လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် ဉာဏ်ရည်ဉာဏ်သွေးမြင့်မားနိုင်
လေ့လာမှုအသစ်များအရ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်းအားဖြင့် ကလေးများ၏ အာရုံစူးစိုက်နိုင်မှုနှင့် တစ်ခုထက်မကသော အလုပ်များကို တပြိုင်နက် လုပ်ဆောင်နိုင်စွမ်းတို့ မြင့်တက်လာနိုင်တယ်လို့သိရပါတယ်။ သုတေသီများက အသက် 7 နှစ်မှ 9 နှစ်အရွယ် ကလေး 22 ယောက်ကိုစနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်တိုင်းတွင် မိနစ် 70 ခန့် အသင့်အတင့် ပြုလုပ်ရသော လေ့ကျင့်ခန်းနှင့် အပြင်းအထန်ပြုလုပ်ရသော လေ့ကျင့်ခန်းများ ကို ပြုလုပ်စေခဲ့ပါတယ်။ ထို့နောက် အကြောင်းအရာတစ်ခုခုကို ဖတ်ရှုစေပြီး၊ ထိုအကြောင်းအရာနှင့် ပတ်သက်သော မေးခွန်းများကို ဖြေဆိုစေခြင်းစသော စစ်ဆေးမှုများအပါအ၀င် ကလေးငယ်များ၏ မှတ်ဉာဏ်နှင့်အာရုံစူးစိုက်မှု၊ ပတ်၀န်းကျင်မှ လှုံ့ဆော်မှုနှင့် အပြောင်းအလဲများကို တုန့်ပြန်မှုများနှင့်ပတ်သက်သော စမ်းသပ်မှုများကို ပြုလုပ်ခဲ့ကြပါတယ်။ ထိုအခါလေ့ကျင့် ခန်း မှန်မှန်ပြုလုပ်သော ကလေးငယ်များတွင် အာရုံစူးစိုက်နိုင်စွမ်း၊ လှုံ့ဆော်မှုများကိုတုန့်ပြန်နိုင်စွမ်းနှင့် တချိန်တည်းမှာပင် တစ်ခုထက်မကသော ကိစ္စရပ်များကို လုပ်ဆောင်နိုင်စွမ်းတို့တွင် အခြားသော ကလေးများထက် သာလွန်နေကြောင်းတွေ့ရပါတယ်။ ထို့အတူပင် အခြားသော လေ့လာမှုများမှတဆင့် လေ့ကျင့်ခန်းပြုလုပ်ခြင်းကြောင့် သင်ကြားမှုနှင့်သက်ဆိုင်သော ဦးနှောက်အစိတ်အပိုင်းပေါ်တွင် သက်ရောက်သော အကျိုးအာနိသင်များကိုလေ့လာတွေ့ရှိရပါတယ်။ ငယ်စဉ်ကပင် ေ၀ဖန်ပိုင်းခြားနိုင်စွမ်းနှင့် ဉာဏ်ရည်ဉာဏ်သွေး တိုးမြင့်အောင်လေ့ကျင့်ပေးခြင်းဖြင့် ကျောင်းပြေးခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ဆယ်ကျော်သက်အရွယ် ကိုယ်၀န်ဆောင်ခြင်းစသည့် မလိုလားအပ်သော ပြဿနာများ ကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။
Dr. Htet Htet Aung






























