ငှက်ပျောသီးစားရင် ရင်ကျပ်သလား
မြန်မာနိုင်ငံမှာ ရာသီမရွေး အလွယ်တကူတွေ့ရှိရတဲ့ အသီးအနှံတွေထဲမှာ ငှက်ပျောသီးက ထိပ်ဆုံးက ပါဝင်ပါတယ်။ သီးမွှေး၊ ဖီးကြမ်း၊ ရခိုင်ငှက်ပျော၊ ရွှေငှက်ပျော စသည်ဖြင့် အမျိုးအစားလည်း စုံလင်လှသလို အရသာမှာလည်း ချိုမြိန်လှပါတယ်။ ဒါ့အပြင် အာဟာရတန်ဖိုးများစွာပါတဲ့အတွက် မေမေတို့က ကလေးငယ်လေးများကို ဝိတ်တက်အောင် အားရှိအောင် ဖီးကြမ်းငှက်ပျောသီး ကျွေးလေ့ရှိကြပါတယ်။ ဒီအခါမှာ ငှက်ပျောသီးကြောင့် ရင်ကျပ်စေသလားဆိုတာကို မေးစရာဖြစ်လာပါတယ်။
ဒီအချက်နှင့် ပတ်သက်ပြီး ဗြိတိန်နိုင်ငံမှာ လေ့လာချက်တစ်ခု ပြုလုပ်ခဲ့ပါတယ်။
ငှက်ပျောသီးဟာ သင့်ကလေးတွေကို အသက်ရှူရ လွယ်ကူပြီး ရင်ချောင်စေအောင် ကူညီပေးနိုင်ပါတယ်။ တစ်နေ့ကို ငှက်ပျောသီး တစ်လုံးစားတဲ့ ကလေးငယ်များဟာ ပန်းနာရင်ကျပ်လက္ခဏာတွေဖြစ်ဖို့ ၃၄ ရာနှုန်း နည်းပါးတယ်လို့ ထိုလေ့လာချက်တစ်ခုမှာ တွေ့ရှိရပါတယ်။
အဆိုပါလေ့လာချက်ကို Imperial College of Londonမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အသက် ၅ နှစ်မှ ၁၀ နှစ် ကလေးငယ်ပေါင်း ၂၆၄၀ ကို အုပ်စုများခွဲပြီး လေ့လာခဲ့ပါတယ်။ ငှက်ပျောသီး စားကြတဲ့ကလေးတွေဟာ ပန်းနာရင်ကျပ်လက္ခဏာများ ဖြစ်ပေါ်နှုန်း သုံးပုံတစ်ပုံခန့်နည်းတာကိုတွေ့ရပြီး နေ့စဉ် ပန်းသီးဖျော်ရည် သောက်သူကလေးများကတော့ ၄၇ ရာနှုန်းခန့် နည်းပါးတာကို တွေ့ရပါတယ်။
အခြားသောလေ့လာချက်တစ်ခုအရ အသီးအရွက်အစားနည်းတဲ့ ကလေးငယ်များဟာ ဘေးကလူကြီးတစ်ယောက် ဆေးလိပ်သောက်ခြင်းကြောင့် အကျိုးဆက်အနေနှင့်ဖြစ်ပွားတဲ့ အသက်ရှူလမ်းကြောင်းပြဿနာများကို ပိုမိုခံစားရတယ်လို့ တွေ့ရပါတယ်။
တိရစ္ဆာန်များနှင့် လေ့လာချက်အရမှာတော့ နာနတ်သီးတွင်ပါသော Bromelain ဆိုတဲ့ အင်ဇိုင်းက ပန်းနာရင်ကျပ်ရောဂါနှင့် ဆက်စပ်တဲ့ ရောင်ရမ်းခြင်းကို လျှော့ချပေးကြောင်း တွေ့ရှိရပါသေးတယ်။
တစ်ပတ်ကို ဘာဂါတစ်လုံးစားတဲ့ ကလေးတွေကတော့ ပန်းနာရင်ကျပ်ရောဂါဖြစ်ဖို့ အလားအလာ ပိုများတယ်လို့ ဆိုပါတယ်။
ဒီလိုဆိုရင် ငှက်ပျောသီးကို ရင်ကျပ်ရောဂါဖြစ်မှာကို ပူစရာမလိုဘဲ ရင်သွေးလေးတွေကို စိတ်ချစွာ ကျွေးနိုင်ကြပြီပေါ့။ ဒါတင်မကသေးပါဘူး။
ကလေးတွေကို ငယ်စဉ်ကတည်းက ငှက်ပျောသီးကျွေးခြင်းဖြင့် သွေးကင်ဆာရောဂါဖြစ်နှုန်းကိုလည်း လျှော့ချနိုင်ပါသေးတယ်။
ငှက်ပျောသီးတွင်ပါသော အမျှင်၊ ပိုတက်ဆီယမ်၊ ဗီတာမင်စီနှင့် ဘီစစ်တို့က နှလုံးကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။
ငှက်ပျောသီးမှာပါတဲ့ Tryptophan ဓာတ်ကလည်း စိတ်ကိုကြည်လင်စေပြီး မှတ်ဉာဏ်ကို ပိုမိုတိုးပွားစေပါသေးတယ်။ ဒါကြောင့် ရင်သွေးလေးတွေကို ငှက်ပျောသီးကျွေးခြင်း၊ ငှက်ပျောသီးကို အခြေခံတဲ့ မုန့်များလုပ်ကျွေးခြင်းဖြင့် အာဟာရတန်ဖိုးများစွာ ပေးစွမ်းနိုင်မှာဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။ ဘယ်လောက်ပဲ ကောင်းတယ်ပြောပြော တန်ဆေးလွန်ဘေးမို့ ချင့်ချိန်ကျွေးဖို့တော့ လိုအပ်ပါတယ်နော်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
















