အာသီးကို ဘယ်အချိန်မှာ ဖယ်ရှားဖို့လိုသလဲ
အာသီးက လည်ချောင်းနဲ့ ပသိနောက်မှာ တစ်သျှူးအစုလေးနှစ်ခုအပြင် နှာခေါင်းနောက်မှာလည်း အစိတ်အပိုင်းအချို့ရှိပြီး ကျွနု်ပ်တို့ရဲ့ခန္ဓာကိုယ်ကို ရောဂါပိုးများဝင်ရောက်ခြင်းမှ ကာကွယ်ပေးပါတယ်။ အာသီးက အသက်ရှူသွင်းစဉ် ဝင်ရောက်လာတဲ့ အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေကို စစ်ထုတ်ပေးပါတယ်။
ဒီအစိတ်အပိုင်းတွေက အချို့သောသူတွေအတွက် အရေးကြီးတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ပေးသော်လည်း သူတို့ရဲ့တန်ဖိုးရှိတာထက်ပိုပြီးလည်း ဒုက္ခပေးတတ်ပါတယ်။
အာသီးဖြတ်ခြင်းက ကလေးတွေမှာ အဖြစ်များဆုံး ခွဲစိတ်မှုဖြစ်ပြီး မြန်မြန်လည်း ပြန်ကျန်းမာလွယ်ပါတယ်။ ဒီအာသီးတွေ ဘယ်လို အလုပ်လုပ်တယ်ဆိုတာကို သိထားခြင်းဖြင့် ဆရာဝန်က ဒါတွေဖြတ်ဖို့လိုတယ်လို့ ပြောလာချိန်မှာ ကလေးအတွက် မှန်ကန်တဲ့ဆုံးဖြတ်ချက် ချနိုင်ပါလိမ့်မယ်။
» ဘယ်အချိန်မှာ ဖယ်ရှားသင့်သလဲ ?
အာသီးက အသုံးဝင်ပေမယ့် တစ်ခါတစ်ရံမှာ ဖြတ်တောက်ဖယ်ရှားပစ်ဖို့ လိုအပ်ပါတယ်။ အာသီးဖြတ်ဖို့လိုတဲ့ အဖြစ်များဆုံး အကြောင်းအရင်းကတော့ အသက်ရှူလမ်းကြောင်းပိတ်ဆို့မှုနဲ့ လည်ချောင်းကို ရောဂါပိုး ခဏ ခဏ ဝင်ရောက်ခြင်းကြောင့် ဖြစ်ပါတယ်။
» အာသီးတွေက ကလေးရဲ့အိပ်စက်မှုကို အနှောင့်အယှက် ပေးပါတယ်
အချို့ကလေးတွေမှာ ကြီးမားတဲ့ အာသီးတွေရှိပြီး ဒါတွေက အသက်ရှူခြင်းကို အနှောင့်အယှက် ဖြစ်စေပါတယ်။ အထူးသဖြင့် လှဲလျောင်းနေတဲ့ ညဘက်အိပ်ချိန်တွေမှာ ပိုဖြစ်တတ်ပါတယ်။ ဒါကြောင့် အိပ်ပျော်နေစဉ် ရုတ်တရက် ခဏ အသက်ရှူ ရပ်သွားစေပါတယ်။ အိပ်ပျော်နေစဉ် ရုတ်တရက် ခဏ အသက်ရှူရပ်ခြင်းရဲ့ လက္ခဏာတွေကတော့ တစ်ပတ်မှာ အနည်းဆုံး ၄ ညလောက် ဟောက်ခြင်း၊ အသက်ရှူရပ်သွားခြင်း၊ အိပ်ပျော်နေစဉ် ဂနာမငြိမ်ခြင်း၊ ချွေးထွက်ခြင်း၊ မောပန်းခြင်းနဲ့ အိပ်ယာမှာတောင် ချွေးတွေစိုစွတ်ခြင်းတို့ ဖြစ်ပါတယ်။ ကောင်းကောင်းအိပ်မပျော်ခြင်းရဲ့ အကျိုးဆက်အနေနဲ့ ကလေးတွေက နိုးနေချိန်တွေမှာတောင် ဂနာမငြိမ်ဖြစ်ခြင်း၊ စိတ်တိုခြင်း၊ စိတ်ဆတ်ခြင်းတွေ ဖြစ်နေတတ်ပါတယ်။ ဒါတွေကို ဖြေရှင်းဖို့ မှန်ကန်တဲ့ နည်းလမ်းတစ်ခုကတော့ အာသီးဖြတ်ပြီး ဖယ်ထုတ်ခြင်းပါပဲ။
» အာသီးက လည်ချောင်းမှာ ရောဂါပိုး မကြာခဏဝင်ခြင်းကို ဖြစ်စေပါတယ်
ခဏ ခဏ လည်ချောင်းမှာ ရောဂါပိုးဝင်နေခြင်းက ခုခံမှု မကောင်းဘူးဆိုတာကို ပြပါတယ်။ အာသီးက ခန္ဓာကိုယ်ရဲ့ ပထမ ခုခံအားစနစ်ထဲမှာ ပါဝင်တဲ့အတွက် ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေကို တိုက်ဖျက်နိုင်ပေမယ့် တစ်ခါတစ်ရံမှာ သူတို့ကိုယ်တိုင် ရောဂါပိုး ဝင်ခံရတတ်ပါတယ်။ မကြာခဏ ဖျားခြင်း၊ အကျိတ်ရောင်ခြင်းတွေ ကာလကြာရှည်ဖြစ်ပြီး လည်ချောင်းကို ရောဂါပိုးဝင်မယ်ဆိုရင်တော့ အာသီးဖြတ်သင့် မသင့် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးရပါမယ်။
» မကြာခဏဆိုတာကတော့
● တစ်နှစ်လျှင် ၆ ခါ - ၇ ခါ ဖြစ်ခြင်း
● ပြီးခဲ့သော ၂ နှစ်အတွင်းမှာလည်း တစ်နှစ်လျှင် အနည်းဆုံး ၅ ခါ ဖြစ်ဖူးခြင်း
● ပြီးခဲ့သော ၃ နှစ်အတွင်း တစ်နှစ်လျှင် ၃ ကြိမ်ထက် ပိုပြီးဖြစ်ခြင်း စတာတွေကို ခေါ်ပါတယ်။
» ခွဲစိတ်ပြီး ဖယ်ထုတ်လိုက်ရင် ပျောက်ကင်းနိုင်မလား ?
အာသီးဖြတ်တဲ့ ခွဲစိတ်မှုတွေကို ကောင်းစွာခံနိုင်ရည်ရှိကြပြီး ကလေးအများစုက ခွဲပြီး နာရီအနည်းငယ်ကြာတာနဲ့ အိမ်ပြန်လို့ ရပါတယ်။ အနာသက်သာစေဖို့အတွက် အကိုက်အခဲပျောက်ဆေးတွေ ပေးလေ့ရှိပြီး အများအားဖြင့် ၇-၁၀ ရက်ခန့်အကြာမှာ နေပြန်ကောင်းလာလေ့ ရှိပါတယ်။
» ခွဲစိတ်ခြင်းဖြင့် အောက်ပါအချက်တွေကိုလည်း အထောက်အကူ ပြုစေနိုင်ပါတယ်။
● အသက်ရှူလမ်းကြောင်း ကျဉ်းမြောင်းစေသော နှာခေါင်းပိတ်ခြင်း
● အစာနှင့် ရေ မျိုချရန် ခက်ခဲခြင်း
● အာသီး ကျောက်တည်ခြင်း
● အာသီးပတ်ပတ်လည်တွင် ပြည်တည်ခြင်း
Dr. Mya Myo Myo Swe (www.drmyanmar.com)
















