ကလေးငယ်လေးတွေမှာ အဖြစ်များတဲ့ အူလမ်းကြောင်းပြဿနာများ
ကောင်းစွာမဖွံ့ဖြိုးသေးတဲ့ အစာခြေစနစ်ကြောင့် ကလေးငယ်လေးတွေဟာ အန်ခြင်း၊ လေထိုးလေအောင့်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း အစရှိတဲ့ အူလမ်းကြောင်းပြဿနာတွေကို ခံစားရလေ့ရှိပါတယ်။ ဘေဘီလေးတွေဆီမှာ အဖြစ်များတဲ့ အူလမ်းကြောင်းပြဿနာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
စားချဥ့်ပြန်ရောဂါ
ကလေးငယ်လေးတွေဟာ လေတက်ပြီးရင်ဖြစ်ဖြစ်၊ နို့စို့ပြီးရင်ဖြစ်ဖြစ် နို့တွေပြန်အန်တတ်ကြပါတယ်။ ဒါစာ အစာရေမျိုနဲ့ အစာအိမ်ကို ပိုင်းခြားထားတဲ့ကြွက်သား မလုံတာကြောင့် ဖြစ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ကြွက်သားလည်း တဖြည်းဖြည်းသန်မာလာလို့ အသက်ကြီးလာတဲ့အခါ သူ့အလိုလို သက်သာသွားတတ်ပါတယ်။ လက္ခဏာသက်သာစေဖို့ အစာကျွေးပြီးတိုင်းမှာ ကလေးကို နာရီဝက်ခန့် မတ်မတ်ထိုင်ပေးပါ။ ပမာဏနည်းနည်းကို မကြာခဏကျွေးပေးပါ။ အစာကျွေးပြီးတိုင်း၊ နို့တိုက်ပြီးတိုင်းမှာ လေထုတ်ပေးပါ။ ဒိုက်ပါကြပ်ကြပ်မဝတ်ပေးပါနဲ့။
ဝမ်းပျက်ဝမ်းလျှောခြင်း
ကလေးငယ်လေးတွေဟာ ဝမ်းပျော့ပျော့ မကြာခဏသွားလေ့ရှိပေမယ့် ဝမ်းအရည်တွေချည်း သုံးကြိမ်နဲ့အထက်သွားရင် ဝမ်းပျက်ဝမ်းလျှောဖြစ်နေပြီလို့ ပြောလို့ရပါတယ်။ ဝမ်းလျှောတဲ့အခါ ရေနဲ့ဓာတ်ဆားဆုံးရှုံးနိုင်တာကြောင့် မေမေတို့က အရည်များများဝင်အောင် တိုက်ပေးသင့်ပါတယ်။
ဝမ်းချုပ်ခြင်း
အဖြစ်များပြီး စိုးရိမ်ဖို့မလိုပေမယ့် ကလေးအနေနဲ့ သက်တောင့်သက်သာမရှိတာကြောင့် ဝမ်းမချုပ်အောင် ကြိုတင်ကာကွယ်ပေးတာ အကောင်းဆုံးဖြစ်ပါတယ်။ ကလေးတွေဝမ်းမှန်စေဖို့ မေမေတို့က နို့ကိုအချိန်မှန် တိုက်ပေးပါ။ ဖြည့်စွက်စာကျွေးနေပြီဆိုရင် အသီးအနှံလေးတွေ ကျွေးပါ။ အသီးဖျော်ရည်လေးတွေ တိုက်ပါ။ အမျှင်ဓာတ်ကြွယ်ဝတဲ့ ပဲအမျိုးမျိုးနဲ့ ဟင်းသီးဟင်းရွက်တွေကို တစ်နေ့နှစ်ကြိမ်လောက် ကျွေးပေးပါ။ ဒါ့အပြင် အမျှင်ဓာတ်ဖြည့်စွက်ထားတဲ့ အာဟာရတွေကိုလည်း တိုက်ကျွေးပေးလို့ရပါတယ်။
လေနာထခြင်း
ကလေးငါးယောက်မှာ တစ်ယောက်ဖြစ်လေ့ရှိတဲ့ ပြဿနာတစ်ခုပါ။ ကလေးအနေနဲ့ ဗိုက်နာတာကြောင့် အရမ်းငိုပြီးဂျီကျလေ့ရှိပါတယ်။ ဝမ်းသွားပြီး၊ လေလည်ပြီးချိန်မှာ သက်သာသွားတာကြောင့် အငိုတိတ်သွားမှာပါ။ ဖြစ်စေတဲ့အကြောင်းရင်းကို အတိအကျမသိပေမယ့် ဝမ်းချုပ်ခြင်း၊ လေထိုးခြင်း၊ အစာကျွေးတာများခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မေမေတို့အနေနဲ့ ကလေးကို ပမာဏများများမကျွေးဖို့၊ မြန်မြန်မကျွေးဖို့ ဂရုပြုသင့်ပါတယ်။
လက်တို့စ်နို့သကြားကိုမခြေဖျက်နိုင်ခြင်း
ကလေးငယ်လေးတွေရဲ့ အူနံရံဟာ Lactase အင်ဇိုင်းကို လုံလုံလောက်လောက် မထုတ်ပေးနိုင်သေးတာကြောင့် နို့မှာပါတဲ့ လက်တို့စ်နို့သကြားဓာတ်ကို မခြေဖျက်နိုင်ဘဲ ဝမ်းပျက်ဝမ်းလျှော ဖြစ်လေ့ရှိပါတယ်။
ဘေဘီလေးမှာ အူလမ်းကြောင်းပြဿနာတွေနဲ့ ကြုံလာတဲ့အခါ မေမေတို့အနေနဲ့ စိတ်ပူတတ်ကြတာ ပုံမှန်ပါပဲ။ ဒါပေမယ့် ရောဂါလက္ခဏာမပြင်းထန်ရင်၊ နာတာရှည်မဟုတ်ရင်၊ ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှု ပုံမှန်ရှိတယ်ဆိုရင် မစိုးရိမ်ကြဘဲ လက္ခဏာတွေ သက်သာသွားအောင်လို့ ဖော်ပြပါနည်းလမ်းတွေကို လုပ်ဆောင်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်။
● ကလေးကို နို့တိုက်ပြီးတိုင်းမှာ လေထုတ်ပေးပါ။
● ကလေးရဲ့ဝမ်းဗိုက်လေးကို ဖြည်းညှင်းစွာ နှိပ်နယ်ပေးပါ။
● ဖြည့်စွက်စာစကျွေးတဲ့အခါ တစ်ကြိမ်တည်းမှာ အစာအုပ်စုအားလုံး ပါဝင်အောင် ကျွေးလိုက်တာမျိုး မဟုတ်ဘဲ တစ်ကြိမ်ကို အမျိုးအစားသစ်တစ်မျိုးသာ ဖြည်းဖြည်းချင်း မိတ်ဆက်ကျွေးပေးသွားပါ။
ဒါဆိုရင်တော့ သားသားမီးမီးလေးတွေအနေနဲ့ ဝမ်းဗိုက်ပြဿနာကင်းဝေးပြီး ကျန်းမာစွာ ကြီးထွားဖွံ့ဖြိုးလာပါလိမ့်မယ်။ ရောဂါလက္ခဏာတွေ ပြင်းထန်တဲ့အခါမှာလည်း ဆရာဝန်နဲ့တိုင်ပင်ပြသဖို့ မမေ့ကြပါနဲ့နော်။