/
news/အောင်မြင်စွာ-၀ိတ်ချ-နိုင်သူများ/2-နှစ်တာကာလအတွင်းကိုယ်အလေးချိန်-405-ပေါင်မှ-225

2 နှစ်တာကာလအတွင်းကိုယ်အလေးချိန် 405 ပေါင်မှ 225 ပေါင်ကျသွားအောင် စွမ်းဆောင်နိုင်ခဲ့သူ

Category
အောင်မြင်စွာ ၀ိတ်ချ နိုင်သူများ

        ကျွန်တော့်နာမည်က Tevante Clark ဖြစ်ပြီးအသက်က 23 နှစ်ရှိပါပြီ။ အရပ် 5 ပေ 7 လက်မမြင့်ပြီး အလွန်အမင်း၀နေသူတစ်ဦးဖြစ်တာကြောင့် သူငယ်ချင်းတွေရဲ့ရှောင်ဖယ်ခြင်း၊ အေးတိအေးစက်ပြုမူ ဆက်ဆံခြင်းတွေကို အထက်တန်းကျောင်းသားဘ၀ကနေ ကောလိပ်တက်ချိန်အထိ ရင်ဆိုင်ခဲ့ရသူတစ်ဦးဖြစ်ခဲ့ပါတယ်။ ဒါ့အပြင်အများတကာရဲ့ လှောင်ပြောင်သရော်ကြတဲ့ ဟားတိုက်ရယ်မောသံတွေနဲ့ ခွဲခြားဆက်ဆံမှုတွေကြောင့် မိမိကိုယ်ကိုအဆုံးစီရင်လိုစိတ်တောင် ဖြစ်ခဲ့ဖူးပြီးအရာရာကို အရှုံးပေးလိုစိတ်တွေနဲ့ နေ့စဉ်နဲ့အမျှ ရှင်သန်နေထိုင်ခဲ့သူတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်ယခုအချိန်မှာတော့ ကျွန်တော့်အနေနဲ့ ကိုယ်အလေးချိန် 225 ပေါင်ကျသွားပြီး ကျန်းမာပျော်ရွှင်စွာနဲ့ နေ့သစ်တွေတိုင်းကို လျှောက်လှမ်းနိုင်ပါပြီ။

 

လူအများရဲ့ ဖယ်ကျဉ်ခြင်းခံခဲ့ရတဲ့ ဘ၀

        ကျွန်တော်ဟာငယ်စဉ်ကတည်းက အာဟာရမမြောက်တဲ့အစာတွေဖြစ်တဲ့ ကိတ်မုန့်၊ ကွတ်ကီး၊ ဆိုဒါနဲ့အာလူးချောင်းကြော်တွေကို မစားရရင်မနေနိုင်လောက်အောင် စွဲလမ်းနှစ်ခြိုက်ခဲ့တာရယ်၊ အသက်ဆယ်နှစ်၊ ဆယ့်တစ်နှစ်လောက်အချိန်ကတည်းက ကိုယ်အလေးချိန်မလျော့ချခဲ့တာရယ်ကြောင့် အသက် 19 နှစ်အရွယ်မှာ ကိုယ်အလေးချိန် 405 ပေါင်ရှိတဲ့ လူ၀ကြီးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ အထက်တန်းကျောင်းသားဘ၀တုန်းက သူငယ်ချင်းတွေရဲ့ ခပ်ခွာခွာခပ်စိမ်းစိမ်းပြုမူဆက်ခံခြင်းကို ခံစားခဲ့ရပြီး ကောလိပ်တက်တဲ့အချိန်မှာလည်း ဘယ်သူမှကျွန်တော့်ကို အပေါင်းအသင်းမလုပ်ချင်ကြတော့ပါဘူး။ ဒါတွေဟာ ကိုယ်အလေးချိန်ကြောင့်ဖြစ်ရတာပဲဟု ကိုယ့်ကိုယ်ကိုအပြစ်တင်ပြီး သက်သေဖို့အထိစဉ်းစားခဲ့ပေမယ့် ကျွန်တော့်မေမေကို မထားခဲ့နိုင်တဲ့စိတ်က ကျွန်တော့်ကိုကယ်တင်ပေးလိုက်တာပါပဲ။

 

ခွဲစိတ်မလား၊ သဘာ၀အတိုင်း လျှော့မလား

        ကျွန်တော့်အနေနဲ့ အသက်ဆက်ရှင်နေမယ်ဆိုလည်း ဒီကိုယ်အလေးချိန်နဲ့ ရှေ့ဆက်လျှောက်လှမ်းလို့ မဖြစ်ဘူးဆိုတဲ့ စိတ်တွေကိန်းအောင်းလာခဲ့တာကြောင့် ခွဲစိတ်မှုနည်းနဲ့ ကိုယ်အလေးချိန်အမြန်ဆုံး လျော့ကျအောင် လုပ်မယ်လို့ စဉ်းစားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့်မေမေက ခွဲစိတ်မှုထက်သဘာ၀နည်းနဲ့သာ ကိုယ်အလေးချိန်လျော့ချခြင်းကို ပိုလိုလားတာကြောင့် ကိုယ်အလေးချိန်လျော့ချတဲ့ အစီအစဉ်တစ်ခုမှာ အပ်နှံဖို့တိုက်တွန်းခဲ့ပြီး တကယ်လို့သူမအားပေးတဲ့နည်းလမ်း မအောင်မြင်မှသာ ခွဲစိတ်မှုပြုလုပ်ဖို့ အကြံပြုခဲ့ပါတယ်။ ကျွန်တော့်ရဲ့ စိတ်အားထက်သန်မှုကို စွန့်လွှတ်ရမှာ၀န်လေးတဲ့ ကျွန်တော့်အနေနဲ့ မေမေဖြစ်စေချင်တဲ့ဆန္ဒကို လိုက်လျောပြီး ကိုယ်အလေးချိန်အတန်အသင့် လျော့ကျအောင် ပြုလုပ်ကာခွဲစိတ်နည်းနဲ့ ကိုယ်အလေးချိန် လျော့ချနည်းကို အကောင်အထည်ဖော်ဖို့ ရည်ရွယ်ချက်ထားရှိခဲ့ပါတယ်။

 

အောင်မြင်မှုပန်းတိုင်ဆီလှမ်းပြီ

        ကိုယ်အလေးချိန်ချခြင်းလုပ်ငန်းစဉ်စပြီး 3 လအကြာမှာပေါင် 40 ကျသွားခဲ့ပြီး ခွဲစိတ်နည်းကို အသုံးပြုချင်တဲ့စိတ်တွေလည်း တဖြည်းဖြည်းပျက်သုန်းသွားခဲ့ပါတယ်။ ၀ိတ်စချချခြင်းမှာ အစားအသောက်တွေလျော့စားခဲ့ပြီး အပြေးလေ့ကျင့်စက်နဲ့ လေ့ကျင့်ခဲ့တာကြောင့် ပထမအပတ်အတွင်းမှာ 7 ပေါင်ကျသွားခဲ့ပါတယ်။ ဒီလောက်ပမာဏဟာ ကျွန်တော့်အတွက် အကြီးကျယ် ဆုံးပြောင်းလဲမှုဖြစ်ပြီး ရှေ့ဆက်လျှောက်လှမ်းဖို့အတွက် အားအင်တစ်ခုဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ နေ့စဉ် မိနစ် 50 လောက်ပြေးစက်နဲ့ အပြေးလေ့ကျင့်ခဲ့ပြီး အရင်ကစားသုံးခဲ့တဲ့ ငန်လွန်း၊ ချိုလွန်းသော အစားအစာတွေနေရာမှာ ကောက်နှံတစ်ခုလုံးပါ၀င်တဲ့ အစားအစာ (အုတ်ဂျုံမှုန့်၊ ကွေကာအုတ်)၊ အဆီနည်းအသားနဲ့ အသီးအရွက်တွေကို ပြောင်းလဲစားသောက်ခဲ့ပါတယ်။ နေ့စဉ်ဘ၀နေထိုင်မှု ပုံစံကို ပြောင်းလဲခဲ့တာကြောင့် တစ်နှစ်ခွဲအကြာမှာ ကိုယ်အလေးချိန် 125 ပေါင် ကျသွားခဲ့ပါတယ်။ ဒါပေမယ့် ဒီလောက်နဲ့ရပ်တန့်မနေဘဲ ဆက်လက်ကြိုးစားခဲ့တာကြောင့် စုစုပေါင်းနှစ်နှစ်အတွင်းမှာ ကိုယ်အလေးချိန် 225 ပေါင်ကျသွားခဲ့ပါတယ်။ ဒီလိုစွမ်းဆောင်နိုင်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုချီးကျူးမိတဲ့အပြင် သဘာ၀အတိုင်း ကိုယ်အလေးချိန်လျော့ကျစေတဲ့နည်းလမ်းကိုသာ ရွေးချယ်ဖု့ိတိုက်တွန်းခဲ့တဲ့ မေမေ့ကိုလည်းကျေးဇူးတင်မိပါတယ်။

 

စိတ်ဓာတ်နှင့် ဇွဲကသာအဓိကဖြစ်

        ကိုယ်အလေးချိန်တွေကျသွားပြီးနောက်မှာ ကြွက်သားများသန်မာအားကောင်းစေဖို့ နေ့စဉ်အချိန်ပေးပြီး ကိုယ်ကာယလေ့ကျင့်ခန်းတွေ ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့အခုဆိုရင် ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေရှိလာပြီး အရင်ကလက်လွတ်ဆုံးရှုံးခဲ့ရတဲ့ ပျော်ရွှင်မှုတွေကို အပြည့်အ၀ခံစားနိုင်ပါပြီ။ စိတ်ဆုံးဖြတ်ချက်ချပြီးရင် လိုရာပန်းတိုင်ကို အရောက်သွားတတ်တဲ့ စိတ်ဓာတ်နဲ့ မဆုတ်မနစ်သောဇွဲနဲ့ ကြိုးစားမှုတို့ကြောင့် တချိန်ကလဲပြိုခဲ့တဲ့ စိတ်ဓာတ်တွေကို ပြန်လည်တည့်မတ်ပေးနိုင်ခဲ့တဲ့အပြင် ဖြစ်ချင်တဲ့ဆန္ဒနဲ့ လက်၀ယ်ပိုင်ဆိုင်ရတဲ့ဘ၀ဟာ ထပ်တူကျနိုင်ခဲ့ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်များနေသူတွေအနေနဲ့ မိမိကိုယ်မိမိစိတ်အလိုမကျခြင်းများနဲ့သာ အချိန်ကုန်ဆုံးမခံဘဲ တချိန်ချိန်မှာကိုယ်အလေးချိန်ကျသွားရမယ်ဆိုတဲ့ ယုံကြည်ချက်ထားပြီး နေ့ရက်တိုင်းကို ကြိုးစားမှုတွေနဲ့အတူ ဖြတ်သန်းကြပါလို့ ကျွန်တော်အကြံပြုလိုက်ပါရစေ။

 

 

CMS

www.drmyanmar.com