ချောင်းဆိုးချွဲကြပ်နေတဲ့ကလေး ပြာနှမ်းလာရင် ...
ချောင်းဆိုးချွဲကြပ်တာဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေကြောင့် အများဆုံးဖြစ်ရတာပါ။ ချောင်းဆိုးနေတဲ့ ကလေးတစ်ယောက်ဟာ ရုတ်တရက်ဆိုသလို အရေပြား၊ လက်သည်း၊ ခြေသည်းနဲ့ နှုတ်ခမ်းတွေ ပြာနှမ်းလာရင် ဒါဟာ အသက်ရှူကြပ်တာကိုပြသနေတဲ့ လက္ခဏာတစ်ရပ်ဖြစ်လို့ မေမေတို့အနေနဲ့ စိုးရိမ်ပူပန်တတ်ကြပါတယ်။
ဒါပေမဲ့ ဒီလိုမျိုးပြာနှမ်းလာတိုင်း စိုးရိမ်စရာလိုရဲ့လား? အချိန်တိုင်းတော့ စိုးရိမ်ဖို့မလိုပေမယ့် ဘယ်လိုအချိန်တွေမှာ စိုးရိမ်သင့်သလဲဆိုတာ မေမေတို့သိရအောင် ပြောပြပေးချင်ပါတယ်။
Atussin Kids 1

ကလေးငယ်လေးတွေမှာ လက်ထိပ်၊ ခြေထိပ်လေးတွေ ပြာနှမ်းလာတာဟာ Acrocyanosis လို့ခေါ်တဲ့ ပုံမှန်ဖြစ်စဉ်တစ်ခုကြောင့် ဖြစ်နိုင်ပါတယ်။ Acrocyanosis ဆိုတာ သွေးနဲ့အောက်စီဂျင်ကို လက်ထိပ်၊ ခြေထိပ်တွေထက် ပိုပြီးအရေးကြီးတဲ့ နှလုံး၊ အဆုတ်၊ ဦးနှောက်လိုမျိုး ကိုယ်အင်္ဂါအစိတ်အပိုင်းတွေဆီ ဦးစားပေးပြီးပို့ပေးတဲ့ ဖြစ်စဉ်တစ်ခုပါ။
မွေးကင်းစကလေးတွေမှာ ဖြစ်လေ့ရှိသလို ရာသီဥတုအေးရင်လည်း ဖြစ်လေ့ရှိပါတယ်။ ဒီလိုအခြေအနေကြောင့် ပြာနှမ်းတာဆိုရင်တော့ စိုးရိမ်စရာမလိုပါဘူး။ ခဏနေရင် သူ့အလိုလို ပြန်ကောင်းသွားပါလိမ့်မယ်။
နောက်ထပ် စိုးရိမ်စရာမလိုတဲ့အခြေအနေတွေကတော့ ကလေးဟာ အပြာရောင်၊ ခရမ်းရောင် ဆိုးဆေးတွေပါတဲ့ အစားအသောက်တွေ စားမိတယ်ဆိုရင် နှုတ်ခမ်း၊ လျှာနဲ့ လက်တွေမှာ ပြာနှမ်းနေတတ်ပါတယ်။ ပြီးတော့ အဝတ်အစားက ဆိုးဆေးတွေ အရေပြားမှာ လာပေတာကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။
Atussin Kids 2

ဘယ်လိုအခြေအနေတွေမှာ စိုးရိမ်ဖို့လိုအပ်သလဲဆိုတော့ ကလေးမှာ တခြားအသက်ရှူခက်တဲ့လက္ခဏာတွေပါ တွဲရှိနေရင်၊ သွေးတွင်းအောက်စီဂျင်ပမာဏ ကျနေရင်တော့ စိုးရိမ်ဖို့လိုတာကြောင့် ဆရာဝန်နဲ့ အမြန်ဆုံး ပြသပေးဖို့ လိုအပ်ပါတယ်။
ကလေးတွေမှာ တွေ့ရတတ်တဲ့ အသက်ရှူခက်တဲ့လက္ခဏာတွေကတော့ အသက်ရှူမြန်တာ၊ အသက်ရှူလိုက်တိုင်းမှာ နံရိုးအောက်ကို ရင်ဘတ်ချိုင့်ဝင်သွားတာ၊ နှာခေါင်းပွစိပွစိလုပ်ပြီး အသက်ရှူနေရတာ၊ အစားကောင်းကောင်းမစားနိုင်တာ၊ နို့ကောင်းကောင်းမစို့နိုင်တာတွေပဲ ဖြစ်ပါတယ်။
ဒီလိုမျိုး လက်ထိပ်၊ ခြေထိပ်တွေပြာတာ၊ နှုတ်ခမ်းနဲ့ လျှာတွေ ပြာနှမ်းနေတာဟာ ခဏနေလို့မှ မသက်သာဘဲ တောက်လျှောက်ရှိနေမယ်ဆိုရင်လည်း ဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်ပါတယ်။
Dr. Aye Hsu Mon (www.drmyanmar.com)
















