မွေးကင်းစကလေးငယ်အား ရေချိုးပေးနည်းလမ်းညွှန်
အိမ်မှာကိုယ်တိုင်ကလေးကိုရေစချိုးပေးတော့မယ်ဆိုရင် အောက်ပါအချက်တွေကိုသိထားသင့်ပါတယ်။
1. ကလေးကိုနေ့စဉ်ရေချိုးပေးသင့်သလား
တစ်ပတ်မှာ ၂-၃ ကြိမ်လောက်ရေချိုးပေးရုံနဲ့လုံလောက်ပါတယ်။ ဒါပေမယ့် မျက်နှာ၊ လည်ပင်းနဲ့ ပေါင်ခြံတ၀ိုက်ကိုတော့ နေ့စဉ်သန့်စင်ပေးသင့်ပါတယ်။
2. ဘယ်အချိန်မှာရေချိုးပေးသင့်သလဲ
တချို့မိဘတွေကမနက်ပိုင်းမှာကလေးကိုရေချိုးပေးတတ်ကြပါတယ်။ တချို့တွေကတော့ ကလေးပိုပြီးနှစ် ခြိုက်စွာအိပ်ပျော်စေနိုင်ဖို့အတွက် နေ့လည်တရေးတမောမအိပ်မီအချိန်မှာရေချိုးပေးလေ့ရှိပါတယ်။ မိမိကလေးနဲ့သင့်တော်မယ့်အချိန်မှာရေချိုးပေးတာအကောင်းဆုံးပါ။
3. ကလေးကိုရေဇလုံထဲထည့်ပြီးရေချိုးပေးသင့်သလား
မွေးကင်းစကလေးကိုရေဇလုံးထဲထည့်ပြီးရေမချိုးပေးသင့်သေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ချက်ကြိုးအညှာဟာကလေးကိုယ်ပေါ်မှာရှိနေတာကြောင့်ပါ။ ဒါကြောင့် ချက်ကြိုးအညှာရှိနေသေးချိန်မှာ sponge bath လို့ခေါ်တဲ့ ပျော့အိနူးညံ့တဲ့ အ၀တ်ပိုင်းလေး ဒါမှမဟုတ် နုဖတ်တဲ့ ရေမြှုပ်လေးနဲ့သာ ပွတ်သပ်သန့်စင်ပေးသင့်ပါတယ်။
ကလေးကို sponge bath နည်းဖြင့် သန့်စင်ပေးတော့မယ်ဆိုရင် မျက်နှာသုတ်ပဝါကို အရင်ဆုံးခင်းလိုက်ပြီး ကလေးကိုအ၀တ်အစားချွတ်ပေးကာ ၎င်းအခင်းပေါ်မှာကလေးကိုတင်ပါ။ ပြီးနောက် နူးညံ့တဲ့ အ၀တ်ပိုင်း ဒါမှမဟုတ် ရေမြှုပ်ဖတ်လေးကိုရေစွတ်ပြီး ကလေးအားညင်သာစွာ ပွတ်သပ်ပေးပါ။ ရေချိုးဆပ်ပြာရည် သုံးဖို့မလိုအပ်ပါဘူး။ မျက်ခံွနားတစ်၀ိုက်ကို ဂွမ်းဖတ်လေးကိုရေစွတ်ပြီး သန့်စင်ပေးပါ။
4. ဘယ်လိုရေဇလုံအမျိုးအစားကိုရွေး၀ယ်မလဲ
ကလေးကိုရေစချိုးပေးချိန်မှာ sponge bath ရေချိုးနည်းကိုအသုံးပြုသင့်တာမှန်ပေမယ့် အမြဲတစေလိုလို sponge bath နည်းကိုသုံးနေရမယ်လို့မဆိုလိုပါဘူး။ ချက်ကြိုးအညှာကြွေသွားပြီးနောက်ပိုင်းမှာတော့ ရေချိုးဇလုံ အသုံးပြုလို့ရပါပြီ။ ဒါကြောင့် ဘယ်လိုရေချိုးဇလုံ အမျိုးအစားရွေး၀ယ်ရမလဲဆိုတာ ေ၀ခွဲရခက်ကောင်းခက်နိုင်ပါတယ်။ အမှန်တကယ်တော့ ရေဇလုံအမျိုးအစားထက် ခိုင်ခံ့မှုရှိဖို့ကအဓိကပါ။ ကလေးကိုရေမချိုးပေးမီ အချိန်မှာ ရေမြှုပ်၊ ရေခွက်တို့ကိုအသင့်ယူဆောင်ထားပါ။
5. ရေနွေးလားရေအေးလား
ကလေးငယ်ကိုရေနွေးနွေးလေးနဲ့ ရေချိုးပေးတာအသင့်တော်ဆုံးပါ။ ကလေးကိုယ်မှာရေမထိမီအရင်ဆုံး မိမိလက်နဲ့ ရေအပူချိန်ကိုစမ်းကြည့်သင့်ပါတယ်။
6. ရေချိုးပေးချိန်တွင် ကလေးအားဘယ်လိုဆုပ်ကိုင်ထားသင့်သလဲ
မိမိလက်တစ်ဖက်ကကလေးရဲ့ကျောဘက်မှသိုင်းပြီးကလေးချိုင်းတစ်ဖက်အောက်ကို လက်ဖြင့်ဆုပ်ကိုင်ထားပါ။ ကျန်လက်တစ်ဖက်နဲ့ ကလေးရဲ့မျက်နှာမှစပြီး ခန္ဓာကိုယ်တစ်လျှောက် ညင်သာစွာပွတ်သပ်သန့်စင်ပေးသင့်ပါတယ်။
7. ကလေးအားခေါင်းလျှော်ပေးသင့်သလား
ရေချိုးချိန်တိုင်းလိုလိုခေါင်းလျှော်ပေးဖို့မလိုအပ်ပါဘူး။ ဒါပေမယ့် ကလေးရဲ့ခေါင်းမှာ အဝါဖတ်လေးတွေ ပေါ်နေမယ်၊ ချွဲကျိကျိဖြစ်နေမယ်ဆိုရင်တော့ ခေါင်းလျှော်ပေးသင့်ပါတယ်။ ကလေးမျက်လုံးထဲကို ဆပ်ပြာမြှုပ်မ၀င်စေရန် သတိပြုသင့်ပါတယ်။
8. ဆပ်ပြာအမျိုးအစားကိုရွေးချယ်ဖို့လိုသလား
ဆပ်ပြာမြှုပ်ထတဲ့ရေ၊ အနံ့ပြင်းတဲ့ ဆပ်ပြာတွေမသုံးမိဖို့သာအဓိကပါ။ ကလေးများအတွက် သီးသန့်ထုတ်ထားတဲ့ ကလေးရေချိုးဆပ်ပြာရည်ကအကောင်းဆုံးဖြစ်ပါတယ်။
9. ရေချိုးပေးပြီးတိုင်း baby lotion လိမ်းပေးသင့်သလား
မွေးကင်းစကလေးတွေကိုရေချိုးပြီးချိန်တိုင်း lotion လိမ်းပေးဖို့ မလိုအပ်သေးပါဘူး။ ကလေးခန္ဓာကိုယ်ရဲ့ အရေပြားချိုင့်တဲ့နေရာတွေကိုတော့ ရေခြောက်အောင်သုတ်ပေးဖို့ လိုပါတယ်။ ရေမခြောက်ပါက အနီစက်အပိမ့်လေးတွေထွက်စေနိုင်တာကြောင့်ပါ။
CMS
















