/
news/ကလေးများနှင့်ကျန်းမာရေး/ဟယ်-ကလေးလျှာမှာ-အကွက်ကြီး

" ဟယ် ... ကလေးလျှာမှာ အကွက်ကြီး "

Category
ကလေးများနှင့်ကျန်းမာရေး

          တစ်ရက် ကလေးလေးတစ်ယောက် အမေကို သူ သွားတိုက်ထားတာ ပြောင်ကြောင်း၊ တော်ကြောင်း ကြွားချင်လွန်းလို့ လျှာလေးထုတ်ပြီး အပြေးလေးလာပြတယ်။ ရုတ်တရက်ကြီး အမေ လန့်သွားတယ်။ " ဟယ် ... ကလေးလျှာမှာ အကွက်ကြီး "

          ဒီလို ကလေးတွေမှာ လျှာအကွက်တွေ ဖြစ်တတ်တာကို geographic tongue လျှာမြေပုံကွက်လို့ ခေါ်တယ်။ နီနီရဲပြီး ရောင်နေသလို ဖြစ်နေပေမယ့် တကယ်တမ်းတော့ မေမေတို့ စိုးရိမ်စရာမလိုဘူးနော်။

          ကလေးတွေမှာ ဖြစ်တတ်တဲ့ လျှာမြေပုံကွက် ဘာကြောင့်ဖြစ်လဲ သိချင်နေကြမှာပေါ့။ အခုပဲ ပြောပြလိုက်မယ်နော်။

          ပထမဆုံး ပြောချင်တာက မလန့်သွားကြပါနဲ့လို့။ လျှာရောင်နေပေမယ့် ကလေးကို မထိခိုက်တတ်ပါဘူး။

          ကလေးတွေရဲ့လျှာပေါ်မှာ ဆံပင်မွေး နုနုမျှင်မျှင်လေးတွေလိုမျိုး ဖြစ်နေတဲ့ ပန်းနုရောင်အဖတ်ကလေးတွေ ရှိတယ်လေ။ လျှာမြေပုံကွက်ဖြစ်တဲ့အခါ ဒီအဖတ်ကလေးတွေ ပျောက်သွားပြီး လျှာပေါ်မှာ နီနီရဲရဲအကွက် ပြင်လိုက်ကြီးတွေ ဖြစ်လာတယ်။

          ဒီအနာတွေဟာ တစ်နေရာမှာ ပျောက်သွားလိုက်၊ နောက်တစ်နေရာမှာ ပြန်ပေါ်လာလိုက် ဖြစ်တတ်လို့ လျှာမြေပုံကွက်ဆိုတဲ့ နာမည်ရလာတာပေါ့။

          ရုတ်တရက် မြင်လိုက်ရရင်တော့ ဖေဖေမေမေတို့ လန့်သွားကြမှာ အမှန်ပဲ။ ဒါပေမဲ့ ကလေးအတွက် ဘေးမဖြစ်စေနိုင်တဲ့အတွက် မစိုးရိမ်နဲ့နော်။

          ရောဂါပိုးမွှားဝင်တာ၊ ကင်ဆာ ပြောင်းနိုင်တာလည်း မရှိဘူး။ နည်းနည်း ကသိကအောင့်ဖြစ်တာလေးနဲ့ ချဉ်ချဉ်၊ ငန်ငန်၊ စပ်စပ်တွေစားရင် အရသာ ပိုပြင်းလာတာလေးလောက်ပါပဲ။

          ခုလောက်ဆို ဒီလျှာမြေပုံကွက်တွေ ဘာကြောင့်ဖြစ်တာလဲဆိုတာ မေးချင်နေကြပြီမလား။ စိတ်မကောင်းစရာ တစ်ခုကတော့ ဘာကြောင့်ဖြစ်မှန်း ခုထိ သေချာမသိကြသေးတာပါပဲ။ မိသားစုမျိုးရိုးစဉ်ဆက် ဖြစ်တတ်တယ်ဆိုတာလောက်သာ သိပါသေးတယ်။ Healthline ဂျာနယ်မှာတော့ ဗီတာမင်ဘီ ချို့တဲ့တာကြောင့်လို့ ပြောပေမယ့် သေချာတိကျတဲ့ သက်သေသကာယတော့ မတွေ့ရဘူး။

>>    ကလေးတွေမှာ ဘယ်လိုခံစားကြရလဲဆိုတာ ပြောပြပါဦးမယ်။

●        လျှာပေါ်မှာ မြေပုံလိုအကွက်တွေ ပေါ်လာမယ်။

●        ဒီအကွက်တွေဟာ နေ့တိုင်း ရွေ့နေမယ်။

●        အရောင် အရွယ်အစားမတူတဲ့ နီနီချောချောအကွက်လေးတွေ တွေ့ရမယ်။

●        တချို့ကလေးတွေမှာ စူးခနဲ စူးခနဲ နာတတ်မယ်။

          ဆရာဝန်တွေအဖို့တော့ ကြည့်လိုက်တာနဲ့ တန်းသိတာပေါ့။ ဘာစစ်ဆေးမှုမှတောင် မလိုတတ်ဘူး။

          ဘာဆေးမှလည်း သောက်စရာမလိုဘူး။ ကလေးရဲ့ အရသာခံနိုင်စွမ်းကိုလည်း မထိခိုက်နိုင်ဘူးဆိုတော့ မေမေ၊ ဖေဖေတို့ စိတ်အေးလောက်ပြီပေါ့။ တချို့ကလေးတွေက ပူခနဲ ခံစားချက်ရတတ်တယ်လို့ သိရပေမယ့် တော်တော်ရှားရှားပါးပါးပါ။

          ကလေး တော်တော် နေမထိ၊ ထိုင်မသာဖြစ်နေရင် နည်းနည်းသက်သာအောင် Antihistamine ဂျယ်လ်နဲ့ စတီးရွိုက် ပါးစပ်ဆေးရည်လေးတွေ သုံးပေးနိုင်တယ်။

 

>>    ဘယ်တော့ ဆရာဝန်ပြရမလဲ ဆိုတာလည်း သိထားသင့်တာပေါ့။

          ၁၀ ရက်ထက် ပိုကြာနေပြီဆိုရင် မေမေ၊ ဖေဖေတို့ မပေါ့ပါန့ဲတော့။ ဒါတင်မကဘူး။ ကလေးမှာ -

●        အသက်ရှူရခက်လာတာ

●        လျှာကြီး ရောင်လာတာ

●        စကားပြောရ၊ အစာ ဝါးရ၊ မျိုရ ခက်လာတာ

          တွေ ရှိရင်တော့ ဆရာဝန်ကိုသာ ပြေးပြီးပြကြပါတော့။

          မဖြစ်ခင် ကာကွယ်ပေးတာက သားသားမီးမီးတွေအတွက်ရော ဖေဖေမေမေတို့အတွက်ပါ အကောင်းဆုံးနည်းလမ်းပါပဲ။

          ကလေး ဒီလိုခဏခဏဖြစ်တတ်ရင် ပူပူစပ်စပ်၊ ချဉ်ချဉ်ငံငံတွေ ရှောင်ပေးနော်။ ပြီးရင် ကလေးကို ဘယ်လို ဗီတာမင်တွေ၊ အားဆေးတွေ တိုက်ရမလဲဆိုတာပါ ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။    ကလေးရဲ့သွားတိုက်ဆေးကို သဘာဝပစ္စည်းတွေနဲ လုပ်ထားတဲ့အမျိုးအစားတွေ ပြောင်းသုံးကြည့်တာလည်း မမှားဘူး။

          ကလေးတွေမှာ ဘာကုသမှုမှတောင် မလိုဘဲ သူ့အလိုလိုပဲ ပျောက်သွားတတ်ကြတယ်။ စိုးရိမ်စရာလည်း မရှိဘူး။ ဒါပေမဲ့ လနဲ့ချီ ကြာတတ်သလို ပြန်ပြန်လည်းဖြစ်တတ်တယ်။ ဒါကြောင့် လျှာထိခိုက်စေနိုင်တာ မှန်သမျှ ရှောင်ပေးရုံနဲ့တင် လုံလောက်တယ်ဆိုတာ သတင်းကောင်းလေး ပေးလိုက်ပါတယ်နော်။

Dr. Mya Phoo Ngon (www.drmyanmar.com)

(Unicode)




Dr. Mya Phoo Ngon (www.drmyanmar.com)