/
news/ကလေးများနှင့်ကျန်းမာရေး/မွေးကင်းစ-ကလေးငယ်တွေကို-ရေချိုးပေးရာမှာ-လိုက်နာသင့်တဲ့-0

မွေးကင်းစ ကလေးငယ်တွေကို ရေချိုးပေးရာမှာ လိုက်နာသင့်တဲ့ နည်းလမ်းကောင်းများ

Category
ကလေးများနှင့်ကျန်းမာရေး

1.  ရေရဲ့ အပူချိန်
ကလေးကို ချိုးပေးမယ့်ရေဟာ မပူဘဲ နွေးနွေးလေး ဖြစ်နေရပါမယ်။ အပူချိန် 32° ဆဲလ်စီးယပ်စ်ဟာ ကလေးရေချိုးဖို့ အကောင်းဆုံးအပူချိန် ဖြစ်ပါတယ်။

2.  တစ်ပတ် ဘယ်နှစ်ရက် ချိုးကြမလဲ?
တစ်ပတ် ဘယ်နှစ်ကြိမ်လောက် ရေချိုးပေးရမလဲ ဆိုတာကတော့ ကလေးတစ်ယောက်နဲ့တစ်ယောက် မတူတတ်ပါဘူး။ ပုံမှန်ဆိုရင်တော့ တစ်ပတ် 2 ကြိမ်၊ 3 ကြိမ်လောက်ဆို လုံလောက်ပါတယ်။ ဒါပေမဲ့ ကလေးဟာ လှုပ်လှုပ်ရှားရှား လုပ်တတ်လာပြီ ဆိုရင်တော့ သေသေချာချာ ရေချိုးပေးဖို့ လိုအပ်လာပါပြီ။

3.  ဘယ်အချိန်မှာ ချိုးသင့်သလဲ?
ကလေးနဲ့အမေရဲ့ တစ်နေ့တာ လုပ်ကိုင်မှု အချိန်စာရင်းပေါ် မူတည်ပြီး အဆင်ပြေမယ်အချိန် မနက်ပိုင်းမှာဖြစ်စေ၊ ညနေပိုင်းမှာဖြစ်စေ ချိုးပေးနိုင်ပါတယ်။ အစာ စားချိန်နဲ့ ခွာချိုးဖို့တော့ သတိပြုသင့်ပါတယ်။

4.  ဆပ်ပြာနဲ့ ခေါင်းလျှော်ရည် ဘယ်လိုသုံးသင့်သလဲ?
ဓာတုဗေဒပစ္စည်းတွေ မပါဝင်တဲ့၊ ဓာတ်မတည့်မှုနည်းတဲ့၊ သဘာဝပစ္စည်းတွေနဲ့သာ ပြုလုပ်ဖော်စပ်ထားတဲ့ အသုံးအဆောင်တွေကိုသာ သုံးသင့်ပါတယ်။

5.  ကလေးအင်္ဂါစပ်လေးတွေကို သေချာဆေးကြော သန့်စင်ပေးပါ။
ငယ်ပါထိပ် အရေပြားဖြတ်ထားတဲ့ သားသားလေးတွေမှာ အနာကျက်တော့မှ ရေ ထိသင့်ပါတယ်။ မီးမီးလေးတွေမှာ ရေပတ်တိုက်တဲ့အခါမှာရော ရေပြန်သုတ်တဲ့အခါမှာရော ရှေ့မှနောက်ကိုသာ သုတ်သင့်ပါတယ်။ ကိုယ်လုံးသုတ်တဲ့ အဝတ်နဲ့ ငယ်ပါလေးတွေကို မသုတ်သင့်ပါဘူး။ အင်ပြင်ထတာ၊ ပိုးဝင်တာတွေကို ကာကွယ်ဖို့အတွက် ရေခြောက်အောင် သုတ်သင့်ပါတယ်။
 
6.  အရေးကြီးတဲ့အချက်များ
●  ကလေး အအေးမမိစေရန် ရေချိုးခန်းကို နွေးနေပါစေ။
●  ရေချိုးဇလုံကို မချော်တတ်တဲ့ ပလတ်စတစ်သားထူထူ ရွေးပါ။
●  ကလေး အရမ်းညစ်ပတ်နေတဲ့ အချိန်မျိုးကလွဲလို့  ဆပ်ပြာကို နေ့စဉ် မသုံးသင့်ပါဘူး။ မျက်နှာနဲ့ တင်ပါးလောက်သာ နေ့စဉ်ဆေးပေးသင့်ပါတယ်။
●  ကလေးကို ရေ အကြာကြီး ချိုးပေးတာမျိုး ရှောင်ပါ။ အသားအရေ နုနုလေး ပျက်စီးနိုင်တဲ့အပြင် ရေအေးသွားတဲ့အခါ အအေးမိတတ်ပါတယ်။
●  ရေချိုးဇလုံထဲမှာ ကလေးကို တစ်ယောက်ထဲ ဘယ်တော့မှ မထားခဲ့ပါနဲ့။ ရေချိုးနေတဲ့ တောက်လျောက်မှာ မျက်နှာ မလွှဲမိပါစေနဲ့။
●  ကလေးကို ရေသုတ်တဲ့အခါ ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်မသုတ်ဘဲ ဖွဖွလေး ဖိသုတ်ပေးပါ။ လည်ပင်းကြား၊ ချိုင်းကြားနဲ့ တင်ပါးနားတစ်ဝိုက်ကို သေချာခြောက်အောင် သုတ်ပေးသင့်ပါတယ်။
●  ဘယ်ပစ္စည်းကိုမဆို ကလေးကို မလိမ်းပေးခင် အမေ့အသားမှာ အရင် စမ်းလိမ်းကြည့်သင့်ပါတယ်။ လိုးရှင်းတွေ၊ ပေါင်ဒါတွေ လိမ်းတဲ့အခါလည်း ရေ သေချာခြောက်အောင် သုတ်ပြီးမှ အသာအယာ လိမ်းပေးသင့်ပါတယ်။ အများကြီး မလိမ်းမိဖို့ကိုလည်း သတိပြုသင့်ပါတယ်။
●  အင်ပြင်ထတာလိုမျိုး အရေပြားရောဂါတွေ ဖြစ်တဲ့အခါ ဆရာဝန် ထောက်ခံညွှန်ကြားတဲ့ ပစ္စည်းတွေကိုသာ သုံးသင့်ပါတယ်။
●  ရေချိုးပြီးတဲ့အခါ ကလေးကို နွေးနွေးထွေးထွေး ထားပါ။

7.  ရေချိုးချိန်မှာ အရုပ်ကလေးတွေ ဆော့ကစားစေပါ။
ရေချိုးချိန်ဟာ ကလေးရဲ့ဖွံ့ဖြိုးမှုကိုလည်း အဘက်ဘက်က အထောက်အကူ ပြုနိုင်ပါသေးတယ်။ ရာဘာဘဲရုပ်လေးတွေ၊ ရေပေါ်ပေါလောပေါ်တဲ့ အရုပ်လေးတွေနဲ့ ဆော့ကစားစေခြင်းဟာ ရေချိုးချိန်ကို ပျော်စရာအဖြစ် ပြောင်းလဲစေပြီး ရေ မကြောက်အောင် ကူညီပေးနိုင်သလို ကလေးရဲ့ လက်အကိုင်အတွယ် လှုပ်ရှားမှုတွေကိုလည်း တိုးတက်စေနိုင်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)