/
news/ကလေးများနှင့်ကျန်းမာရေး/ပန်းနာရင်ကြပ်ရှိမှန်း-မသိခဲ့လို့

ပန်းနာရင်ကြပ်ရှိမှန်း မသိခဲ့လို့ ...

Category
ကလေးများနှင့်ကျန်းမာရေး

          ပန်းနာရင်ကြပ်ရောဂါ ခံစားနေရတဲ့ သားရောသမီးရောကြောင့် ဂျနီဖာတို့ မိသားစု တော်တော် စိတ်ညစ်စရာတွေ များခဲ့ရတာပါ။  လွန်ခဲ့တဲ့နှစ်နှစ်လောက်ထိကနေ စပြီး မိခင်ရော၊ ဖခင်ရော သိလိုက်ရတာက မွေးထားတဲ့ ကလေးနှစ်ယောက်လုံးမှာ ရင်ကြပ်ရောဂါရှိနေတာပါပဲ။

          သမီးကြီးက မကြာခဏ ချောင်း တဟွတ်ဟွတ် ဆိုးနေတတ်ပြီး အမြဲနေမကောင်းနေတတ်သူပါ။  ငယ်ငယ်ကတည်းက  ဆရာဝန်ဆီသွားပေမယ့် ခဏသက်သာပြီး သိပ်မကြာခင် ပြန်ဖြစ်တာပါပဲ။ အိပ်ရာဝင်ခါနီးတိုင်း လည်ချောင်းလေး တဟပ်ဟပ် ချောင်းဆိုးသံ ညတိုင်းကြားနေရတဲ့ သမီးကြီးအတွက်ကြောင့်  မိဘနှစ်ပါးမှာ တစ်စက်လေးမှ စိတ်မချမ်းသာပါဘူး။ စိတ်မချမ်းသာပေမယ့် ဒီတိုင်းပဲ ကြည့်နေရပါတယ်။ ရာသီဥတုလေး ပြောင်းလာတိုင်း ချောင်းဆိုးနေတတ်ပြီ။ ပိုလည်းဆိုးမလာတော့ ဒီတိုင်း ထားမိလျက်သားပါပဲ။ ချောင်းဆိုးပျောက်ဆေးလေးတွေကလည်း အလွယ်တကူ ဝယ်ရနေတယ် မဟုတ်လား။ အသက် ၆ နှစ်လောက်ကျတော့ ဓာတ်မတည့်တာကို အထူးပြုလေ့လာတဲ့ ပညာရှင်တစ်ယောက်နဲ့ ဆုံမိပြီး သမီးကြီးမှာ ဖုန်အမှုန်နဲ့ ဓာတ်မတည့်တာရှိပြီး ပန်းနာရင်ကြပ်ဖြစ်နေတာကို သိလိုက်ရပါတယ်။ ငယ်ငယ်ကတည်းက ချောင်းတဟပ်ဟပ် ဖြစ်နေခဲ့တဲ့အကြောင်းရင်းကို အခုတော့ သိရပြီပေါ့။ ဆောင်းတွင်း ကလေးတွေအတွက် အထူးပြုလုပ်ထားတဲ့ ရှူဆေးလေးကြောင့် ရင်ကြပ်ချောင်းဆိုးတဲ့ အကြိမ်ရေ သိသိသာသာ လျော့လာပေမယ့် အေးတဲ့အခါ၊ နွေရာသီဖုန်ထူတဲ့အခါ အကြောင်းရှာပြီး ရင်ကြပ်နေတတ်ဆဲပါ။

          သိပ်မကြာပါဘူး။ သားငယ်မှာပါ ထပ်ဇာတ်လမ်း စလာပြန်ပါတယ်။ သမီးကြီးရဲ့ ရင်ကြပ်ပန်းနာကနေ သင်ခန်းစာရခဲ့တဲ့ ဇနီးမောင်နှံဟာ အခုတစ်ဖန် သားငယ်လေးအတွက်ကို လျင်လျင်မြန်မြန်ပဲ ရောဂါရှာတွေ့ခဲ့ပါတယ်။ ဓာတ်ခွဲစစ်ဆေးချက်အရ သားငယ်ဟာ မြေပဲနဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို ဓာတ်မတည့်ကြောင်း တွေ့ရှိရပါတယ်။ အဲဒါတွေကို ရှောင်လိုက်ပြန်တော့ အတော်လေး နေပြန်ကောင်းလာပါတယ်။ ဒါပေမဲ့ အအေးပိုတဲ့နေ့တွေ၊ လေပြင်းမိတဲ့အချိန်တွေ၊ ဖုန်တွေ သဲတွေနဲ့ ဆော့မိတဲ့ရက်တွေမှာ သားငယ်ဟာ အမြဲကြပ်နေတတ်တုန်းပါပဲ။ သားငယ်အတွက်ကိုလည်း ဆရာဝန် ညွန်ကြားတဲ့ ရှူဆေးလေးနဲ့ အထူးကိရိယာ ဆရာဝန်ဆီ သွားလိုက်ပြန်လိုက်နဲ့ ကိရိယာလေးသုံးပြီး ရှူနေရပါသေးတယ်။  လင်မယားနှစ်ယောက်လုံး ဗျာများကြရရှာပါတယ်။ အတော် စိတ်ရှုပ်၊ စိတ်ပျက်စရာကောင်းတဲ့ ပန်းနာရင်ကြပ်ရောဂါလို့ ဆိုရမှာပါ။ ကံမကောင်းစွာဘဲ သားသမီးနှစ်ယောက်လုံးမှာ ရှိနေပါတယ်။ ဒါပေမဲ့ သားနဲ့သမီးအတွက် အထူးကိရိယာလေးနဲ့ အမြဲရှူစေတဲ့အပြင် သွားလေရာ သယ်သွားတဲ့အတွက် သူတို့နှစ်ယောက် စိတ်တော့ မပျက်ပါဘူး။  အရမ်းကြီး ဘာမှ စိတ်မပူ၊ စိတ်မညစ်ရတာတွေတော့ ကင်းဝေးခဲ့ပါတယ်။

          နောက်ထပ် သူတို့ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်အရ သိပ်အေးတဲ့ဒေသကနေ နွေးထွေးပြီး ရာသီဥတုမျှတတဲ့နေရာလေးကို ပြောင်းခဲ့တာက အတော်အကျိုးရှိခဲ့တယ် ဆိုရမှာပါပဲ။ သူတို့လက်ရှိနေနေတဲ့  အပူပိုင်းမြို့တစ်ခုကို ပြောင်းခဲ့ကြပါတယ်။ အိမ်ကိုလည်း သဘာဝပြတင်းပေါက်တွေ ဖွင့်ထားပြီး လေဝင်လေထွက်ကောင်းစေတဲ့အပြင်  အိမ်တွင်းအိမ်ပြင်ကိုလည်း ဖုန်မထစေဖို့ သမံတလင်း အပြည့်ခင်းလိုက်ပါတယ်။ အိမ်မှာ ပန်းကအစ မစိုက်၊ အိမ်မွေးတိရစၧာန်လည်း မမွေးခဲ့ကြပါဘူး။ ကော်ဇောတွေ၊ မွေးပွစောင်တွေအစား ချည်ထည်စောင်အခင်း  ပေါ့ပေါ့ပါးပါးလေးတွေ ပြောင်းလဲသုံးစွဲခဲ့ကြပါတယ်။ အံ့စရာပါပဲ။ ဟိုသိပ်အေးတဲ့ဒေသမှာတုန်းက မကြာခဏ ချွဲထ၊ ရင်ကြပ်ခဲ့ကြတဲ့ မောင်နှမနှစ်ယောက် အရင်လို မကြပ်တတ်တော့တာ တွေ့ရပါတယ်။ အခုတော့ အတော်လေး ကျန်းမာရေး ကောင်းမွန်လာပြီး တစ်ရက်ကို တစ်ကြိမ်ခန့်သာ ရှူရပြီး မတည့်တဲ့ အစားအစာတွေကိုလည်း သတိရှိရှိ ဝေးဝေးထားတဲ့ မိခင်ဖခင်ကြောင့် သူတို့လေးတွေ လက်ရှိကျန်းမာနေကြပါတယ်။

          တလောကတော့ သူများအိမ်သွားလည်ရင်း ခွေးလေးကို ပွေ့မိလို့ သားငယ် ရင်ပြန်ကြပ်သလို သူငယ်ချင်းတွေနဲ့ တိရစၧာန်ရုံလိုက်သွားတဲ့ သမီးကြီးကိုလည်း ရင်ကြပ်လာလို့ ဆရာဝန်နဲ့ ပြန်ပြခဲ့ရတာတစ်ခုပါပဲ။ ဒီအဖြစ်လေးကိုကြည့်ခြင်းအားဖြင့် နေရာဒေသ ပြောင်းလဲနေထိုင်ခြင်း၊ ကလေးတွေကို မတည့်တဲ့အရာတွေကနေ ဝေးဝေးထားခြင်း (ဥပမာ - ပန်း၊ မွေးပွအသုံးအဆောင်အရုပ်)၊ နွေးနွေးထွေးထွေးထားခြင်း၊ လေစိမ်းမခံစေခြင်း၊ အိမ်မွေးတိရစၧာန်များနှင့် မထိတွေ့စေခြင်း၊ အစားအစာ ဆင်ခြင်ကျွေးမွေးခြင်းတို့ဖြင့် အဆင်ပြေပြေနဲ့ ပန်းနာရင်ကြပ် မကြာခဏထတာကို အလွယ်တကူ ကာကွယ်နိုင်ပါတယ်နော်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)