/
news/ကလေးများနှင့်ကျန်းမာရေး/ဒီနွေရာသီမှာ-သားသားမီးမီးလေးတွေကို-ဘယ်သင်တန်းပို့်ရပါ့

ဒီနွေရာသီမှာ သားသားမီးမီးလေးတွေကို ဘယ်သင်တန်းပို့်ရပါ့

Category
ကလေးများနှင့်ကျန်းမာရေး

         ပွင့်လင်းရာသီ စလာတော့မှာမို့ အသက် ၂ နှစ်ကနေ ၁၂ နှစ်အတွင်း သားသားမီးမီးလေးတွေကို ပြင်ပလှုပ်ရှားမှု ကောင်းကောင်းလေးတွေနဲ့ မိတ်ဆက်ပေးကြရအောင်။

♦       အကသင်ပေးတာက အသက် ၁၂ နှစ်အောက်အတွက် အသင့်တော်ဆုံး သင်ကြားပေးမှုပါ။ ဟန်ချက်ညီညီ တေးသွားနှင့်အညီ ကခုန်တာ ကိုယ်ခန္ဓာ ယိမ်းနွဲ့လှုပ်ရှားမှုတွေကို သဘာဝကျကျ လုပ်ဆောင်ခြင်းဖြင့် ဦးနှောက်ကနေ ဟန်ချက်ညီ ထိန်းချုပ်မှုတွေကို ကောင်းမွန်စေပါတယ်။ သီချင်းနဲ့သံစဉ်တွေကိုလည်း ကျက်မိပြီးသားဖြစ်တာကြေင့် စကားလုံး တည်ဆောက်မှုတွေကို သိသိသိသာသာ တိုးတက်စေပါတယ်။

♦       ရေကူးသင်တန်းကို မိဘတွေက သိပ်ငယ်လွန်းတယ်ဆိုပြီး မပို့ချင်ကြပါဘူး။ တကယ်တော့ မိခင်ဝမ်းထဲမှာကတည်းက ရေနဲ့နေထိုင်တာကို ကလေးတွေက အကျင့်ရပြီးဖြစ်တာမို့ စောနိုင်သမျှ စောစော ရေကူးသင်ပေးတာက အလားအလာ အလွန်ကောင်းတဲ့ တိုးတက်မှုကို တည်ဆောက်ပေးတာ ဖြစ်ပါတယ်။ ရေကူး သင်ပေးခြင်းဖြင့် ရေထဲမှာ ကိုယ်အဂါၤအစိတ်အပိုင်းတွေ ရှိသမျှ အကုန်တူတူ ညီတူညီမျှ လှုပ်ရှားရတာကြောင့် သွေးလည်ပတ်မှုကောင်းစေပြီး ကိုယ်အစိတ်အပိုင်းအလိုက် မျှချေထိန်းညှိမှုကို တိုးတက်စေပါတယ်။ အဝလွန်တဲ့ကလေးတွေအတွက် အသင့်တော်ဆုံးပါ။

♦       ဘောလုံး၊ ကြက်တောင်လိုမျိုး အပြေးအသင်းလိုမျိုး ကွင်းနဲ့ပတ်သက်တဲ့ အားကစားအသင်းအဖွဲ့ တစ်ခုခုကို သွင်းကြည့်ပါလား။ ဝတ်စုံပြည့်လေး ချုပ်ပေးပြီး အငယ်ဆုံးလေးအနေနဲ့ ပါဝင်လှုပ်ရှားကြည့်ခြင်းဖြင့် အသင်းအဖွဲ့စိတ်ဓာတ်ဖြစ်တဲ့ အချင်းချင်း တက်ညီလက်ညီ  ညီညွတ်မှုတွေ စည်းလုံးမှုတွေကို သူ့စိတ်ထဲကို စောနိုင်သမျှ စောစော ထည့်သွင်းပေးသလို ဖြစ်စေပါတယ်။

♦       ကျွမ်းဘားအားကစားနည်းဟာ ဘယ်လောက်ငယ်ငယ် စတင်နိုင်တဲ့ အားကစားနည်း ဖြစ်ပါတယ်။ တီဗီထဲမှာ သိပ်ငယ်တဲ့ကလေးတွေ ကျွမ်းဘားကျွမ်းကျင်စွာ ကစားပြတာကို တွေ့ဖူးကြမှာပါ။ ကိုယ့်ကလေးဟာ ကျွမ်းဘာပါရမီရှင်လေး ဖြစ်နေနိုင်တယ်နော်။ ပခုံး၊ ရင်ဘတ်၊ ဝမ်းဗိုက်နဲ့ လက်တွေကို ဟန်ချက်ညီညီ လှုပ်ရှားရတဲ့ ကျွမ်းဘားကစားနည်းကို အသက် ၁၂ နှစ်အောက်ကစပြီး သင်ကြားကြည့်နိုင်ပါတယ်။

♦       တေးဂီတဟာ အကောင်းဆုံးမှတ်ဉာဏ်ဖွံ့ဖြိုးမှု၊ လှုပ်ရှားမှု ဖြစ်ပါတယ်။ ချစ်စရာသားသားမီးမီးကို ဂီတတူရိယာ တီးမှုတ်နည်းလေးတွေ သင်ပေးပါ။ စန္ဒရား၊ တယော၊ ဗုံ စသည်ဖြင့် သူနှစ်သက်ရာ၊ စိတ်သန်ရာကို တီးခတ်သင်ယူပါစေ။

♦       တီထွင်ဖန်တီးမှုဉာဏ်ကို တည်ဆောက်ပေးပါ။ အသစ်အသစ်တွေ ဖန်တီးတာကို အားပေးပါ။ အပေါင်းအသင်းတွေနဲ့ အိမ်မှာစုပြီး အိုင်ဒီယာကောင်းကောင်းလေးတွေ စမ်းသပ် တွေးတော ကြံဆကြည့်ပါစေ။ ဆော့ကစားတဲ့ အတုံးလေးတွေနဲ့ အိမ်ကလေးတွေ ဖန်တီးတာ သဲပုံနဲ့ ရဲတိုက်လေးတွေ ဆောက်တာ။ ရွွှံစေးတွေနဲ့ အရုပ်ကလေးတွေ လုပ်တာမျိုးပေါ့။

♦       မိမိကိ်ုယ်မိမိ ကာကွယ်ဖို့ တိုက်ကွမ်ဒို၊ ကရာတေး သင်ပေးပါ။ မိမိကိုယ်ကို စနစ်တကျ လေ့ကျင့်တည်ဆောက်တာကို ငယ်ငယ်ကတည်းက လေ့ကျင့်ပေးခြင်းဖြင့် ကာယအား သန်စွမ်းကျန်းမာလာစေသလို  ကိုယ့်ကိုယ်ကို ကာကွယ်မှု အတွေးအခေါ်နဲ့ လေ့ကျင့်မှုကို စောစော အရှိန်တင်ပြီး ဖြစ်စေပါတယ်။

♦       သိပ်ဆော့နေတဲ့ကလေးတွေကို ပိုလီမာ clay နဲ့ အရုပ်ကလေးတွေ ထိုင်လုပ်ခိုင်းကြည့်ပါလား။ ပန်းပုရုပ်လေးတွေ စိတ်ကူးပေါက်သလို ထုလုပ်ပုံဖော်ကြည့်တာဟာ ရင်သွေးလေးတွေရဲ့ စိတ်ကူးဉာဏ်ရည်ကို တိုးတက်စေပြီး ငြိမ်သက်တည်ကြည်တဲ့ဉာဏ်ရည်နဲ့ ကိုယ်ရည်ကိုယ်သွေးကို မွေးဖွားလာစေပါတယ်။

♦       အထွေထွေ ဗဟုသုတအတွက် စာဖတ်ဝိုင်းလေးတွေကို ပို့ပေးတာကလည်း စာရေးစာဖတ်စွမ်းရည်ကို ကောင်းစေပါတယ်။ နွေမှာ လေ့ကျင့်ပြီးဖြစ်နေတဲ့ သားသားမီးမီးဟာ ကျောင်းတက်တဲ့အခါ အသင့်အနေထားနဲ့ စာတော်သူတစ်ယောက်အဖြစ် ရပ်တည်နိုင်မှာ မုချပါပဲ။

♦       ဘာသာစကားအသစ်တွေမှာ လူအသစ်တွေနဲ့ ရင်းနှီးဖို့ ကမ်ဘာကြီးကိုကြည့်ဖို့ ပြတင်းပေါက် ဖြစ်ပါတယ်။ ကလေးတွေကို ဘာသာစကားအသစ် စောစောသင်ပေးခြင်းဖြင့် လူမှုရေးကောင်းလာပြီး ဆက်ဆံရ လွယ်တဲ့ကလေးတွေ၊ ပြေလည်အောင်နေတတ်တဲ့ လူဝင်ဆံ့တဲ့ကလေးတွေ ဖြစ်လာကြပါတယ်။

♦       တကယ်တော့ ပုံပြင်ပြောတယ်ဆိုတာ တိမ်မြုပ်ပျောက်ကွယ်လုနီး အနုပညာဖြစ်နေပါပြီ။ ရွှေယုန်နဲ့ရွှေကျား၊ ယုန်နဲ့လိပ် စတာတွေနဲ့ ကြီးပြင်းလာသူတွေအဖို့ ပုံပြင်ထဲက သင်ခန်းစာတွေ၊ ဘဝနဲ့ပတ်သက်တဲ့ အနုပညာတွေ၊ အသိပညာတွေဟာ ငယ်ရွယ်နုနယ်တဲ့ ဦးနှောက်ထဲမှာ ပုံရိပ်ကျန်နေမှာပါပဲ။ ကလေးတွေကို ပုံပြင်ပြောကြပါ။

          ကြီးပြင်းလာချိန်မှာ ထက်မြက်တက်ကြွတဲ့ အတွေးအခေါ်၊ ကောင်းမွန်တဲ့ ဉာဏ်ရည်တွေ စနစ်တကျ လေ့ကျင့်ထားတဲ့ ကိုယ်ရည်ကိုယ်သွေးတွေဟာ ငယ်နိုင်သမျှ ငယ်ငယ်ကစလို့ တည်ဆောက်ပေးရတာ ဖြစ်ပါတယ်။ ရင်သွေးလေးတွေကို ဒီနွေမှာ ကောင်းမွန်တဲ့အနာဂတ် ပေးကြပါစို့။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)