မိုးရာသီမှာ ဘေဘီလေးတွေ ကြုံရနိုင်တဲ့ ကျန်းမာရေးပြဿနာများ
မိုးရာသီမှာ ရောဂါဘယတွေလည်း ထူပြောတတ်တာကြောင့် ငယ်ရွယ်နုနယ်ပြီး ခုခံအားနည်းတဲ့ မွေးကင်းစကလေးငယ်ဟာ ထိခိုက်လွယ်ပြီး ဓာတ်မတည့်ခြင်း၊ ကူးစက်ရောဂါနှင့် အရေပြားပြဿနာတွေ ဖြစ်ဖို့ အလားအလာပိုများပါတယ်။
1. Stomach flu or gastroenteritis (အစာအိမ်နှင့် အူလမ်းကြောင်းရောင်ရမ်းခြင်း)
အဓိကအားဖြင့် Rotavirus ဒါမှမဟုတ် အစာအဆိပ်သင့်ခြင်းကို ဖြစ်စေတဲ့ ဘက်တီးရီးယားပိုးကူးစက်ခံရခြင်းတို့ကြောင့် ဖြစ်ပြီး နို့ဘူးသောက်တဲ့ ကလေးတွေမှာ ပိုပြီးအဖြစ်များတာကိုတွေ့ရပါတယ်။ ကလေးငယ်တွေဟာ တနှစ်မှာ 3 ကြိမ်လောက် အစာအိမ်နှင့် အူလမ်းကြောင်းရောင်ရမ်းခြင်းကို ခံစားရလေ့ရှိပြီး ရောဂါလက္ခဏာတွေအနေနဲ့ ၀မ်းပျက်၀မ်းလျှောဖြစ်ခြင်း၊ ၀မ်းဗိုက်နာခြင်း၊ အော့အန်ခြင်း၊ ကိုယ်ပူခြင်း၊ ခန္ဓာကိုယ်ကိုက်ခဲခြင်းတို့ကို ခံစားရပါတယ်။
ကုသမှုအနေနဲ့ကတော့ ရေဓာတ်ပြည့်၀နေစေရန် အရည်များများတိုက်ပေးပါ။ ရေဓာတ်ပြည့်၀နေခြင်းက Stamach flu ကို တိုက်ထုတ်ဖို့အတွက် အထောက်အကူအများကြီးပြုပါတယ်။
အစာအိမ်နှင့် အူလမ်းကြောင်းရောင်ရမ်းခြင်းမဖြစ်စေဖို့အတွက် တကိုယ်ရေသန့်ရှင်းမှုက အဓိကဖြစ်ပါတယ်။ ကလေးငယ်ကို ပြုစုတဲ့သူတွေအနေဖြင့် အိမ်သာ၀င်ပြီးချိန်တွင် လက်ကို ဆပ်ပြာနှင့်စင်ကြယ်စွာ ဆေးကြောဖို့လိုအပ်ရုံသာမက သစ်ပင်ပန်းပန်များနှင့်ထိတွေ့ခြင်း၊ ကလေးငယ်အား Diaper (သေးခံ) လဲပေးခြင်း၊ အိမ်သန့်ရှင်းရေးပြုလုပ်ခြင်း၊ အမှိုက်စွန့်ပစ်ခြင်း၊ အိမ်မွေးတိရစၧာန်များနှင့်ထိတွေ့ခြင်းတို့ ပြုလုပ်ပြီးချိန်မှာလည်း လက်ကို ဆပ်ပြာနှင့်စင်ကြယ်အောင်ဆေးကြောရပါမယ်။
2. လက်သည်း၊ ခြေသည်းမှိုစွဲခြင်း
မှိုစွဲခြင်းဟာ ခြေသည်းလက်သည်းတွေမှာ အများဆုံးဖြစ်လေ့ရှိပြီး မှိုစွဲတဲ့အခါမှာ လက်သည်းဟာ ခြောက်သွေ့ကြမ်းတမ်းပြီး ကျွတ်ဆတ်လာပါတယ်။ လက်သည်းတ၀ိုက်မှာ နီရဲရောင်ရမ်းပြီး ယားယံခြင်းကို ခံစားရလေ့ရှိပါတယ်။ အရေပြားစိုစွတ်နေချိန်တွင် မှိုစွဲရန် အလားအလာပိုများပြီး လက်သည်းခုံအောက်မှာရှိနေတဲ့ အစိုဓာတ်ကြောင့် ရောဂါပိုးမွှားတွေ ပိုမိုပေါက်ပွားနိုင်ပါတယ်။ ဆရာ၀န်ညွှန်ကြားချက်ဖြင့် မှိုသတ်ဆေးတွေ အသုံးပြုနိုင်ပါတယ်။
လက်သည်းရှည်ဖြင့် ကုတ်ခြစ်မိပါက အရေပြားပေါက်ပြဲပြီး ရောဂါပိုး၀င်ရောက်နိုင်တာကြောင့် လက်သည်း၊ ခြေသည်းတွေကို အမြဲညှပ်ပေးဖို့လိုအပ်ပါတယ်။
3. မိတ်ပေါက်ခြင်း
နွေအကုန်မိုးအကူး မုတ်သုံရာသီမှာတွေ့ရလေ့ရှိတဲ့ အရေပြားပြဿနာတမျိုးကတော့ မိတ်ပေါက်တာပဲဖြစ်ပါတယ်။ စိုထိုင််းတဲ့ရာသီဥတုမှာ ချေွးထွက်လွန်ပြီး မိတ်တွေထွက်တာကြောင့် ယားယံမှုကို ခံစားနိုင်ပါတယ်။ လည်ပင်း၊ ချိုင်းအောက်၊ ကျောနှင့် အတွင်းခံ၀တ်တဲ့နေရာတ၀ိုက်မှာ မိတ်ပေါက်လေ့ရှိပြီး ယားယံခြင်းကြောင့်ကုတ်ခြစ်မိပါက ရောဂါပိုး၀င်ရောက်ဖို့ အလားအလာများပါတယ်။ အရေပြားရောဂါပိုးကူးစက်ခံရခြင်းမရှိပါက ရက်အနည်းငယ်အတွင်းမှာ သူ့အလိုလိုသက်သာသွား လေ့ရှိပါတယ်။
မိတ်မပေါက်အောင် ကာကွယ်ဖို့အတွက် အပူဒဏ်ကို လျော့ချနိုင်အောင်ပန်ကာဖွင့်ပေးထားခြင်း၊ လေ၀င်လေထွက် ကောင်းအောင် ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ပါ။ ကလေးငယ်ကို ပွပွချောင်ချောင်ရှိတဲ့ အ၀တ်အစားတွေ၀တ်ဆင်ပေးထားပါ။
ကလေးငယ်တွေရဲ့ အသားအရေဟာ အလွန်ပဲနူးညံ့တာကြောင့် ရာသီအကူးအပြောင်းမှာ ဓာတ်မတည့်ခြင်း အပါအ၀င် အခြားသောရောဂါတွေ မဖြစ်ရလေအောင် အောက်ပါနည်းလမ်းတွေကို လုပ်ဆောင်ပေးပါ။
1. ကလေးငယ်ရဲ့ တကိုယ်ရေသန့်ရှင်းရေးကို အလေးထားဆောင်ရွက်ပါ။
2. လေ၀င်လေထွက်ကောင်းအောင် ပွပွချောင်ချောင်ရှိတဲ့ ချည်ထည်တွေကို၀တ်ဆင်ပေးပါ။
3. အစားအစာနှင့်ရေသန့်ရှင်းမှုကို ဂရုပြုပါ။
4. ခြင်အန္တရာယ်မှ ကာကွယ်ပါ။
5. အိမ်ပတ်၀န်းကျင်သန့်ရှင်းမှုကို အလေးထားဆောင်ရွက်ပါ။
6. အိမ်တိုင်းအိမ်တိုင်းမှာ ကလေးငယ်အတွက် အရေးပေါ်ဆေးဝါးတွေဆောင်ထားပါ။
Dr. Htet Htet Aung (www.drmyanmar.com)
















