ဘေဘီလေးတွေကို ဘယ်အရွယ်ကစပြီး သွားတိုက်ပေးကြမလဲ ?
သွားဖြူဖြူလေးတွေထွက်လာစပြုတာနဲ့ ကလေးငယ်တွေရဲ့သွားကိုစတင်ပြီး သန့်ရှင်းပေးသင့်ပါတယ်။ ကလေးအများစုအနေနဲ့ လေးလသား၀န်းကျင်မှာ သွားစပေါက်တတ်ပါတယ်။ ပထမဆုံးအကြိမ်အနေနဲ့ ကလေးငယ်ရဲ့သွားကို သန့်ရှင်းပေးရမယ့်အချိန်မှာ သန့်ရှင်းစင်ကြယ်သော ပိတ်ကျဲစလေးကို ရေစွတ်ကာ ကလေးငယ် သွားကြားလေးများရှိသွားချေးများနဲ့ သွားဖုံးတစ်၀ိုက်ကို ညင်သာဖြည်းညင်းစွာပွတ်ပြီး သန့်စင်ပေးသင့်ပါတယ်။ တစ်နေ့မှာ နှစ်ကြိမ်သန့်စင်ပေးဖို့လိုအပ်ပါတယ်။
သွားတွေတော်တော်ပေါက်လာပြီဆိုရင်တော့ နူးညံ့ပျော့ပျောင်းတဲ့အမွှေးလေးတွေပါတဲ့ ကလေးသွားပွတ်တံကို အသုံးပြုသင့်ပါပြီ။ မနက်တစ်ကြိမ်၊ ညအိပ်ရာမ၀င်မီ တစ်ကြိမ် သွားတိုက်ခြင်း အလေ့အကျင့်ကို ငယ်စဉ်ကတည်းက ပြုစုပျိုးထောင်ထားသင့်ပါတယ်။
မိဘတွေအနေနဲ့ ဖလူရိုက်ဒ်မပါတဲ့ သွားတိုက်ဆေးတွေကို ရွေးချယ်သုံးစွဲဖို့လိုပါတယ်။ စူပါမားကတ်တွေမှာ အလွယ်တကူ၀ယ်ယူနိုင်ပါတယ်။ ဖလူရိုက်ဒ်မပါတဲ့ သွားတိုက်ဆေးကို ရွေးချယ်ရတဲ့ အကြောင်းကတော့ ကလေးငယ်အနေနဲ့ ဖလူရိုက်ဒ်ပါ၀င်တဲ့ သွားတိုက်ဆေးတွေကို အများကြီးမျိုချမိရင် ဖလူရိုက်ဒ် အဆိပ်သင့်နိုင်ပါတယ်။ နေ့စဉ် သုံးစွဲတဲ့ပမာဏများရင်လည်း သွားအရောင်ပြောင်းတာမျိုးဖြစ်နိုင် ပါသေးတယ်။ ဒါ့ကြောင့် အနည်းဆုံး ကလေးအသက် (3) နှစ်အထိ ဖလူရိုက်ဒ်မပါတဲ့ သွားတိုက်ဆေးကိုပဲ အသုံးပြုသွားသင့်ပါတယ်။
CMS (www.drmyanmar.com)