နားထဲကို တစ်ခုခု ၀င်သွားတဲ့အခါ ဘာလုပ်ကြမလဲ
တစ်ခါတလေမှာ ကျွန်ုပ်တို့ နားတွင်းသို့ ပိုးကောင်၀င်ခြင်း သို့မဟုတ် ပစ္စည်းတစ်ခုခု ညှပ်နေခြင်းတို့ ကြုံဖူးကြမှာပါ။ ထို့ပြင် အချို့သော ကလေးငယ်များ အဆော့မက်သောအရွယ်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် နားထဲ၊ နှာခေါင်းထဲ စသော ကိုယ်ခန္ဓာရှိ အပေါက်များထဲသို့ ပစ္စည်းများထည့်ပြီး ကစားတတ်ကြပါတယ်။ မိဘများအနေနှင့် မိမိသားသမီးရဲ့ အခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်နေသင့်ပြီး သင့်ကလေး၏ နားထဲသို့ အရာ၀တၳုများ ၀င်သွားပါက အချိန်မီ ပြန်ထုတ်ဖို့ အရေးကြီးပါတယ်။ မဟုတ်ပါက ပိုး၀င်ခြင်း (infection) ဖြစ်စေပြီး နာကျင်ခြင်းနှင့်အတူ အကြားအာရုံချို့တဲ့သည်အထိ ဒုက္ခပေးနိုင်ပါတယ်။
လူကြီးများအနေဖြင့် မိမိနားအတွင်း တစ်စုံတစ်ခု ၀င်နေကြောင်း သိရှိနိုင်သော်လည်း ငယ်လွန်းသော ကလေးများကတော့ သူတို့ဘာသာ သိနိုင်မှာ မဟုတ်ပါဘူး။ ထို့ကြောင့် အလျင်အမြန် မထုတ်မိဘဲ အချိန်ကြာအောင် ညှပ်နေရာကနေ ပိတ်မိသည့်အခြေအနေထိ ဖြစ်လာနိုင်ပါတယ်။
သင် သို့မဟုတ် သင့်ကလေးငယ်၏ နားအတွင်းတွင် တစ်စုံတစ်ခု ပိတ်ဆို့နေပါက အောက်ပါအတိုင်း ဆောင်ရွက်နိုင်ပါတယ်။
● နားတွင်းသို့ မည်သည့်အရာနှင့်မျှ ကလော်ခြင်း မပြုပါနှင့်။ ထိုသို့ကလော်ခြင်းဖြင့် ပိတ်နေသောအရာကို နားတွင်းသို့ ပိုတောင်၀င်သွားအောင် လုပ်သလိုဖြစ်ပြီး အခန့်မသင့်လျှင် နားစည်ကိုပါ ထိခိုက်စေမှာပါ။
● ပိတ်ဆို့နေသောအရာကို အန္တရာယ်အကင်းဆုံးနည်းလမ်းဖြင့် အမြန်ဆုံး ဖယ်ရှားပါ။
● ပိတ်နေသောအရာကို သေချာမြင်နေရပါက ဇာဂနာ သို့မဟုတ် သန့်ရှင်းသော ညှပ်တစ်ခုခုဖြင့် ဆွဲယူဖယ်ရှားနိုင်ပါတယ်။
● ကမ်ဘာမြေရဲ့ဆွဲအားကို အသုံးချပါ။
ပိတ်နေသောဘက်ကို ခေါင်းစောင်းပြီး ကမ်ဘာ့ဆွဲအားအတိုင်း အောက်သို့ ပြုတ်ကျအောင် ကြိုးစားနိုင်ပါတယ်။
● အင်းဆက်ပိုး ၀င်ရောက်နေပါက ဆီကို အသုံးပြုပါ။
သံလွင်ဆီ သို့မဟုတ် baby oil ကို အသုံးပြုနိုင်ပါတယ်။ အင်းဆက်ပိုးမွှား ၀င်ရောက်ခြင်းအတွက်သာ အသုံးပြုနိုင်ပြီး အခြားသောပစ္စည်းများ ၀င်ရောက်ပါက အသုံးမပြုသင့်ပါဘူး။ ရှေးဦးစွာ ပိုးကောင်၀င်သည့်နားကို အပေါ်တွင်ထားပြီး ခေါင်းကိုစောင်းပါ။ ထို့နောက်ဆီကို ဖြည်းညင်းစွာ ထည့်ပေးပြီး မိနစ်၀က်ခန့် ခေါင်းကို ငြိမ်ငြိမ်ထားပါ။ ထို့နောက် ခေါင်းကို ပိုးကောင်၀င်သည့်ဘက်ကို ပြန်စောင်းချပါ။ ဆီနှင့်အတူ ပိုးကောင် ပြန်ထွက်သွားနိုင်ပါတယ်။
● ရေဖြင့် ဆေးချပါ။
ဒီနည်းကိုတော့ သိပ်အားမပေးပါဘူး။ အခန့်မသင့်ပါက ရေကြောင့် ပိုး၀င်ခြင်း ဖြစ်နိုင်ပါတယ်။ နားအတွက် သီးသန့်သုံးသော ဆေးထိုးပြွန်ထဲသို့ ရေခပ်နွေးနွေးထည့်ပြီး နားထဲသို့ ဆေးထိုးပြွန်နှင့် ရေဆေးရမှာ ဖြစ်ပါတယ်။
အထက်ပါနည်းလမ်းများနှင့် အဆင်မပြေလျှင် သို့မဟုတ် နား အလွန်နာကျင်ခြင်း၊ နားပြည်ယိုခြင်း၊ နားအကြားအာရုံ ချို့တဲ့ခြင်းတို့ ဖြစ်ပေါ်ပါက နားအထူးကု ဆရာ၀န်နှင့် အမြန်ဆုံး တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
















