်ပြိုင်ဖို့၊ ကတိတည်ဖို့လည်းလိုအပ်ပါတယ်။ ဒီတစ်ပတ်အတွင်းမှာ ကိုယ်အလေးချိန်ဘယ်လောက်လျော့ကျသွားအောင် စွမ်းဆောင်နိုင်လဲ၊ နောက်လာမယ့် အပတ်တွေမှာရော ဘယ်လောက်လျော့ကျရမယ်ဆိုတဲ့ ရည်ရွယ်ချက်ထားပြီး နေ့စဉ်မပြတ်ကြိုးစားသွားရင် အချိန်တိုအတွင်းအောင်မြင်မှုတွေကို မလွဲဧကန်ဆွတ်ခူးနိုင်မှာပါလို့ အလေးအနက်ပြောလိုပါတယ်။”
Mg Hlaing Thwin
















