ကလေးတွေကို မိခင်နို့တိုက်ကျေွးဖို့ ဘာကြောင့်အရေးကြီးတာလဲ
ကမ်ဘာ့ကျန်းမာရေးအဖွဲ့ရဲ့အဆိုအရ မိခင်နို့တိုက်ကျေွးခြင်းက ကလေးငယ်တွေ ကျန်းမာဖွံ့ဖြိုးဖို့အတွက်သာမက မိခင်ရဲ့ကျန်းမာရေးအတွက်လည်း မရှိမဖြစ်အရေးကြီးတဲ့အပိုင်းက ပါ,ပါတယ်။ လေ့လာမှုတွေကို ပြန်လည်သုံးသပ်ချက်အရ ကလေးအသက် ၆ လအရွယ်အထိ မိိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျေွးခြင်းက အကောင်းဆုံးသော နည်းပါပဲ။ ၆ လကျော်ရင်တော့ ဖြည့်စွက်စာနဲ့အတူ မိခင်နို့ကို ၂ နှစ်နဲ့အထက်အထိ ဆက်ပြီးတိုက်နိုင်ပါတယ်။
မိခင်နို့ထဲမှာဆိုရင် ကလေးအတွက် လိုအပ်တဲ့အာဟာရဓာတ်တွေအားလုံး ပါဝင်သလို ကလေးကို နေမကောင်းမဖြစ်အောင်လည်း ကာကွယ်နိုင်ပါတယ်။ မိခင်နို့ထဲမှာ ကလေးရဲ့ဦးနှောက်အတွက် ကောင်းတာတွေပါတယ်၊ အစာကျေလွယ်တယ်၊ အကုန်အကျမရှိဘူး၊ ရာနှုန်းပြည့် ပိုးသန့်စင်တယ်၊ ပြင်ဆင်ဖို့အတွက် တခြားပစ္စည်းတွေမလိုဘူး။ ပြီးတော့ မိခင်နဲ့ကလေးကြားက သံယောဇဉ်ကိုလည်း ပိုပြီးခိုင်မြဲစေပါတယ်။
အသက် ၆ လအောက်ကလေးတွေကို နွားနို့မတိုက်ရပါဘူး။ နွားနို့ထဲမှာပါတဲ့ အာဟာရဓာတ်က ကလေးကျောက်ကပ်အတွက် အရမ်းမြင့်မားလွန်းနေပါတယ်။ ပြီးတော့ နွားနို့က ဓာတ်မတည့်တာနဲ့ သွေးအားနည်းတာတွေ ဖြစ်စေပါတယ်။
မိခင်နို့ရဲ့ နောက်ထပ်ကောင်းကျိုးတွေကတော့ မိခင်ကို ကျန်းမာစေတယ်၊ သားဆက်ခြားဖို့လည်း အထောက်အကူပြုတယ်၊ သားဥအိမ်ကင်ဆာနဲ့ ရင်သားကင်ဆာဖြစ်နိုင်ချေကို လျော့ကျစေတယ်၊ လုံခြုံစိတ်ချရတဲ့ နည်းလမ်းဖြစ်သလို သဘာဝပတ်ဝန်းကျင်အတွက်လည်း စိတ်ချရပါတယ်။
မိခင်နို့မှာ ကလေးကြီးထွားဖို့အတွက် အာဟာရဓာတ်တွေက အရေအတွက်ရော အရည်အသွေးပါ ပြည့်ဝတဲ့အတွက်ကြောင့် မိခင်တိုင်း တိုက်သင့်ပါတယ်။ ပြီးတော့ မိခင်နို့က ကျန်းမာစေတယ်၊ အဆိပ်အတောက်ကင်းတယ်၊ တာရှည်ခံပစ္စည်းလည်း မပါတဲ့အပြင် အပူချိန်ကလည်း ပုံမှန်ပါပဲ။
မိခင်နို့မှာဆိုရင် ရောဂါပိုးတွေကို တိုက်ဖျက်နိုင်ဖို့အတွက် ပဋိပစ္စည်း၊ အင်ဇိုင်း၊ ဟော်မုန်း စတာတွေ ပါတဲ့အတွက် ရောဂါကို ကာကွယ်နိုင်တယ်။ ပြီးတော့ ပုံမှန်ကျန်းမာဖွံ့ဖြိုးစေပါတယ်။ မိခင်နို့တိုက်တဲ့ကလေးတွေမှာ ကိုယ်အလေးချိန်ကလည်း ညီမျှပြီးတော့ ကလေးဘဝမှာ အဝလွန်တာကိုလည်း ကာကွယ်ပေးပါတယ်။
မိခင်နို့တိုက်တဲ့အမေတွေအနေနဲ့ နို့ပိုထွက်ဖို့ဆိုရင် ကလေးကို မကြာခဏ နို့တိုက်ပေးဖို့လိုသလို ရေ၊ သစ်သီးဖျော်ရည် စတဲ့ အရည် အလုံအလောက်ပါဝင်တဲ့ ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ အစားအစာတွေကို စားပေးဖို့ လိုပါတယ်။
မိခင်နို့ရည် မညစ်ပတ်စေဖို့၊ ပိုးတွေ မပါစေဖို့အတွက်ဆိုရင် အမေက သန့်သန့်ရှင်းရှင်းနေဖို့ ပြီးတော့ နို့သီးခေါင်းဝန်းကျင်နေရာတွေ၊ အဝတ်တွေနဲ့ ခန္ဓာကိုယ်သန့်ရှင်းရေးက အရေးကြီးပါတယ်။ ကလေးနို့မတိုက်ခင်မှာ လက်ကို ရေ၊ ဆပ်ပြာတွေနဲ့ သေချာဆေးကြောပါ။ ကလေးနို့တိုက်နေတဲ့ မိခင်တွေအနေနဲ့ စိတ်ဖိစီးမှုတွေကို ရှောင်ဖို့လိုပါတယ်။ မိသားစုဝင်တွေ၊ ခင်ပွန်းဆီကနေပြီးတော့ အကူအညီ ရယူပါ။
ကျွမ်းကျင်သူတွေက မိခင်နို့ဟာ အဝလွန်ခြင်းကို ကာကွယ်ပေးတယ်၊ ကာကွယ်ဆေးတွေကို ပိုပြီးထိရောက်မှုရှိစေတယ်၊ ကလေးကို ပိုပြီးစမတ်ဖြစ်စေတယ်၊ နို့မှုန့်တိုက်တာနဲ့စာရင် ဝမ်းပျက်ဝမ်းလျှောဖြစ်တာ၊ ဝမ်းချုပ်တာ စတာတွေကို နည်းစေတယ်လို့ ဆိုပါတယ်။ ပြီးတော့ ဗိုင်းရပ်စ်ပိုးဝင်ခြငး်၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ အူရောင်ရမ်းခြင်း၊ ဝမ်းလျှောခြင်း၊ နားတွင် ရောဂါပိုးဝင်ခြင်း၊ အသက်ရှူလမ်းကြောင်း ရောဂါပိုးဝင်ခြင်းတွေကို လျော့ကျစေပြီးတော့ ဓာတ်မတည့်တာတွေနဲ့ နှင်းခူဖြစ်တာတွေကနေပြီးတော့ ကာကွယ်ပေးပါတယ်။
မိခင်နို့တိုက်တဲ့အခါမှာ နို့ထွက်နည်းစေတဲ့ အကြောင်းအမျိုးမျိုး ရှိပါတယ်။ ဒါတွေကတော့ မိခင်နို့တိုက်ဖို့ စောင့်တဲ့အချိန်ကြာခြင်း၊ ကလေးကို မကြာခဏ နို့မတိုက်ခြင်း၊ တချို့သောဆေးများ သောက်သုံးနေခြင်း စတာတွေဖြစ်ပြီးတော့ တစ်ခါတလေမှာ အရင်က ရင်သားခွဲစိတ်မှုကြောင့်လည်း နို့ထွက်တာအပေါ်မှာ သက်ရောက်မှု ရှိနိုင်ပါတယ်။ တခြားအချက်တွေကတော့ လမစေ့ဘဲမွေးခြင်း၊ မိခင်အဝလွန်နေခြင်း၊ ကိုယ်ဝန်ဆောင်ချိန် သွေးတိုးခြင်း၊ ဆီးချိုရောဂါ ကောင်းကောင်း မထိန်းနိုင်ခြင်းတို့ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း နို့ထွက်နည်းမှာကို စိတ်ပူနေကြပေမယ့် ကလေးအတွက် မိခင်နို့ လုံလုံလောက်လောက် မထွက်ဘူးဆိုတာ ရှားပါတယ်။ အမေအများစုကဆိုရင် ကလေး တကယ်သောက်တဲ့နို့ရဲ့ သုံးပုံတစ်ပုံလောက် ပိုထွက်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)
















