/
news/ကလေးများနှင့်ကျန်းမာရေး/သားသားမီးမီးတို့ကို-သင်ကြားပေးဖို့-မရှိမဖြစ်-ဘဝစွမ်းရည်များ

သားသားမီးမီးတို့ကို သင်ကြားပေးဖို့ မရှိမဖြစ် ဘဝစွမ်းရည်များ

Category
ကလေးများနှင့်ကျန်းမာရေး

        မတူညီတဲ့ နောက်ခံအမျိုးမျိုး မိသားစုတွေကနေ ကြီးပြင်းလာရတဲ့ ကလေးငယ်တိုင်းမှာ မရှိမဖြစ်တတ်မြောက်ရမယ့် ဘဝစွမ်းရည်လေးတွေ ရှိပါတယ်။ ဒီလိုစွမ်းရည်တွေနဲ့ပြည့်ဝ နှလုံးလှနေမှသာလျှင် ဘဝတိုက်ပွဲ အနိုင်ကြဲမယ့် လူငယ်လူရွယ်များအဖြစ် ကြီးပြင်းလာမှာပါ။ ဘယ်လိုစွမ်းရည်တွေများလဲဆိုတာ ဖတ်ကြည့်နော်။

●        ကလေးငယ်တွေကို စာဖတ်ဖို့ တွန်းအားပေးပါ၊ ဒီနေရာမှာ ကျောင်းစာနဲ့ အပြင်စာမတူပါဘူး။ ဖိအားတစ်ခုနဲ့ စာမေးပွဲအောင်ဖို့ ဖတ်ရတဲ့စာနဲ့ စိတ်ဝင်တစား သေချာရွေးချယ် ဖတ်ရှုရတဲ့စာအုပ်နဲ့ ပေးနိုင်တဲ့ရသချင်း ဗဟုသုတချင်း အလွန်ကွာပါတယ်။ ကလေးကို စာအုပ်ပေါင်းစုံ ဝယ်ပေးပါ။ ပုံပြင်၊ ကဗျာ၊ ရသစာပေတွေနဲ့ စောစီးစွာ ထိတွေ့ပါစေ။ ကွန်ပျူတာ၊ ဂိမ်း၊ အင်တာနက်နဲ့ ကြီးပြင်းလာတဲ့ ကလေးထက် စာအုပ်ပုံကြား ကြီးပြင်းလာတဲ့ကလေးက ပိုမိုပညာ ပြည့်ဝလာတတ်ပါတယ်။

●        အရေးစွမ်းရည်ဟာလည်း အဓိကကျပါတယ်။ သူ့ကို စာရေးခိုင်းပါ။ အဝေးက ညီအကိုမောင်နှမထံကို စာရေးခိုင်းပါ။ ဖိတ်ကြားလွှာလေးတွေ စာစီခိုင်းပါ။ ဈေးစာရင်းက အစ ကိုယ်က ပါးစပ်ကပြော သူလေးက လိုက်ရေးမှတ်ပါစေ။ ကဗျာလေးတွေ ကူးရေးပါစေ။ စာအုပ်အလှ၊ ဘောပင်အလှလေးတွေ ဝယ်ပေးပြီး ဒိုင်ယာရီ ရေးမှတ်တဲ့အကျင့် လုပ်ပေးစေလိုပါတယ်။ ဘောပင်နဲ့စာရွက်ပေါ်မှာ စာရေးတာက ဦးနှောက်စွမ်းအင်ကို တိုးတက်ထက်မြက်စေပါတယ်။

●        ပေါင်းသင်းဆက်ဆံရေး ပညာကလည်း အထူးအရေးကြီးပါတယ်။ သွက်လက်ချက်ချာပြီး စကားတတ်တဲ့ ကလေးလေးအဖြစ် ပျိုးထောင်ဖို့ မိခင်ဖခင်က ဦးဆောင်ပြီး သူ့ကို စကားပြောပါ။ သူ ပြောသမျှကို အာရုံစိုက်ပြီး နားထောင်ပေးပါ။ သူ့ကိုမေးခွန်းလေးတွေ ဆယ်ခုခန့် နေ့စဉ်မေးပါ။ သူ မေးသမျှကိုလည်း ဝေါဟာရကြွယ်ကြွယ်ဝဝနဲ့ ဖြေဆိုပေးပါ။ စိတ်ရှည်ရှည်နဲ့ အချိန်ပေး စကားပြောပေးခြင်းဖြင့် စကားကြွယ်လာစေမှာပါ။ တခြားကလေးတွေရှေ့မှာ ထွက်စကားပြောပါစေ၊ သူ့အိုင်ဒီယာတွေကို လှိုက်လှိုက်လှဲလှဲ ချီးကျူးပေးကြရအောင်။

●        ငယ်စဉ်ကတည်းက ဒုတိယဘာသာစကားတစ်ခု သင်ပေးတာက ကလေးငယ်တွေရဲ့ ကနဦးဦးနှောက်ဖွံဖြိုးမှုကို အများကြီး အထောက်အကူပြုစေပါတယ်။ ဥပမာ - အင်္ဂလိပ်စကား၊ တရုတ်စကားလိုဟာမျိုးပေါ့။ ဝေါဟာရတစ်ခုကို ဘာသာစကားနှစ်မျိုးနဲ့ မှတ်သားစေခြင်းဖြင့် ဉာဏ်ကောင်း ထက်မြက်လာစေမှာပါ။

 

●        အိမ်ထဲမှာ ငြိမ်နေမယ့်ကလေးနဲ့ အပြင်မှာပြေးပြေးလွှားလွှားဆော့နေရတဲ့ကလေး ဖွံဖြိုးကြီးထွားစေနှုန်း မတူနိုင်ပါဘူး။ လှုပ်ရှားတက်ကြွတဲ့ကလေးတွေမှာ ကြွက်သားတွေ သန်မာလာပြီး ရောဂါဒဏ်ကို ပိုမိုခံနိုင်ရည်ရှိကြပါတယ်။ ဘောလုံးကစားတာ၊ တင်းနစ်ရိုက်တာ၊ ထုပ်ဆီးတိုးကစားနည်း၊ တူတူပုန်းတာတွေက ကလေးတွေကို တစ်ယောက်နဲ့တစ်ယောက် ပေါင်းသင်းဆက်ဆံရေး လွယ်ကူချောမွေ့ ကောင်းမွန်လာစေပါတယ်။ အာရုံစူးစိုက်အားတွေ ကောင်းလာပြီး ပိုပျော်ရွှင်တက်ကြွတဲ့ သားသားမီးမီးတွေအဖြစ် ကြီးပြင်းလာစေမှာပါ။

●        ဂီတနဲ့အနုပညာဆိုတာ နုနုယ်တဲ့ချစ်စရာ့အရွယ်တွေကို အပြုအမူပိုင်းဆိုင်ရာ နူးညံ့လာတာတွေ စိတ်ပိုင်းဆိုင်ရာ ကြေကွဲဝမ်းနည်းမှုတွေကို ထိထိရောက်ရောက် သက်သာလာစေပါတယ်။ ကျောင်းစာ စိတ်မဝင်စားတဲ့ ကလေးတွေကို ဂီတတခုခု သင်ကြားကြည့်လိုက်တဲ့အခါ ယခင်ထက် စိတ်တက်ကြွလာပြီး စာလေ့လာအားတွေ ပိုကောင်းလာကြပါတယ်။

          အသက်ငါးနှစ်အောက် ဂီတသင်ကြားပေးခံရတဲ့ကလေးတွေဟာ -

●        စိတ်ကူးစိတ်သန်းတွေ ထက်မြက်လာတယ်။

●        ကြီးလာတဲ့အခါ ဆေးလိပ်၊ အရက်စွဲတာ နည်းသွားတယ်။

●        သချာ်စွမ်းရည်တွေ တက်လာတယ်။

●        ဆေးပညာနဲ့ ပတ်သက်တဲ့ ကောလိပ်တွေကို ပိုတက်ဖြစ်ကြတယ်။

          ဒါကြောင့် ကလေးငယ်တွေကို အတီးအမှုတ် သင်ပေးတာ၊ သီချင်းဆိုစေတာ၊ ကခုန်စေတာတွေက ကလေးတွေကို အလွန်ဉာဏ်ကောင်းထက်မြက်ပြီး စိတ်ပိုင်းဆိုင်ရာ တီထွင်ဖန်တီးနိုင်စွမ်း ကောင်းသူလေးတွေ ဖြစ်လာစေမှာ သေချာသလောက်ပါပဲ။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)