ကလေးတို့ရဲ့ မွေးရာပါအမှတ်များ
ကလေးတွေရဲ့ ခန္ဓာကိုယ်မှာ မွေးစထဲက ပါလာတတ်တဲ့ အနီ ဒါမှမဟုတ် အပြာရောင် အမှတ်လေးတွေ ရှိတတ်ကြပြီး ဒါတွေဟာ သွေးကြောမျှင်လေးတွေ ဖွဲ့စည်းပုံ မမှန်တာကြောင့် ပေါ်လာတာ ဖြစ်ပါတယ်။ တချို့အမှတ်တွေက ကြီးပြီး တချို့အမှတ်တွေက သေးကြပါတယ်။
ဒီအမှတ်တွေဟာ တစ်ကိုယ်လုံးမှာ တွေ့ရတတ်ပြီး အတွေ့ရ အများဆုံးနေရာတွေက မျက်နှာ၊ လည်ပင်း၊ ခြေထောက်နဲ့ ဦးရေပြားတို့ ဖြစ်ပါတယ်။ ကလေးက ကြီးထွားလာတာနဲ့အမျှ အမှတ်တွေကပါ လိုက်ကြီးထွားလာပြီး ပိုပြီးအရောင်ရင့်လာကြပါတယ်။ ဒီအမှတ်တွေ ရှိတာကြောင့် ရှက်တာ၊ ကိုယ့်ကိုကိုယ် ယုံကြည်မှု လျော့နည်းတာတို့ ဖြစ်စေတတ်ပါတယ်။
ဒီအမှတ်တွေဟာ ကူးမစက်တတ်သလို မျိုးရိုးလိုက်တာမျိုးလည်း မရှိပါဘူး။ တခြား ကျန်းမာရေးပြဿနာတွေနဲ့လည်း တွဲမလာတတ်ပါဘူး။ ဒါပေမဲ့ ရှားရှားပါးပါး တွေ့ရတတ်တာကတော့ မျက်ခွံ၊ နဖူးနဲ့ ပါးပေါ်မှာ အမှတ်ရှိရင် အတက်ရောဂါ၊ မျက်စိရောဂါတွေနဲ့ ဆက်စပ်မှု ရှိနိုင်သလို အမှတ်ရှိတဲ့ လက်၊ ခြေတွေဟာ တခြားတစ်ဖက်ထက် နည်းနည်းပိုကြီးတတ်ပါတယ်။
>> လက္ခဏာတွေက -
• အနီရောင်၊ အပြာရောင် ရှိတတ်ပြီး ဘေးက အရေပြားနဲ့ မျက်နှာပြင်ညီပါတယ်။ အသက်ကြီးလာတာနဲ့အမျှ အရောင်က ပိုရင့်လာတာမျိုး၊ ခရမ်းရောင် ပြောင်းသွားတာမျိုး ရှိပါတယ်။ ထူလာတာ အလုံးလို ဖြစ်လာတာမျိုးလည်း ဖြစ်တတ်ပါတယ်။
• အရွယ်အစား အမျိုးမျိုးနဲ့ လာတတ်ပါတယ်။ ကလေး ကြီးထွားလာတာနဲ့အမျှ သူပါ လိုက်ကြီးလာပါတယ်။
မွေးရာပါအမှတ်တွေက မွေးကင်းစမှာထဲက ရှိနေတတ်ပြီး နောက်မှပေါ်လာတယ်ဆိုရင် တခြားအမှတ်အမျိုးအစား ဖြစ်တတ်ပါတယ်။
>> ဘယ်အချိန်မှာ ဆရာဝန်ပြရမလဲ?
အမှတ်ဟာ မျက်နှာ၊ ကျောရိုးအောက်နားမှာရှိရင် ဒါမှမဟုတ် အမှတ်ရဲ့ အရွယ်အစားကြီးလာရင် (ကလေးကြီးထွားလာတာ မဟုတ်ဘဲနဲ့) ဆရာဝန်နဲ့ ပြသရပါမယ်။ တစ်ခါတလေ လိုအပ်ရင် တခြားစစ်ဆေးမှုတွေကိုပါ ပြုလုပ်ရပါမယ်။
>> ကုသမှုတွေကရော
များသောအားဖြင့် ကုသစရာ မလိုအပ်ပါဘူး။ အမှတ်ရှိတဲ့နေရာက အရမ်းခြောက်သွေ့နေရင်တော့ အစိုဓာတ်ပါတဲ့ cream လေးတွေ လိမ်းပေးလို့ ရပါတယ်။
မွေးရာပါအမှတ်တွေဟာ သူ့ဘာသူတော့ မပျောက်သွားပါဘူး။ တကယ်လို့ ပျောက်စေချင်တယ် ဆိုရင်တော့ လေဆာပစ်တာက အကောင်းဆုံး ကုသမှုပါပဲ။ လေဆာပစ်မယ်ဆိုရင် ကလေး ၆ လမှာ စတင်ကုသရပါမယ်။
Dr. Htar (www.drmyanmar.com)














