ဖြည့်စွက်စာစကျွေးချိန်မှာ ကိုယ်ခံစွမ်းအားကောင်းမွန်နေစေဖို့…
ဘေဘီလေးတွေဟာ မွေးခါစမှာ ကိုယ်ခံအားစနစ်ဟာ ကောင်းစွာမဖွံ့ဖြိုးသေးတာကြောင့် ရောဂါပိုးကူးစက်လွယ်၊ မကြာခဏ ဖျားနာလွယ်တတ်ကြပါတယ်။ ဒါပေမယ့် အသက်ကြီးလာတာနဲ့အမျှ ကိုယ်ခံအားစနစ်ဟာလည်း ပိုမိုဖွံ့ဖြိုးလာပါတယ်။ ငယ်ငယ်က မိခင်နို့ကနေရရှိတဲ့ ပဋိဇီဝပစ္စည်းတွေကြောင့် ကိုယ်ခံစွမ်းအား ကောင်းမွန်နေပေမယ့် ခန္ဓာကိုယ်ဖွံ့ဖြိုးလာတဲ့အခါ လိုက်ပါဖွံ့ဖြိုးလာတဲ့ ကိုယ်ခံအားစနစ်ကို အာဟာရနဲ့ ကူညီထောက်ပံ့ပေးဖို့ လိုအပ်လာပါတယ်။ ဒါကြောင့် ဖြည့်စွက်စာစကျွေးချိန်မှာ ဗီတာမင်နဲ့သတ္တုဓာတ် အမျိုးအစားစုံလင်အောင် ကျွေးပေးဖို့ အရေးကြီးပါတယ်။ ဥပမာအားဖြင့်ပြောရရင်…..
♦ ဗီတာမင်ဒီရဖို့အတွက် တူနာငါး၊ ဆယ်လ်မွန်ငါး၊ ငါးကြီးဆီ၊ ကြက်ဥအနှစ်၊ မှို စတာတွေကို ကျွေးပေးပါ။
♦ သံဓာတ်ရရှိဖို့အတွက် အမဲသား၊ တူနာငါး၊ ကန်စွန်းဥ၊ ထောပတ်သီး စတာတွေကို ကျွေးပေးပါ။
♦ ဇင့်ဓာတ်ရရှိဖို့အတွက် ဇင့်ဖြည့်စွက်ထားတဲ့ အစေ့အဆံများ၊ ပဲအမျိုးမျိုး၊ ငါး စတာတွေကို ကျွေးပေးပါ။
ဒါတွေအပြင် ဗီတာမင်နဲ့သတ္တုဓာတ်တွေ ပြည့်စုံမျှတစွာပါဝင်တဲ့ ဖွံ့ဖြိုးစကလေးဖော်စပ်စာ ဖော်မြူလာနို့ကို တိုက်ကျွေးပေးခြင်းဖြင့်လည်း ကိုယ်ခံစွမ်းအားကို ကောင်းမွန်စေပါတယ်။ နောက်ထပ်မှတ်ထားသင့်တာကတော့ ကိုယ်ခံအားစနစ် တည်ဆောက်မှုအတွက် အာဟာရဓာတ်တွေက အရေးကြီးသလို အခြားသောအရာတွေဖြစ်တဲ့ အိပ်စက်ချိန်ပြည့်ဝဖို့၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ရှိဖို့၊ တစ်ကိုယ်ရည်သန့်ရှင်းမှု အလေ့အကျင့်နဲ့ ကာကွယ်ဆေးပုံမှန်ထိုးခြင်းတို့ကို သေချာပြုလုပ်ပေးဖို့လည်း လိုအပ်ပါသေးတယ်။ ဒါကြောင့် ဖြည့်စွက်စာစကျွေးချိန်မှာ ကလေးငယ်လေးတွေ ကိုယ်ခံစွမ်းအားကောင်းမွန်စေဖို့ အစားအသောက်ကို သေချာရွေးချယ်ကျွေးပေးသင့်သလို ကျန်းမာတဲ့အလေ့အကျင့်ကောင်းတွေ ရှိဖို့ကိုလည်း လုပ်ဆောင်ပေးသင့်ပါတယ်။