နားအတွင်းရောဂါပိုးမ၀င်အောင် ဘယ်လိုကာကွယ်မလဲ
နားပိုးဝင်ခြင်းကိုကာကွယ်နိုင်တယ်လို့ အာမခံချက်မရှိပေမယ့် အောက်ပါအချက်များကတော့ ကလေးကို ဆရာဝန်ခဏခဏပြရခြင်းမှ လျော့ကျစေနိုင်ပါတယ်။
1. မိခင်နို့တိုက်ကျေွးပါ။ လေ့လာမှုတွေအရ ခြောက်လတိတိမိခင်နို့တစ်မျိုးတည်းကိုသာတိုက်ကျေွးခြင်းက ကလေးတွေကို ရောဂါပိုးဝင်ရောက်ခြင်းမှကာကွယ်နိုင်ပါတယ်။
2. ဆေးလိပ်မသောက်ပါနှင့်၊ တစ်ဆင့်ခံဆေးလိပ်ငွေ့မရှူမိပါစေနှင့်။ ဆေးလိပ်ငွေ့တွေက Eustachian tube မှာရှိတဲ့ အမွေးလေးတွေကိုတုံ့ဆိုင်းသွားစေခြင်းဖြင့် အချွဲတွေက အလယ်နားကနေမထွက်တော့ဘဲ ပိုးဝင်နိုင်ချေများစေပါတယ်။
3. ကာကွယ်ဆေးထိုးထားပါ။ 2007 ခုနှစ်မှာထွက်တဲ့ ကလေးဂျာနယ်တစ်ခုအရ နားပိုးဝင်ခြင်း၊ ဦးနှောက်အမြှေးပါးရောင်ခြင်းနဲ့ အခြားရောဂါတွေကိုဖြစ်စေတဲ့ Pneumococcal ဘက်တီးရီးယားကိုကာကွယ်နိုင်တဲ့ Prevnar ဆိုတဲ့ ကာကွယ်ဆေးအကြောင်းကိုပြောထားပါတယ်။ ဒီကာကွယ်ဆေးက ကလေးတွေမှာခဏခဏနားပိုးဝင်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ သို့သော်လည်း ဒီကာကွယ်ဆေးက နားပိုးဝင်ခြင်းကိုဖြစ်စေတဲ့ ဘက််တီးရီးယားပိုးအမျိုးအစားအချို့ကိုသာ ကာကွယ်ပေးနိုင်ပါတယ်။
4. အသက်အရမ်းငယ်သေးတဲ့အချိန်မှာ အရမ်းလူများတဲ့ နေ့ကလေးထိန်းကျောင်းတွေမှာ မထားပါနဲ့။ နေ့ကလေးကျောင်းမှာထားတဲ့ကလေးတွေက မထားတဲ့ကလေးတွေထက် ပိုပြီးနားပိုးဝင်တတ်ပါတယ်။ ကလေးထိန်းကျောင်းမှာ ကလေးနည်းလေလေ ပိုကောင်းလေလေပါပဲ။ ကလေးများရင် ကလေးတစ်ယောက်ဆီကနေတစ်ယောက် နေမကောင်းဖြစ်တာတွေ၊ အအေးမိတာတွေပိုပြီးကူးစက်စေနိုင်ပါတယ်။
5. ပုလင်း (သို့) ခွက်ထဲကအရည်ကို လှဲနေရင်းမသောက်ပါစေနဲ့။ အရည်သောက်တဲ့အချိန်မှာ ခေါင်းက ဝမ်းဗိုက်ထက် မြင့်နေမှသာ အရည်တွေက Eustachian tube ထဲကနေ အလယ်နားကို မစီးဝင်နိုင်မှာဖြစ်ပါတယ်။
6. ဓာတ်မတဲ့မှုတွေမဖြစ်အောင် သတိထားပါ။ ကလေးနားပိုးဝင်ခြင်းက ဓာတ်မတဲ့ခြင်းကြောင့်ဖြစ်တာဆိုရင် အိမ်မှာဓာတ်မတဲ့ခြင်းဖြစ်စေနိုင်တဲ့အရာတွေကို အတတ်နိုင်ဆုံးဖယ်ရှားထားပါ။ ဥပမာအားဖြင့် မိမိကလေး အများဆုံးနေတတ်တဲ့အခန်းထဲမှာ အမှုန်၊ တိရစၧာန်အမွေးတွေမရှိအောင် သန့်ရှင်းထားပါ။
Dr. Mya Myo Myo Swe
















