/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးငယ်တွေ-နှာစေးတဲ့အခါ-ပြုစုရန်-နည်းလမ်းများ

ကလေးငယ်တွေ နှာစေးတဲ့အခါ ပြုစုရန် နည်းလမ်းများ

Category
ကလေးများနှင့်ကျန်းမာရေး

          အအေးမိခြင်းအပါအ၀င် အခြားသောအကြောင်းအရာတွေကြောင့် နို့စို့ကလေးငယ်တွေဟာ နှာခေါင်း ပိတ်ခြင်းကို ခံစားရလေ့ရှိပါတယ်။ အအေးမိနှာစေးပျောက်ဆေးတွေက အသက် 4 နှစ်အောက် ကလေးများကို အန္တရာယ်ဖြစ်စေတာကြောင့် မသုံးစွဲသင့်ပါဘူး။

          နှာခေါင်းတွင်းရှိ သွေးကြောနှင့်တစ်သျှူးများတွင် အရည်များနှင့် ပြည့်နှက်လာချိန်တွင် နှာခေါင်းပိတ်ခြင်း ကို ခံစားရလေ့ရှိပြီး အသက်ရှုလမ်းကြောင်းပိုး၀င်ခြင်း၊ ဓာတ်မတည့်ခြင်း၊ နှာခေါင်းအတွင်းသို့ ခဲဖျက်၊ အစေ့ စတာတွေ၀င်ရောက် ခြင်းတွေက နှာခေါင်းပိတ်ခြင်းကိုဖြစ်စေတဲ့ အကြောင်းအရာတွေဖြစ်ပါတယ်။

          အထိရောက်ဆုံးနှင့် ဘေးအကင်းဆုံးနည်းကတော့ Saline (ဆားရည်) အသုံးပြုတဲ့ နည်းဖြစ်ပါတယ်။ ဆေးရုံ၊ ဆေးခန်းတွေ၊ ဆေးဆိုင်တွေမှာ အလွယ်တကူ၀ယ်ယူနိုင်ပါတယ်။ နှာခေါင်းအတွင်းရှိ အချွဲများအရည်ပျော်စေရန် အရင်ဦးဆုံး Saline (ဆားရည်) 2 စက်ခန့်ချပေးပါ။ ပြီးလျှင် Suction bulb (ချွဲစုပ်ထုပ်ရာတွင် အသုံးပြုတဲ့ ဘုလုံး) ကို သုံး၍ ချွဲများကို စုပ်ထုပ်ပေးပါ။ Saline (ဆားရည်)များအလွယ်တကူ စီးကျစေရန် ကလေးငယ်ရဲ့ ပခုံးအောက်တွင် တာဝါအလိပ်များ ခံထားပေးပါ။ အစာမကျွေးမီနှင့် အိပ်ရာမ၀င်ခင်အချိန်မှာပြုလုပ်ပေးခြင်းဖြင့် ကလေးငယ်အား သက်တောင့်သက်သာရှိစေပါတယ်။    

          နောက်တနည်းကတော့ နှာခေါင်းတွင်း၌ ခြောက်သွေ့မှုမရှိစေရန် ရေနွေးငွေ့ပေးတဲ့နည်းဖြစ်ပါတယ်။ ကလေးငယ်ရဲ့ အနီးမှာ စိုထိုင်းမှုထိန်းစက် (humidifier) ကို ထားရှိပေးပါ။ မှိုနှင့် ဘက်တီးရီးယား ပိုးမွှားများ ပေါက်ဖွားခြင်းမရှိစေရန် humidifier ကို ပုံမှန်သန့်စင်ပေးပြီး နေ့စဉ်ရေလဲပေးဖို့ လိုအပ်ပါတယ်။

          ရေဓာတ်က အချွဲတွေကို ပျော်ကျစေနိုင်တာကြောင့် ရေများများတိုက်ပေးပါ။ နှာခေါင်းအတွင်းသို့ နှာရည် များနောက်ပြန် မစီးစေရန် မွေ့ရာအောက်တွင် ခေါင်းအုံးထားခြင်းဖြင့် ကလေးငယ်ရဲ့ ဦးခေါင်းကို ခြေထောက် အထက်မြင့်ထားပါ။

          တတ်သိနားလည်သော အရွယ်ဖြစ်ပါက တစ်သျှူးအသုံးပြု၍ နှာရည်များညှစ်ထုတ်တတ်အောင် သင်ကြားပေးထားပါ။

 Dr. Htet Htet Aung (www.drmyanmar.com)