တီဗီကြည့်ရင်း အစာစားခြင်းက ကလေးတွေအတွက် ကောင်းပါ့မလား
ဒီနေ့ခေတ်မှာ နည်းပညာအသုံးပြုမှု များလာတာနှင့်အညီ အလုပ်များသောမေမေတို့ဟာ ကလေးတွေကို အစာကျွေးရာတွင် တီဗီပြရင်း ကျွေးတတ်ကြပါတယ်။ တကယ်ကတော့ အောက်ပါအချက်တွေအရ တီဗီကြည့်ရင်း အစာစားစေခြင်းဟာ ဆိုးကျိုးတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
(၁) အစား ပိုမိုစားမိစေခြင်း၊ အဝလွန်စေခြင်း
လေ့လာချက်များအရ တီဗီကြည့်ရင်း အစာစားခြင်းကြောင့် မိမိ ဘယ်လောက်စားနေမိသလဲဆိုတာ အာရုံမစိုက်မိ ဖြစ်စေပါတယ်။ ဒီလိုပိုမိုစားမိရာကနေ အဝလွန်စေပါလိမ့်မယ်။
(၂) မကျန်းမာသော စားသောက်မှုအလေ့အထ ဖြစ်စေခြင်း
တီဗီကို အာရုံစိုက်နေရခြင်းကြောင့် အစားအစာကို အရသာခံစားခြင်း မရှိတော့တဲ့အတွက် ကျန်းမာရေးနှင့် မညီညွတ်သော စားသောက်ခြင်း အလေ့အထကို ဖြစ်ပေါ်စေပါတယ်။
Ceelin Plus 1

(၃) ဇီဝကမ္မဖြစ်စဉ်များကို နှေးကွေးစေခြင်း
တီဗီကြည့်ရင်း အစာစားခြင်းကြောင့် အစာချေခြင်းဖြစ်စဉ်ကို နှေးစေပြီး အဆီတွေကိုလည်း ဖြည်းဖြည်းသာ လောင်ကျွမ်းစေတတ်ပါတယ်။
(၄) အစာမကြေဖြစ်စေခြင်း
တီဗီကြည့်ရင်း အစားစားခြင်းဟာ အစာမကြေခြင်းနှင့် ဆက်စပ်မှု ရှိနေပါတယ်။
(၅) စိတ်ကျေနပ်မှုမရှိခြင်း
အလုပ်နှစ်ခုစလုံးကို တစ်ပြိုင်နက် အာရုံစိုက်ရပါက ဘယ်တစ်ခုကိုမှ အပြည့်အဝ ခံစားရခြင်း မရှိတတ်ပါဘူး။ ဒါကြောင့် အစာကောင်းကောင်းမဝသလို တီဗီကိုလည်း အပြည့်အဝ အာရုံစိုက်နိုင်ခြင်းမရှိ ဖြစ်တတ်ပါတယ်။
Ceelin Plus 2

(၆) မိသားစုကြား ဆက်ဆံရေးကင်းမဲ့ခြင်း
တီဗီကြည့်ရင်း အစားစားခြင်းကြောင့် မိသားစု ထမင်းလက်ဆုံစားတဲ့ အလေ့အထကို ပျက်ပြားစေတဲ့အတွက် မိသားစု ရင်းနှီးချိန်နည်းပါးစေပါတယ်။
တီဗီကြည့်ရင်း အစာစားရတာကို နှစ်ခြိုက်နေတဲ့ သားသားမီးမီးလေးတွေအတွက်တော့ တစ်ခုခုကို မကြည့်ရပါက အစာမစားဘဲ ဂျီကျသောင်းကြမ်းတာမျိုး ရှိမှာပါပဲ။ ဒါပေမဲ့လည်း ရက်အနည်းငယ်လောက် အကျင့်လုပ်ပေးလိုက်ခြင်းဖြင့် တီဗီမကြည့်ဘဲ အစာစားတတ်တဲ့အကျင့်ကို မွေးမြူပေးနိုင်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
















