မိဘများကွာရှင်းခြင်းကြောင့် သားသမီးများတွင် အ၀လွန်ခြင်းကိုပိုမိုခံစားရနိုင်
လေ့လာမှုအသစ်တစ်ခုအရ ကွာရှင်းထားတဲ့မိဘများရဲ့ ကလေးငယ်များဟာ အ၀လွန်ခြင်းကို 63 ရာခိုင်နှုန်းခန့် ပိုမိုခံစားရလေ့ရှိတယ်လို့သိရပါတယ်။ အော်စလိုမြို့တော်ရှိ နော်ေ၀ပြည်သူ့ကျန်းမာရေး တက္ကသိုလ်မှ ကလေးပေါင်း 3000 ကျော်ကိုလေ့လာမှုပြုလုပ်ခဲ့ရာ မိန်းကလေးတွေနဲ့ စာရင် ယောကျာ်းလေးတွေက ကိုယ်အလေးချိန်တိုးခြင်းကို ပိုမိုခံစားရကြောင်းတွေ့ရပါတယ်။
ဤလေ့လာမှုက မိဘများကွာရှင်းခြင်းနဲ့ ကလေးများအလေးချိန်တိုးခြင်းတို့ ဆက်စပ်မှုရှိတာကိုသာ ပြသတာဖြစ်ပြီး ကွာရှင်းခြင်းဟာကိုယ်အလေးချိန်တိုးခြင်းရဲ့ အဓိကအကြောင်းရင်း မဟုတ်ဘူးလို့ လေ့လာသူတွေက ဆိုပါတယ်။ ဒါပေမယ့် မိဘတွေကွာရှင်းတာကြောင့် ကလေးငယ်များမှာ ၀မ်းနည်းခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ မလှုပ်ချင် မသယ်ချင်ဖြစ်ခြင်းစတဲ့ ဖိအားတွေနဲ့ ရင်ဆိုင်လာရပါတယ်။ မိဘထံမှ ဂရုစိုက်မှုလျော့နည်း လာခြင်းတို့ကြောင့် စိတ်ဖိစီးမှုများလာပြီး အစားအလွန်အကျွံစားမိခြင်း၊ မိဘများရဲ့ သေချာစွာ ချက်ပြုတ်ပြင်ဆင်ပေးမှုများ လျော့နည်းလာခြင်းကြောင့် အသင့်စားအစားအစာများ ပိုစားလာမိပြီး ကလေးငယ်များဟာအ၀လွန်ခြင်းကို ခံစားလာရတာဖြစ်ပါတယ်။
အ၀လွန်ခြင်းဟာ ဆီးချိုရောဂါဖြစ်ခြင်း၊ သွေးတိုးရောဂါဖြစ်ခြင်းတို့နဲ့ ဆက်စပ်နေတာကြောင့် မိဘများအနေနဲ့ ကွာရှင်းပြီးသည့်တိုင်အောင် ကလေးငယ်ရဲ့ စားသောက်မှုပုံစံ မှန်ကန်အောင်ပြုလုပ်ပေးခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ဖြစ်အောင် တိုက်တွန်းခြင်းတို့ကို ဆောင်ရွက်သင့်ပါတယ်။
Dr. Htet Htet Aung
















