ကလေးတွေ ချောင်းဆိုးနေတာ စိုးရိမ်ရလား
ချောင်းဆိုးတာက သာမန်ပဲလား၊ စိတ်ပူရလား၊ အရေးကြီးလားဆိုတာကို မိဘတွေအနေနဲ့ ခွဲခြားသိဖို့ လိုပါတယ်။
● ချောင်းခြောက်လား၊ သလိပ်ထွက်လား
ချောင်းဆိုးတယ်ဆိုတာ အသက်ရှူလည်ချောင်းထဲက ပိုးမွှား၊ အမှုန်အမွှားတွေကို ဖယ်ရှားပေးပြီး ရောဂါဖြစ်တာကို ကာကွယ်ပေးတာပါ။ ချောင်းခြောက်ကတော့ သလိပ်မထွက်တတ်ပါဘူး။
● ချောင်းခြောက်မှာမှ လည်ချောင်းနာတာနဲ့ တွဲလား
ဒါဆိုရင်တော့ ခြောက်သွေ့တဲ့လေ၊ မီးခိုး၊ ဆေးလိပ်ငွေ့တွေကို ရှူမိလို့ပါ။
● ပျို့တာနဲ့ တွဲလား
ဒါကတော့ ကလေးငယ်လေးတွေရဲ့ အစာလမ်းကြောင်းက သိပ်ပြီးမဖွံဖြိုးသေးတဲ့အခါ အက်ဆစ်တွေ၊ အစာတွေ ပါးစပ်ထဲကို ပြန်တက်လာတာကြောင့် ဖြစ်ပါတယ်။ အန်တာ၊ အစာပြန်ထွက်လာတာ၊ အလေးချိန် တိုးမလာတာ၊ ကျသွားတာ၊ ကျောကော့တာ ( ဗိုက်နာလို့) နဲ့ တွဲတတ်ပါတယ်။
Atussin Kids 1

● ဖျားတာ၊ ဝမ်းလျှောတာ၊ အန်တာနဲ့ တွဲလား
အဲဒါ့တွေအပြင် လည်ပင်းနာ၊ ချမ်းတုန်၊ အစားမစား၊ မူးဝေ၊ နှာစေး နှာပိတ်နေရင်တော့ တုပ်ကွေးပါပဲ။
● သလိပ်ထွက်တဲ့ ချောင်းမှာမှ
နှာစေး၊ နှာပိတ်၊ လည်ချောင်းနာ၊ ခေါင်းကိုက်၊ ဖျားတာ၊ ကြွက်သားတွေ နာတာနဲ့ တွဲရင်တော့ တုပ်ကွေး၊ အအေးမိတာကြောင့်ပါ။ ဒါမျိုးချောင်းက နှစ်ပတ်၊ သုံးပတ်လောက် ကြာနိုင်ပါတယ်။
● အသံတွေ ကြားရရင်
တရွှီရွှီမြည်သံနဲ့ တွဲရင်တော့ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ လေပြွန်ရောင်တာ ဖြစ်ဖို့များပါတယ်။ အထူးသဖြင့် အသက်ရှူထုတ်လိုက်တိုင်း ကြားနေရရင်ပေါ့။ အသက်ရှူမြန်တာ၊ နှလုံးခုန်မြန်တာ၊ ချောင်းဆိုးပြီး အန်တာ၊ နှာစေးတာ၊ ဖျားတာ၊ အစားမစားချင်တာ၊ နံရိုးပေါ်တဲ့အထိ ရှိုက်ရှိုက်ပြီး အသက်ရှူတာတွေနဲ့လည်း တွဲတတ်ပါတယ်။
● တစ်ခါတလေလည်း တရွှီရွှီမြည်ပြီး မောတာနဲ့လာရင် ပန်းနာရင်ကျပ် ဖြစ်တတ်ပါတယ်
ဓာတ်မတည့်တာဖြစ်ရင်လည်း ချောင်းဆိုးတာနဲ့ လာတတ်ပြီး မျက်စိနီတာ၊ ယားတာ၊ မျက်ရည်ကျတာ၊ နှာချေတာ၊ အသက်ရှူကြပ်တာ၊ အနီကွက် အယားကွက်တွေ ထွက်တာ၊ ဗိုက်အောင့်၊ ဝမ်းလျှောတာတွေနဲ့ တွဲပါတယ်။
Atussin Kids 2

● ချောင်းခြောက်ကိုမှ ဆက်တိုက် ရှတတဆိုးတာ
ချောင်းဆိုးတာက ကျယ်ကျယ်လောင်လောင် ရှတတဆိုရင် လေအိုးတွေ၊ လေပြွန်တွေ တောက်လျှောက် ရောင်တာမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ဒါလည်း ဗိုင်းရပ်စ်ကြောင့် ဖြစ်တာပါ။
ညရောက်ရင် ပိုဆိုးတယ်၊ အသက်ရှူသံ ဆူဆူညံညံတွေ ကြားရမယ်။ ဖျားတာ၊ နှာစေး နှာပိတ်တာ၊ အစာမျိုရခက်တာ၊ အသံဝင်နေတာမျိုးနဲ့လည်း တွဲတတ်ပါတယ်။ ဆရာဝန်နဲ့ပြမှသာ ရောဂါကို သေချာသိရမှာပါ။
● ချောင်းက ဆက်တိုက်ကို ခွတ်ခွတ်နဲ့ဆိုးနေရင်တော့ ကြက်ညှာချောင်းဆိုး ဖြစ်နိုင်ပါတယ်။ အသက်ရှူခက်တာ၊ မျက်နှာနီတာ၊ ခရမ်းရောင်ဖြစ်တာမျိုးတွေ တွေ့ရတတ်ပြီး ချောင်းဆိုးအပြီးမှာ အန်တတ်ပါတယ်။ နှာစေးတာ၊ နှာချေတာနဲ့ အဖျားငွေ့ငွေ့လည်း ရှိတတ်ပါတယ်။
ကူးစက်တတ်ပြီး အန္တရာယ်ရှိပါတယ်။ အသက် ၂ လမှာ ထိုးရတဲ့ ကာကွယ်ဆေး ထိုးထားရင် ကာကွယ်နိုင်ပါတယ်။ ကြက်ညှာလို့ ထင်တာနဲ့ ဆရာဝန်နဲ့ ချက်ချင်းပြပါ။
● အသက်ရှူမြန်တာ၊ အသက်ရှူပြင်းတာနဲ့ တွဲလာရင်
နမိုးနီးယားခေါ်တဲ့ အဆုတ်ရောင်တာက ကလေးတွေမှာ ရှားပေမယ့် ဖြစ်တတ်ပါတယ်။
လက္ခဏာတွေကတော့ ကလေးအသက်ပေါ် မူတည်ပြီး ကွဲပြားတတ်ကြပါတယ်။ အသက်ရှူမြန်တာ၊ ပြင်းတာအပြင် နှာစေး၊ ဖျား၊ နှာခေါင်းလေးတွေ ရှုံပွပွဖြစ်တာ၊ ညီးသံပါတာ၊ အန်တာ၊ နို့မစို့တာ၊ ဗိုက်နာတာတွေနဲ့ လာပါတယ်။
အရမ်းဆိုးရင် နှုတ်ခမ်း၊ လက်သည်းလေးတွေ ပြာလာတတ်ပါတယ်။ ဆေးရုံဆေးခန်း ချက်ချင်းသွားဖို့ လိုအပ်ပါတယ်။
Dr. Htar (www.drmyanmar.com)
















