/
news/ကလေးများနှင့်ကျန်းမာရေး/ဘေဘီလေးမှာ-လက်စုပ်တတ်တဲ့အကျင့်-ရှိတဲ့အခါ

ဘေဘီလေးမှာ လက်စုပ်တတ်တဲ့အကျင့် ရှိတဲ့အခါ...

Category
ကလေးများနှင့်ကျန်းမာရေး

>> ကလေးတွေ ဘာကြောင့် လက်စုပ်ကြသလဲ ?

          လက်စုပ်တဲ့ အပြုအမူက ကလေးကို ငြိမ်သက်ပြီး သက်သောင့်သက်သာ ရှိစေတဲ့အတွက် ကလေးအများစုက လက်စုပ်လေ့ ရှိကြပါတယ်။ ဒီလက်စုပ်တဲ့အကျင့်က မိခင်ဝမ်းထဲမှာကတည်းက ပြုမူနေတတ်ပြီး မိခင်ဝမ်းထဲကထွက်ပြီး မွေးကာစအရွယ်မှာ လက်ကောင်းကောင်း စုပ်တတ်နေပါပြီ။

          ကလေးက မောပန်းတဲ့အခါ၊ ကြောက်ရွံ့တဲ့အခါ၊ ပျင်းရိတဲ့အခါ၊ နေမကောင်းတဲ့အခါ၊ ကလေးထိန်းကျောင်း စသွားခြင်းကဲ့သို့သော စိန်ခေါ်မှုတွေကို စတင်ကြုံတွေ့ရတဲ့အခါတွေမှာ လက်စုပ်လေ့ ရှိကြပါတယ်။ ညအိပ်ရာဝင်ချိန်မှာ အိပ်ပျော်စေဖို့နဲ့ ညသန်းခေါင် ရုတ်တရက် နိုးလာတဲ့အခါမှာ ပြန်ပြီးအိပ်ပျော်စေဖို့အတွက်လည်း လက်စုပ်တတ်ပါတယ်။

 

>> ကလေးလက်စုပ်တာနဲ့ ပတ်သက်ပြီး ဘာလုပ်ပေးနိုင်သလဲ ?

          စိတ်မပူပါနဲ့။ အမေရိကန် သွားဘက်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုကတော့ ကလေးလက်စုပ်ခြင်းက ကြီးသွားမပေါက်ခင်အထိ သူတို့ရဲ့သွားနဲ့ မေးရိုးဖြောင့်တန်းမှုကို အနှောင့်အယှက် မဖြစ်စေနိုင်ပါဘူးလို့ ဆိုပါတယ်။

          လက်စုပ်တယ်ဆိုတဲ့ နေရာမှာလည်း ပါးစပ်ထဲမှာ လက်ကို ထိုးထည့်ပြီး ဒီအတိုင်း ငြိမ်နေတဲ့ကလေးတွေက လက်အရမ်းစုပ်တဲ့ ကလေးတွေထက်စာရင် သွားပြဿနာတွေ ကြုံတွေ့ရတာ နည်းပါတယ်။

          ကိုယ့်ကလေးက လက်ဘယ်လိုစုပ်လဲဆိုတာ စောင့်ကြည့်ပါ။ လက်ကို တအားစုပ်တယ် ဆိုရင်တော့ အကျင့်စောစော (အသက် 4 နှစ်ဝန်းကျင်လောက်) ကတည်းက ပျောက်အောင် ထိန်းချုပ်ပေးဖို့ လိုပါတယ်။ ကလေးရဲ့ ပါးစပ်နဲ့သွားမှာ တစ်ခုခု ပြောင်းလဲတာတွေ့ပြီး လက်စုပ်တာကြောင့် ဖြစ်တာလားဆိုတာ မသေချာဘူးဆိုရင် သွားဆရာဝန်နဲ့ ပြသပါ။

          ကလေး လက်စုပ်လွန်းအားကြီးလို့ လက်ကနီပြီး အရမ်းခြောက်သွေ့နေတယ်ဆိုရင် သူအိပ်နေတုန်းမှာ အစိုဓာတ်ထိန်းဆေး (moisturizer) လိမ်းပေးပါ။ ကလေးနိုးနေတဲ့အချိန်မှာ လိမ်းပေးရင် ပါးစပ်ထဲရောက်ပြီး ကုန်သွားမှာစိုးလို့ အိပ်တဲ့အချိန်မှာ လိမ်းခိုင်းတာပါ။ ကလေးအများစုက အသက် 2 နှစ်နဲ့ 4 နှစ်ကြား အရွယ်ရောက်ရင် လက်စုပ်တဲ့အကျင့် သူ့အလိုလို ပျောက်သွားတတ်ပါတယ်။ အချို့ကလေးတွေမှာ ဆက်ရှိနေတတ်ပါတယ်။ ကျောင်းတွေမှာ တွေ့ကြုံရတဲ့ သက်တူရွယ်တူတွေ အချင်းချင်း ထိန်းကျောင်းမှုကလည်း ပြောင်းလဲစေပါတယ်။

 

♦        ကလေးလက်စုပ်တာကို အတင်းအကြပ် မတားမြစ်ပါနဲ့။ သူ့ဟာသူ ထားလိုက်ပါ။ ကလေးက သူ့ကိုယ်သူ ဘာလုပ်နေမှန်းတောင် သေချာမသိတဲ့အတွက် လက်စုပ်လို့ ကလေးကို အပြစ်ပေးခြင်း၊ မြည်တွန်တောက်တီး ဆူပူခြင်းတွေက အသုံးမဝင်တဲ့အပြင် သူ့ကို ဖိအားပေး တားမြစ်ခြင်းက ပိုပြီးလုပ်ချင်စိတ်ကို ဖြစ်စေပါတယ်။ ကလေးက သူစိတ်သက်သာရာရဖို့နဲ့ လုံခြုံမှုရှိဖို့အတွက် လက်စုပ်တာဖြစ်လို့ လက်မမှာ ပတ်တီးစည်းပေးခြင်း စတဲ့နည်းလမ်းတွေကလည်း ကလေးကို မမျှတတဲ့ အပြစ်ပေးနည်းတွေ ဖြစ်ပါတယ်။

♦        ဒါကြောင့် စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်ပါ။ ကလေးတွေက သူတို့ကိုယ်သူတို့ သက်သာအေးဆေးစေတဲ့ တခြားနည်းလမ်း ရှာတွေ့သွားပြီဆိုရင် လက်စုပ်တဲ့အကျင့်က အလိုလို ပျောက်သွားလေ့ ရှိပါတယ်။ ဥပမာ - တွားသွားတတ်တဲ့ အရွယ်ကလေးတစ်ယောက်က ဗိုက်ဆာတဲ့အခါမှာ လက်မစုပ်တတ်ပြီး အသက် 3-4 နှစ်အရွယ် ကလေးအနေနဲ့ ဗိုက်ဆာတဲ့အခါမှာ ရေခဲသေတ္တာဖွင့်ပြီး စားစရာတစ်ခုခု ရှာတာဖြစ်ဖြစ်၊ မိဘတွေကို မုန့်ကျွေးဖို့ ပြောတာဖြစ်ဖြစ် တစ်ခုခု လုပ်ပါလိမ့်မယ်။

♦        လက်စုပ်တဲ့အကျင့်ကို အခြားအရာတွေနဲ့ အစားထိုးဖို့ ကြိုးစားကြည့်ပါ။ ကလေးက ဘယ်လိုအချိန်၊ ဘယ်နေရာတွေမှာ ပိုပြီးလက်စုပ်တတ်တယ် ဆိုတာကို သတိထားမိရင် ဥပမာ - တီဗွီကြည့်ရင်းသာ လက်စုပ်တယ်ဆိုရင် ကစားဖို့ ဘောလုံးလေးပေးထားတာပဲဖြစ်ဖြစ်၊ အရုပ်လေးနဲ့ ကစားစေတာပဲဖြစ်ဖြစ် အခြားအလုပ်တစ်ခုခုနဲ့ အစားထိုးပေးပါ။

♦        ပင်ပန်းတဲ့အချိန်မှာ ပိုပြီးလက်စုပ်တယ်ဆိိုရင် ပိုပြီးကြာကြာအိပ်ပါစေ။ စိတ်တိုစိတ်ရှုပ်တဲ့အချိန်မှာ လက်စုပ်တတ်တယ် ဆိုရင်တော့ ကလေး ခံစားနေရတာတွေကို စကားနဲ့ ပြောပြတတ်အောင် သင်ပေးပါ။

          အရေးကြီးတဲ့အချက်ကတော့ ကလေးက ဘယ်အချိန်၊ ဘယ်နေရာမှာ လက်စုပ်လေ့ရှိလဲ ဆိုတာကို သေချာစောင့်ကြည့်ပြီး တခြားအာရုံလွှဲစေတဲ့ အမူအကျင့်လေးတွေ ပြောင်းပေးဖို့ပါပဲ။

 

Dr. Mya Myo Myo Swe (www.drmyanmar.com)