တစ်ကျော့ပြန် ကိုဗစ်ကာလအတွင်း ကလေးရဲ့ကိုယ်ခံအားကို မြှင့်တင်ထားပေးပါ
အခုအချိန်မှာ မိမိတို့ကလေးတွေရဲ့ ကိုယ်ခံစွမ်းအားကို အကောင်းမွန်ဆုံးအခြေအနေမှာ ထားရှိပေးဖို့အတွက် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်တဲ့ နည်းလမ်းတွေကို ဖေဖေမေမေတို့အတွက် ဝေမျှပေးလိုက်ပါတယ်။
၁။ အာဟာရစုံလင်စွာ ကျွေးမွေးပါ
အစာအုပ်စုသုံးစုကို မျှမျှတတ ကျွေးပေးပါ။ အထူးသဖြင့် ကိုယ်ခံစွမ်းအားကို အထောက်အကူပေးတဲ့ -
● ပရိုတင်းကြွယ်ဝတဲ့ အသားငါး၊ ပဲအမျိုးမျိုး၊ ဥအမျိုးမျိုး
● ဗီတာမင်စီကြွယ်ဝတဲ့ ချဉ်သောအသီးများ
● သံဓာတ်ကြွယ်ဝတဲ့ အနီရောင်အသားများ၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ
● ပရိုဘိုင်အိုတစ် နဲ့
● ဗီတာမင်အီး၊ ဇင့်၊ အိုမီဂါသရီး ကြွယ်ဝတဲ့ အခွံမာသီးများ စတာတွေကို ကျွေးပေးပါ။
Ceelin Plus 1

၂။ ကိုယ်လက်လှုပ်ရှားမှုရှိပါစေ
ကိုယ်ခံအားအတွက်သာမက အလုံးစုံကျန်းမာရေးကို ကောင်းမွန်စေဖို့အတွက် လေ့ကျင့်ခန်းလုပ်ခြင်း၊ ပြေးလွှားဆော့ကစားခြင်း စတာတွေကို လုပ်ဆောင်စေပါ။ တစ်နေကုန် အိမ်ထဲနေတဲ့အခါ ကလေးရဲ့ ကိုယ်၊ စိတ်ကျန်းမာရေးကို ထိခိုက်နိုင်လို့ တစ်ခါတစ်ရံ အပြင်ထွက်စေတာက ကိုယ်လက်လှုပ်ရှားမှုဖြစ်စေတဲ့အပြင် လေကောင်းလေသန့်ရှူပြီးသား၊ နေရောင်ခံပြီသားလည်း ဖြစ်စေပါတယ်။
၃။ ရေများများတိုက်ပါ
ရေများများသောက်ပေးခြင်းဟာ သွေးလှည့်ပတ်မှုကို ကောင်းစေတာကြောင့် အန္တရာယ်ရှိတဲ့ အဆိပ်အတောက်တွေကို ခန္ဓာကိုယ်ကနေ စွန့်ထုတ်ပစ်ဖို့ အထောက်အကူပေးပါတယ်။ ဒါ့အပြင် အသက်ရှူလမ်းကြောင်း ခြောက်သွေ့မှုမရှိအောင် လုပ်ဆောင်ပေးတာကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးတွေ အလွယ်တကူဝင်ရောက်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။
Ceelin Plus 2

၄။ လုံလောက်တဲ့အိပ်စက်ချိန် ထားပေးပါ
ကလေးတစ်ယောက်ဟာ အနည်းဆုံး ၈-၁၀ နာရီအထိ အိပ်စက်သင့်တာကြောင့် မိဘတွေအနေနဲ့ ကလေးတွေကို ပုံမှန်အိပ်စက်ချိန်ရအောင် ဂရုစိုက်ပေးပါ။
၅။ တစ်ကိုယ်ရည်သန်ရှင်းမှု အလေ့အကျင့်ကောင်းတွေကို သင်ကြားပေးပါ
မဖြစ်မနေ သင်ကြားပေးရမှာကတော့ လက်ဆေးခြင်းပါပဲ။ လက်ကို ဆပ်ပြာနှင့်ရေ အသုံးပြုပြီး အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် လက်ဆေးတတ်ဖို့ သင်ကြားပေးပါ။ အရာဝတ္ထုတွေကို ထိတွေ့ကိုင်တွယ်ပြီးတိုင်း၊ ချောင်းဆိုးနှာချေပြီးတိုင်း၊ အစာမစားခင်နဲ့ စားပြီးတိုင်းမှာ လက်ဆေးတဲ့ အလေ့အကျင့်ရအောင် သင်ကြားပေးပါ။
ဒီနည်းလမ်းငါးမျိုးအပြင် ကလေးကြီးတွေမှာ နှာခေါင်းစည်းတပ်တာ၊ လူစုလူဝေးရှောင်တာ၊ တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေတာ အစရှိတဲ့ စည်းကမ်းတွေကိုပါ လိုက်နာပြီး တစ်ကျော့ပြန်ကိုဗစ်မဖြစ်အောင် ကာကွယ်လိုက်ကြရအောင်။
Dr. Aye Hsu Mon (www.drmyanmar.com)
















