အသက် 2 နှစ်အောက် ကလေးများတွင် ပိုးသတ်ဆေးသုံးစွဲခြင်းနှင့် အ၀လွန်ခြင်းဆက်စပ်မှုရှိ
Pennsylvania တက္ကသိုလ်မှ တွဲဖက်ပါမောက္ခ Dr.Charles Bailey နှင့် အဖွဲ့၏လေ့လာချက်အရ အသက် ၂ နှစ်အောက်ကလေးများကို Broad-spectrum ပိုးသတ်ဆေးများ တိုက်ကျေွးပါက အ၀လွန်ရောဂါဖြစ်နိုင်ခြေ အနည်းငယ်မြင့်တက်လာနိုင်တယ်လို့ သိရှိရပါတယ်။
Broad-spectrum ပိုးသတ်ဆေးတွေဟာ ပိုးအမျိုးအစားတော်တော်များများကို သေစေပါတယ်။ ဆေး တစ်မျိုးသောက်တာနဲ့ ပိုး ၁၀ မျိုးလောက်ကို ရှင်းနိုင်တဲ့ဆေးတွေပါ။ Narrow-spectrum ကတော့ ဘောင်ကျဉ်းသွားပါတယ်။ တစ်ချို့ပိုးအမျိုးအစားတွေလောက်ပဲ သေစေနိုင်တာမျိုးဖြစ်ပါတယ်။
Dr.Charles Bailey က “ကလေးမှာ ဖြစ်နေတဲ့ရောဂါက ပိုးသတ်ဆေး တကယ်လိုသလား၊ လိုရင်ကော ဘာကို ရွေးကြမလဲဆိုတာ စဉ်းစားဖို့ ပိုပြီးလိုအပ်လာပါပြီ” လို့ ပြောပါတယ်။ သူတို့အဖွဲ့ဟာ ၃ နှစ်တိတိ မွေးစမှ အသက် ၅ နှစ်ထိ ကလေးပေါင်း 65,000 နီးပါးရဲ့ ဆေးခန်းမှတ်တမ်းတွေ ကို စောင့်ကြည့်လေ့လာပြီးမှ ဒီရလဒ်ကို ထုတ်ဖော် ပြောကြားခဲ့တာဖြစ်ပါတယ်။
ဆေးမှတ်တမ်းတွေအရ အသက် ၂ နှစ် မတိုင်ခင်ကတည်းက ကလေးငယ် 69% ဟာ ပိုးသတ်ဆေး တစ်မျိုးမျိုး တိုက်ကျေွးခံခဲ့ရပါတယ်။ အဲဒီမှာမှ Broad-spectrum ပိုးသတ်ဆေးတွေ တိုက်ကျေွးခံခဲ့ရတဲ့ ကလေးတွေဟာ အ၀လွန်ရောဂါဖြစ်နိုင်ခြေ 16% ထိ မြင့်တက်လာပြီး Narrow-spectrum ပိုးသတ်ဆေးတွေကတော့ အ၀လွန်ရောဂါနဲ့ဆက်စပ်မှု မရှိတာကိုသွားတွေ့ရပါတယ်။
" ဒီ 16% ဟာ သိပ်များတဲ့ပမာဏ မဟုတ်ပေမယ့် နောက်ပိုင်းမှာ ပိုးသတ်ဆေးရွေးချယ်တာကို ကျွန်တော်တို့တွေပိုပြီး ဂရုတစိုက် လုပ်ဆောင်သွားသင့်တယ်” လို့ Utah School of Medicine ရဲ့ ကလေးကူးစက်ရောဂါဌာနမှ Dr.Andrew Pavia က အကြံပြုထားပါတယ်။
Dr. Htet Htet Aung






























