/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးငယ်လေးတွေမှာ-ဗိုက်နာရတဲ့-အကြောင်းရင်းများ

ကလေးငယ်လေးတွေမှာ ဗိုက်နာရတဲ့ အကြောင်းရင်းများ

Category
ကလေးများနှင့်ကျန်းမာရေး

 

        ဗိုက်နာခြင်းဟာ ကလေးတွေမှာ အဖြစ်များလေ့ရှိပြီး ကလေးတွေက ဝေဒနာကို သေသေချာချာ ရှင်းမပြတတ်တာကြောင့် မိဘများအနေဖြင့် ဗိုက်နာရတဲ့အကြောင်းအရင်းတွေနဲ့ ပတ်သက်ပြီး ဗဟုသုတရှိဖို့လိုအပ်ပါတယ်။

          ကလေးတွေမှာ အောက်ပါလက္ခဏာတွေထဲက တခုတွေ့ရပါက ဗိုက်နာဝေဒနာခံစားနေရလား ဆိုတာကို ဆန်းစစ်သင့်ပါတယ်။

 

-     ဂျီကျခြင်း၊ မအီမသာဖြစ်ခြင်း

-     ရုတ်တရက် အစာမစားခြင်း

-     အအိပ်အနေနည်းလာခြင်း

-     အရင်ကထက် အငိုသန်လာခြင်း

-     အော့အန်ခြင်း

-     ၀မ်းပျက်၀မ်းလျောဖြစ်ခြင်း

-     မျက်နှာရှုံမဲ့နေခြင်း

-     လူးလွန်ခြင်း

 

          ဗိုက်နာရတဲ့အကြောင်းရင်းတွေ အမျိုးမျိုးရှိပါတယ်။ သာမန်လေထိုးလေအောင့်ခြင်းကြောင့် ဗိုက်နာနိုင်သလို အချဥ့်ပြန်ခြင်း၊ သန်ထိုးခြင်း၊ အူအတက်ရောင်ခြင်း၊ အူလမ်းကြောင်း ပိတ်ဆို့ခြင်းတို့ကြောင့် လည်း ဗိုက်နာနိုင်ပါတယ်။

 

1. လေထိုးခြင်း

        လေထိုးလေအောင့် ဝေဒနာဟာ 3 လအောက်ကလေးတွေမှာ အဖြစ်များလေ့ရှိပြီး ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းကို တိတိကျကျရှာမတွေ့သေးပါ။ ညနေပိုင်းအချိန်မှာ ကော့ကော့ပြီး ငိုနေတယ်၊ ခြေထောက်ကို ကွေးပြီးငိုနေပြီး ငိုတာစိတ်လာတယ်ဆိုရင်တော့ လေထိုးနာဖြစ်နိုင်ပါတယ်။ အနှီးဖြင့် ထွေးပွေ့ခြင်း၊ သီချင်းဖွင့်ထား၍ အာရုံပြောင်းပေးခြင်း၊ ချိုလိမ်ထည့်ပေးထားခြင်းတို့ ပြုလုပ်ခြင်း က လေနာဝေဒနာကို သက်သာစေပါတယ်။

 

2. လေအပိုများရှိနေခြင်း

        နို့စိုနေစဉ်အတောအတွင်း လေများမျိုချမိခြင်း၊ အစာမကြေခြင်း၊ အူအတွင်းရှိ ဘက်တီးရီးယားများနှင့် မိခင်စားသောက်လိုက်သော အစားအစာများကြောင့် အစာအိမ်အတွင်းမှာ လေပိုများရောက်ရှိနေပြီး ဗိုက်နာနိုင်ပါတယ်။

          မိခင်နို့တိုက်သော ကလေးဖြစ်ပါက မိခင်စားသောက်ရမယ့် အစားအစာကို တိုင်ပင်ဆွေးနွေးပါ။ လေထိုးပြီး ငိုတဲ့ကလေးကို အစာကျွေးရာမှာ နည်းနည်းချင်းစီ ကျွေးဖို့လိုအပ်ပြီး နို့တိုက်ပြီး တိုင်း လေထုတ်ပေးပါ။ Simethicone ပါ၀င်တဲ့ လေနာပျောက်ဆေးတွေလည်း အသုံးပြုနိုင်ပါတယ်။

 

3. ၀မ်းချုပ်ခြင်း

        ပုံမှန်သွားနေကျအတိုင်း ၀မ်းမသွားခြင်း၊ ၀မ်းမာခြင်း၊ ၀မ်းသွားရတာခက်ခဲခြင်း စတဲ့ လက္ခဏာတွေရှိနေပြီဆိုရင်တော့ ၀မ်းချုပ်နေတာဖြစ်ပါတယ်။ ၀မ်းသွားချင်တာကိုထိန်းထားခြင်း၊ အမျှင်ဓာတ်လုံလောက်စွာမရရှိခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း၊ ဖြည့်စွက်စာ စားခြင်း၊ နို့နှင့် ဓာတ်မတည့်ခြင်း စတာတွေဟာ ကလေးငယ်ကို ၀မ်းချုပ်စေတဲ့ အကြောင်းရင်းတွေပဲဖြစ်ပါတယ်။

 

          ၀မ်းချုပ်တာကို သက်သာစေမယ့် နည်းလမ်းတွေကတော့ -

-     ကလေးကိုရေများများတိုက်ပေးပါ၊

-     ကိုယ်လက်လှုပ်ရှားမှုရှိပါစေ၊

-     နို့မုန့်၊ ဒိန်ခဲ စတာတွေကို လျော့ကျွေးပြီး အသီးအရွက်များများကျွေးပါ၊

-     ဆီးသီးဖျော်ရည်က ၀မ်းမှန်စေတာကြောင့် ဆီးသီးဖျော်ရည်တိုက်ပေးပါ၊

-     ၀မ်းကို အကျင့်လုပ်ပြီး သွားခိုင်းပါ၊

-     ၀မ်းပျော့ဆေး၊ ၀မ်းချူဘောလုံး စတာတွေကို ဆရာ၀န်ညွှန်ကြားချက်ဖြင့်သာ သုံးသင့်ပါတယ်။

 

4. ရင်ပူခြင်း

        အစာအိမ်ထဲမှာ အက်ဆစ်တွေ အစာရေမြိုအတွင်းသို့ ဆန်တက်လာတာကြောင့် ရင်ပူပြီး ဗိုက်အောင့်တဲ့ဝေဒနာကို ခံစားရနိုင်ပါတယ်။ ရင်ပူဝေဒနာခံစားရတဲ့ ကလေးတွေမှာ GFRD (Gastroesophageal Reflux Disease) လို့ခေါ်တဲ့ အစာအိမ်အစာမျိုပြွန်အဆက်နေရာကနေ အစာခြေရည်တွေ အထက်ဆန်တဲ့ရောဂါရှိနေတတ်ပါတယ်။ ရောဂါလက္ခဏာအနေနဲ့ -

 

-     အစာမစားခြင်း၊

-     ကြို့ထိုးခြင်း၊

-     ပျို့ခြင်း၊

-     ချောင်းအလွန်အကျွံဆိုးခြင်း (ညအခါတွင် ပိုဆိုးခြင်း)

-     အသက်ရှုရာတွင် အသံမြည်ခြင်း

-     မကြာခဏ နာအတွင်းပိုး၀င်ရောက်ခြင်း

-     အော့အန်ခြင်း

-     အလေးချိန်မတိုးခြင်း

-     အစာအိမ်လမ်းကြောင်း သွေးယိုခြင်းတို့ကို တွေ့ရပါတယ်။

 

          အစာခြေရည်တွေ ဆန်တက်မလာအောင် ကလေးငယ်ကို မတ်လျက် အနေအထားဖြင့် ထားပေးခြင်း အစာကျွေးရာမှာ နည်းနည်းချင်းစီ ကျွေးပေးခြင်းတို့ဖြင့် အချဉ်ပြန်ပြီးရင်ပူတာကို သက်သာစေပါတယ်။ အက်ဆစ်ပမာဏလျော့ချပေးနိုင်မယ့် ဆေးဝါးတွေကို ဆရာ၀န်နှင့်တိုင်ပင်ပြီး သုံးစွဲနိုင်ပါတယ်။

 

5. အူအတက်ရောင်ခြင်း

        ချက်နားတ၀ိုက်မှာ နာနေပြီး ညာဘက်သို့ရွှေ့ပြီး နာတယ်ဆိုရင်တော့ အူအတက်မှာပြဿနာရှိနေတာဖြစ်နိုင်ပါတယ်။ အူအတက်ရောင်တာက ငါးနှစ်အောက်ကလေးငယ်တွေမှာ အဖြစ်နည်းပါတယ်။

 

6. အူလမ်းကြောင်း ပိတ်ဆို့ခြင်း

        အဖြစ်နည်းပေမယ့် တခါတရံ အသက် 8 နှစ်မှ 14 နှစ်အရွယ်ကလေးတွေမှာ အူအသေးက အူအကြီးထဲ၀င်သွားပြီး သွေးမလျှောက်တော့တာကြောင့် အူလမ်းကြောင်းပိတ်ဆို့သွားတာမျိုးဖြစ်တတ်ပါတယ်။ အရေးပေါ်အခြေအနေတခုဖြစ်ပြီး ခွဲစိတ်ကုသမှုခံယူဖို့လိုအပ်ပါတယ်။

 

ဘယ်အချိန်မှာ ဆရာ၀န်နှင့် ပြသသင့်သလဲ။

        ၀မ်းဗိုက်နာခြင်းနှင့်အတူ အဖျားကြီးခြင်း၊ အော့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ ဗိုက်ဖောင်းကားပြီး တင်နေခြင်း၊ အသက်ရှုနှုန်းမြန်နေခြင်း၊ ၀မ်းလျောခြင်း စတဲ့လက္ခဏာတွေ တွေ့ရပါက ဆရာ၀န်နှင့်အမြန်ဆုံးပြသသင့်ပါတယ်။

 

Dr. Htet Htet Aung (www.drmyanmar.com)