ကံသီပေလို့ သမီးရယ်
နွေရာသီမှာ မိဘတို့ သတိထားသင့်တဲ့ ရောဂါတစ်ခုအကြောင်း မိခင်တစ်ဦးရဲ့ ကိုယ်တွေ့အဖြစ်အပျက်ကို ဖော်ပြပေးလိုက်ပါတယ်။
" မေမေ တာ့တာ့ ... " လက်လှမ်းပြနေသော သမီးလေးကို သူမ ဖယ်ရီပေါ်မှ ပြန်လက်ပြလိုက်သည်။ " နေပူထဲ မထွက်နဲ့နော် " ၀တ္တရားအရသာ မှာရသည်။ သမီးက သိပ်အဆော့သန်သည်။ အိမ်မှာ ကျန်ခဲ့သော သူ့အဒေါ်ကလည်း သူနှင့်အတူ ဆော့ဖော်ဆော့ဖက်။ ထားသာ ထားခဲ့ရသည်။ စိတ်မချပေ။ မနက်ခင်းနေတောင်မှ ပူလှချည်လား။
အလုပ်ရှုပ် စိတ်ရှုပ်ရတဲ့အထဲ ဖုန်းကတစ်မျိုး။
" မမ ... "
" အေး ... ပြော "
" မီးမီးဖျားနေလို့ ..."
ညီမ၀မ်းကွဲလေးရဲ့ အသံကြောင့် သူမ အနည်းငယ် စိတ်ပူသွားသည်။
" နေပူထဲ ထွက်ဆော့ပြန်ပြီ မဟုတ်လား "
" ဟုတ် ... သမီး ပြောတာလည်း ရမှမရတာကို "
သူမ စိတ်မောသွားမိသည်။
" အေး ... အေး ပါရာစီတမောလေး တိုက်ထား ... Aircon မဖွင့်နဲ့ ကြားလား "
" ဟုတ် ... ဟုတ် "
သူမ နာရီကို မော့ကြည့်လိုက်သည်။ မြန်မြန် ရုံးဆင်းပါစေ။
ခြံတံခါး ဖွင့်၀င်ရင်း သူမ သမီးကို ရှာမိသည်။ အရင် ပြေးကြိုနေကျ သမီးလေးကို မတွေ့ရတော့ စိတ်ပူသွားမိသည်။
" နွယ်နွယ်ရေ ... မမ ပြန်လာပြီ ... အေး၊ သမီးရော ... "
" အိပ်ခန်းထဲမှာ အိပ်နေတယ် မမ "
သူမ အိပ်ခန်း၀က ချောင်းကြည့်လိုက်တော့ သမီးက စောင်ပုံထဲမှာ။
ဟင် ... ဒီလောက် ပူနေတာကို။
" သမီး ... မေမေ ပြန်လာပြီလေ "
သမီးက တုတ်တုတ်မျှ မလှုပ်။ စောင်လေးဟပြီး သမီး နဖူးကို စမ်းကြည့်လိုက်သည်။ ဘုရားရေ ခြစ်ခြစ်တောက်အပူက သူမ လက်ပါ ပူလောင်သွားစေသည်။
" သမီး ... သမီး "
သမီးက ကောက်ကွေးပြီး တက်နေချေပြီ။
" ကျွန်မ ... ကျွန်မ ကလေးကို ကယ်ပါဦးရှင် ..."
အရေးပေါ်ရှေ့ ကားရပ်လိုက်သည်နှင့် သမီးလေးကို ပွေ့ပြီး သူမ ပြေးဆင်းသွားမိသည်။
" ကလေးက ဘာဖြစ်လို့လဲ "
" သမီးကို ခေါ်လို့မရတော့ဘူး "
သူမ မျက်ရည်များ ကျလာသည်။ ဆရာမ တစ်ယောက်က ကလေးကို ပွေ့ယူကာ ခုတင်ပေါ်တင်ပြီး စမ်းသပ်နေသည်။
ဆရာ၀န်က " ကလေးအမေ စိတ်အေးအေးထား … ဘာဖြစ်တာလဲ သေချာ ပြော "
" သမီးက နေ့လယ်က ဖျားတယ် ပြောတယ် ... ကျွန်မအလုပ်က ပြန်လာတော့ ခေါ်လို့မရတော့ဘူး ... တက်လည်း တက်တယ် …"
" ဟင် " ဆရာ၀န်မှာ တစ်ချက်တွေေ၀သွားပြီး သမီးကို ချက်ခင်းစမ်းသပ်လိုက်သည်။
" ဆရာမ ကလေးကို Aircon ခန်းထဲ ရွှေ့မယ်၊ Drip ချိတ်မယ်၊ ကလေးကို ရေပတ်တိုက်မယ် "
တောက်လျှောက်ပြောရင်း သမီးကို အခန်းထဲ ချီပွေ့သွားကြသည်။ သူမ နားမလည်။ ဖျားနေတဲ့ ကလေးကို ဘာတွေလုပ်နေတာလဲ။
" ဆရာ ... ကျွန်မ သမီးလေး ဘာဖြစ်တာလဲ "
" ကလေးက ဖျားတာ မဟုတ်ဘူး အမေ။ အဲ့ဒါ အပူဒဏ်ကြောင့် သတိလစ်နေတာ၊ အန္တရာယ် ရှိတယ်။ ကျွန်တော်တို့ လိုအပ်တာ လုပ်ပေးနေပါတယ် "
ပြေးပြေးလွှားလွှားပြောပြီး ဆရာ၀န်က လူနာခန်းထဲ လိုက်၀င်သွားသည်။ သူမကတော့ ဘာလုပ်ရမှန်းမသိ သမီးလေးကို ကုသပေးနေသည်ကိုသာ အခန်းပြင်မှ ကြောင်တောင်တောင် ငေးကြည့်နေမိသည်။
" ကလေးအမေ "
ဆရာ၀န် ခေါ်သံကြားမှ သူမ သတိ၀င်လာမိသည်။
" ကလေးက အတက်ကျသွားပါပြီ။ ကိုယ်အပူချိန်လည်း ကျသွားပြီ။ စိတ်ချရအောင် ဆေးရုံတင်ပြီး စောင့်ကြည့်ရမယ်နော် "
" ဟုတ် ... ဟုတ်ကဲ့ ဆရာ။ သမီးက ဘာလို့ အဲ့လိုဖြစ်တာလဲ "
" အပူဒဏ်ကြောင့်ပေါ့ဗျာ။ ရာသီဥတုက ပူတယ် မဟုတ်လား။ ကလေးက နေပူထဲ ဆော့ခဲ့ပုံရတယ်။ အဲ့တာ ဖျားတာ မဟုတ်ဘူး။ ကိုယ်အပူချိန် တက်လာတာ။ အဲ့လို အချိန်မှာ အေးနေအောင်ထား၊ ဓာတ်ဆားတိုက် လုပ်ပေးရတာ။ ခင်ဗျားတို့က ဖျားတာထင်ပြီး လက်ရှည်၀တ်၊ စောင်ချုံ၊ အခန်းထဲ ပိတ်ထားတော့ ပိုဆိုးသွားတာပေါ့။ တော်သေးတာပေါ့ဗျာ အချိန်မီလို့ … "
ဆရာ၀န်က တော်သေးတာပေါ့ ဆိုပေမယ့် သူမကတော့ ကိုယ့်အပြစ်ကို ခွင့်မလွှတ်နိုင်ပေ။
" မေမေ သမီးကို ဒီထက်ပိုပြီး ဂရုစိုက်ပါ့မယ် "
ကံသီပေလို့ပေါ့ သမီးရယ် ... ။
Dr. Zero (www.drmyanmar.com)
















