ကလေးချီပိုးသည့်အသိုင်းသုံးသောအခါ ဂရုပြုသင့်သော အချက်များ
မွေးဖွားပြီးလပိုင်းအတွင်းမှာ ကလေးငယ်ရဲ့ လည်ပင်းကြွက်သားတွေဟာ ပျော့ပြောင်းပြီး ဦးခေါင်းဟာမခိုင်သေးပါဘူး။ ဒါကြောင့် ဒီလိုအရွယ်ငယ်ငယ် ကလေးလေးတွေ အထူးသဖြင့် 4 လ အောက်ကလေးငယ်လေးတွေကို ချီပိုးရန်အတွက် အသိုင်းသုံးတဲ့အခါ အထူးဂရုပြုသင့်ပါတယ်။
ကလေးရဲ့ ပါးစပ်၊ နှာခေါင်းကိုသိုင်းကြိုးနဲ့ဖြစ်စေ လူကြီးရဲ့ခန္ဓာကိုယ်နဲ့ဖြစ်စေ ဖိမိတဲ့အခါ ကလေးအသက်ရှူကျပ်တာမျိုးတွေနဲ့ ကြုံတွေ့ရတတ်ပါတယ်။ နောက်တစ်ချက်က ပေါင်မပြည့်လမစေ့ဘဲမွေးလာတဲ့ ကလေးဖြစ်နေမယ်၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတစ်ခုခု ဥပမာ- အအေးမိနေမယ်ဆိုရင် ဆရာ၀န်ဆီကခွင့်ပြုချက်ရမှသာ ချီပိုးမယ့်အသိုင်းကိုအသုံးပြုသင့်ပါတယ်။
ကလေးချီပိုးမယ့် အသိုင်းအသုံးပြုဖို့ ရည်ရွယ်ထားသူမိဘများအနေနဲ့ အောက်ဖော်ပြပါအချက်တွေကို လိုက်နာဆောင်ရွက်သင့်ပါတယ်။
- မိမိကလေးကိုယ်အလေးချိန်နဲ့ သင့်လျော်မယ့်အသိုင်းကို၀ယ်ယူပါ။
- အသိုင်းကကလေးမျက်နှာကိုဖုံးအုပ်နေတာမျိုးမဖြစ်သင့်ပါဘူး။
- အသိုင်းနဲ့ချီထားစဉ် နို့တိုက်ကျွေးမယ်ဆိုပါကလည်းကလေးမျက်နှာကို အသိုင်းအ၀တ်စနဲ့ဖုံးကွယ်မနေစေ သင့်ပါဘူး။
- ကလေးကိုအသိုင်းနဲ့ချီထားလျက် ပစ္စည်းကောက်ယူမယ်ဆိုပါက ဒူးခေါင်းကွေးညွတ်ထိုင်ပြီးမှ ကောက်ယူပါ။ ခါးကိုင်း၍မကောက်ယူသင့်ပါ။
- အသိုင်းထဲရှိကလေးအနေအထား မှန်/မမှန် မကြာခဏကြည့်ပါ။
- အသိုင်းမှ ချုပ်ရိုးချုပ်သားတွေ ပြုတ်နေပြီလား၊ ပြဲရာလေးတွေထွက်ပေါ်စပြုနေပြီလားဆိုတာ သေချာစစ်ဆေးပြီး အသစ်တစ်ခုလဲလှယ်တာ ဒါမှမဟုတ် ခိုင်ခံ့အောင်ပြန်လည်ချုပ်တာတို့ လုပ်ဆောင်သင့်ပါတယ်။
Cho Thet (www.drmyanmar.com)
















