/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးများတွင်-ဖြစ်တတ်သော-စကားပြောရန်-ခက်ခဲသည့်ရောဂါ-verbal-dyspraxia

ကလေးများတွင် ဖြစ်တတ်သော စကားပြောရန် ခက်ခဲသည့်ရောဂါ (Verbal Dyspraxia)

Category
ကလေးများနှင့်ကျန်းမာရေး

>>  Verbal Dyspraxia ဆိုတာကတော့ ကလေးတွေမှာ ဖြစ်လေ့ရှိတဲ့ စကားပြောဆိုရန်
ခက်ခဲတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ကလေးတစ်ယောက်မှာ ဒီရောဂါ ခံစားနေရပြီဆိုတာကို ကလေး အသက်ငယ်တုန်းအချိန်မှာ မသိနိုင်ပါဘူး။ ကလေးက စကားစပြောနိုင်တဲ့အရွယ် ရောက်တဲ့အချိန်မှာမှ သိကြတာ များပါတယ်။ လူတစ်ယောက် စကားပြောတဲ့အခါမှာ အသံထွက်ဖို့၊ စကားလုံးတွေ ထွက်နိုင်ဖို့အတွက် အလုပ်လုပ်ရတဲ့ ကြွက်သားတွေ (လျှာ၊ နှုတ်ခမ်း၊ မေးရိုး၊ အာခေါင်) ဟာ တစ်ခုနဲ့တစ်ခု အချိတ်အဆက်မိမိ အလုပ်လုပ်မှသာ အသံပီပီသသ၊ စကားလုံးပီပီသသထွက်တာ ဖြစ်ပါတယ်။ Verbal Dyspraxia ရောဂါကို ခံစားနေရတဲ့ ကလေးတွေမှာဆိုရင် ဒီကြွက်သားတွေက အချိတ်အဆက်မိမိ အလုပ်မလုပ်နိုင်တဲ့အတွက် မှန်ကန်တဲ့အသံ၊ စကားလုံးကို ပြောနိုင်ဖို့ ခက်ခဲနေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် တခြားကလေးတွေထက် စကားစပြောတဲ့အချိန် နောက်ကျတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုကလေးမျိုးတွေမှာ အာရုံကြောနဲ့ ပတ်သက်တဲ့ ချို့ယွင်းမှုမျိုး မတွေ့ရတတ်ပါဘူး။
Verbal Dyspraxia ကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကိုတော့ တိတိကျကျမသိသေးပါဘူး။ စကားပြောခြင်းနဲ့ ပတ်သက်တဲ့ ရောဂါကျွမ်းကျင်ပညာရှင်တွေက ဒီရောဂါဖြစ်ကြောင်း အတည်ပြုပေးနိုင်ပြီး ထိရောက်တဲ့ကုသမှုတွေနဲ့ ကုသရင် ရောဂါကို သက်သာစေနိုင်ပြီး စကားပြောနိုင်စွမ်းတွေ တိုးတက်လာနိုင်ပါတယ်။

>>  စကားပြောရန် ခက်ခဲသည့်ရောဂါရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ?
ရောဂါရဲ့ပြင်းထန်မှု အနည်းအများပေါ် မူတည်ပြီး ရောဂါလက္ခဏာတွေက အနည်းငယ် ကွဲပြားမှုရှိနိုင်ပါတယ်။ တကယ်လို့ သင့်ကလေးမှာ အောက်ပါလက္ခဏာတွေ ခံစားနေရတယ်ဆိုရင် စကားပြောရန် ခက်ခဲသည့်ရောဂါ ခံစားနေရတာဖြစ်နေနိုင်ပါတယ်။
●  အသံထွက်နိုင်ဖို့ ခက်ခဲနေတာ (သို့မဟုတ်) အသံတစ်မျိုးတည်း၊ စကားလုံးတစ်လုံးတည်းကို ထပ်ကာထပ်ကာ ပြောနေတာ
●  စကားလုံးတစ်လုံးတည်းကိုပဲ ပုံစံအမျိုးမျိုး မှားပြောခြင်း
●  အခြေအနေကိုလိုက်ပြီး အသံအနိမ့်အမြင့် မရှိခြင်း (ဥပမာ - အမြဲလိုလို   အသံနိမ့်နိမ့်ဖြင့်ပြောခြင်း၊ စကားလုံးတိုင်းကို အော်ပြောနေခြင်း စသည်)
●  အသုံးပြုနိုင်၊ ပြောနိုင်သော စကားလုံး နည်းပါးခြင်း
●  ရွယ်တူကလေးများထက် စကားပြောနှေးခြင်း၊ စကားနည်းခြင်း၊ စကားပြောရင်း မကြာခဏ ရပ်ရပ်သွားခြင်း
●  စကားပြောနေရင်း ရပ်သွားပြီး နှုတ်ခမ်း၊ လျှာ တို့ကို လှုပ်ပြီး စကားဆက်ပြောရန် တကူးတက ပြင်ဆင်နေရခြင်း စတဲ့လက္ခဏာတွေပဲ ဖြစ်ပါတယ်။

>>  ဘယ်လိုအခြေအနေမှာ ဆရာဝန်နဲ့ ပြသင့်သလဲ?
သင့်အနေနဲ့ သင့်ကလေးမှာ အထက်ပါလက္ခဏာတွေ ခံစားနေရတာကို တွေ့ရှိပြီး စကားပြောတာနဲ့ ပတ်သက်လို့ သင့်ကလေးမှာ အခက်အခဲရှိနေတယ်လို့ ခံစားရပြီဆိုရင် ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။ speech pathologist လို့ခေါ်တဲ့ စကားပြောခြင်းနဲ့ ပတ်သက်တဲ့ ရောဂါကျွမ်းကျင်ပညာရှင်တွေနဲ့လည်း ပြသလို့ရပါတယ်။ ဒါမှသာ သင့်ကလေး ခံစားနေရတာ စကားပြောရန် ခက်ခဲသည့်ရောဂါလား၊ တခြားသော စကားပြောခြင်းနဲ့ဆိုင်တဲ့ ရောဂါလားဆိုတာ ခွဲခြားသိရှိနိုင်မှာဖြစ်ပါတယ်။

>>  စကားပြောရန် ခက်ခဲသည့်ရောဂါကို ကုသခြင်း
စကားပြောရန် ခက်ခဲသည့်ရောဂါကို ကုသဖို့နည်းလမ်းတွေ အများကြီးရှိပါတယ်။ Speech Pathologist တွေက ကလေးတစ်ဦးချင်းစီအတွက် ထိရောက်တဲ့ကုထုံးတွေနဲ့ ကုသပေးနိုင်ပါတယ်။ ကုသနည်းတွေထဲမှာ တချို့သောအသံတွေ၊ စကားလုံးတွေကို ထွက်နိုင်ဖို့ စကားပြောလေ့ကျင့်ခန်းတွေ၊ တခြားသောနည်းလမ်းတွေလည်း ပါဝင်ပါတယ်။ ရောဂါ အရမ်းပြင်းထန်တဲ့ကလေးတွေမှာတော့ သင်္ကေတပြ ဘာသာစကား သင်ပေးတာမျိုး၊ ကွန်ပျူတာ၊ စာအုပ်သုံးပြီး စကားပြောတာမျိုး စတဲ့ နည်းလမ်းတွေကိုလည်း ပြုလုပ်နိုင်ပါသေးတယ်။

>>  အနှစ်ချုပ်အနေနဲ့
●  စကားပြောရန် ခက်ခဲသည့်ရောဂါကို ခံစားနေရတဲ့ ကလေးတွေဟာ ဦးနှောက်နဲ့ အာရုံကြောပိုင်းဆိုင်ရာ ထိခိုက်မှု မရှိပါဘူး။
●  ပုံမှန်စကားပြောဖို့ အခက်အခဲရှိတာ၊ ပြောနိုင်တဲ့စကားလုံးနည်းတာ၊ စကားပြောနှေးတာ စတာတွေကို ခံစားရနိုင်ပါတယ်။
●  တကယ်လို့ သင့်ကလေးရဲ့ စကားပြောတာနဲ့ ပတ်သက်လို့ စိုးရိမ်မှု တစ်စုံတစ်ရာရှိရင် ဆရာဝန်နဲ့ စောစောသွားပြပါ။
●  Speech Pathologist တွေက ရောဂါ ရှိ၊ မရှိ အတည်ပြုပေးနိုင်ပြီး ထိရောက်တဲ့ကုသမှုတွေလည်း ပေးနိုင်တဲ့အပြင် ကုသမှုခံယူတဲ့ ကလေးအများစုကလည်း အခြေအနေ တိုးတက်ကောင်းမွန်တာကို တွေ့ရပါတယ်။
ဒီဆောင်းပါးလေးမှာ ဖော်ပြခဲ့တာလေးတွေကို မှတ်သားပြီး ကိုယ့်ရဲ့ကလေးမှာ စကားပြောတာနဲ့ ပတ်သက်လို့ အခက်အခဲ တစ်စုံတစ်ရာဖြစ်နေခဲ့ရင် အစိုးရိမ်မလွန်ဘဲ သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေနဲ့ ပြသလို့ သေချာစွာ ကုသမှုခံယူခြင်းသာ အကောင်းဆုံးဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

ဒေါက်တာအောင် (www.drmyanmar.com)