/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးတို့အတွက်-dha-ရဲ့ကောင်းကျိုးတွေကို-သင်ဘယ်လောက်-သိထားသလဲ

ကလေးတို့အတွက် DHA ရဲ့ကောင်းကျိုးတွေကို သင်ဘယ်လောက် သိထားသလဲ ?

Category
ကလေးများနှင့်ကျန်းမာရေး

         DHA ဟာ  အိုမီဂါ-3 ဖက်တီးအက်စစ်အမျိုးအစားဖြစ်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီဓာတ် ဖြစ်ပါတယ်။ ကလေးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်လို့လည်း ပြောလို့ရပါတယ်။

         DHA ဟာ ကလေးတွေရဲ့ ခန္ဓာကိုယ်လုပ်ငန်းဆောင်တာများစွာကို အထောက်အကူပြုနေပြီး အထူးသဖြင့် ဦးနှောက်နဲ့ မျက်လုံးကျန်းမာရေးအတွက် အရေးကြီးတဲ့ အာဟာရဓာတ်တစ်မျိုး ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှု မြန်ဆန်သလိုပဲ ကလေးငယ်လေးဘဝမှာ ကြီးထွားဖွံဖြိုးမှုမြန်ဆန်တဲ့ အချိန်တစ်ခုရှိပါတယ်။ အဲ့ဒီအချိန်မှာ အလျင်အမြန်ကြီးထွားဖွံ့ဖြိုးနေတဲ့ ဦးနှောက်ကို ထောက်ပံ့ဖို့အတွက် DHA ပမာဏများများ လိုအပ်ပါတယ်။ ကလေးအသက်ငယ်ရွယ်စဥ်မှာ လုံလောက်တဲ့ DHA ပမာဏ ရရှိမှုရှိ၊ မရှိဆိုတာဟာ ကလေးအသက်ကြီးလာတဲ့အခါ ဖြစ်လာမယ့်ရလဒ်တွေ (ဥပမာ- သင်ကြားမှုစွမ်းရည်၊ စာရေးစာဖတ်စွမ်းရည်) အပေါ်မှာ လွှမ်းမိုးမှုရှိပါတယ်။ ဒါကြောင့် DHA ဟာ ကလေးတွေအတွက် အရေးကြီးတဲ့အာဟာရဓာတ် ဖြစ်နေရခြင်း ဖြစ်ပါတယ်။

         DHA ကို ခန္ဓာကိုယ်ထဲမှာ တခြားဖက်တီးအက်စစ်အမျိုးအစားကနေ ထုတ်လုပ်နိုင်ပေမယ့် ခန္ဓာကိုယ်ရဲ့လိုအပ်ချက်ကို ဖြည့်ပေးနိုင်လောက်တဲ့အထိတော့ ပမာဏမများပါဘူး။ ဒါကြောင့် အာဟာရကနေတစ်ဆင့် ဖြည့်စွက်ပေးဖို့ လိုအပ်ပါတယ်။ DHA ကို ငါးအမျိုးမျိုးနဲ့ ရေညှိတို့လို ရေထွက်ပစ္စည်းတွေမှာ အဓိကတွေ့ရပြီး ဆယ်လ်မွန်ငါး၊ တူနာငါး၊ သစ်ကြားသီး၊ ဥအမျိုးမျိုး၊ ကွီနိုအာ၊ နှမ်းကြတ်စေ့၊ ချီယာစေ့တို့မှာ ပါဝင်နေတာကိုလည်း တွေ့ရပါတယ်။ ဒီလို DHA ပါဝင်တဲ့ အစားအသောက်တွေကို နေ့စဥ် ကျွေးတဲ့အစားသောက်ထဲမှာ ပါဝင်အောင် ထည့်သွင်းကျွေးပေးသင့်ပါတယ်။ တကယ်လို့ ပုံမှန်မကျွေးဖြစ်ဘူးဆိုရင်လည်း DHA ဖြည့်စွက်ထားတဲ့ ဖွံဖြိုးစကလေးဖော်စပ်စာ ဖော်မြူလာနို့မှုန့်ကို ရွေးချယ်တိုက်ကျွေးပေးခြင်းဖြင့် ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ မျက်လုံးကျန်းမာရေးကို ကောင်းမွန်စေရန် ကူညီပေးနိုင်ပါတယ်။

www.drmyanmar.com