Baby Oil ကပေးသော အန္တရာယ်
ကလေးတွေကို လိမ်းပေးလေ့ရှိတဲ့ အဆီပုလင်းထဲက ဆီအနည်းငယ်ကို မော့သောက်ခဲ့တဲ့ သားငယ်ကို အရေးပေါ်ဆေးရုံ တင်ခဲ့ရတဲ့ မိဘနှစ်ပါးရဲ့ အတွေ့အကြုံကို တင်ပြလိုက်ပါတယ်နော်။
ရေချိုးခန်းထဲကစင်ပေါ်က ပုလင်းထဲက ကလေးတွေအတွက် ထုတ်ထားတဲ့ လိမ်းစရာဆီ နည်းနည်းကို သူတို့ရဲ့တစ်နှစ်နဲ့ ရှစ်လအရွယ် သားငယ်က ဆော့နေတာ မြင်လိုက်ရပါတယ်။ သိပ်မကြာခင်မှာပဲ သားငယ် တဟွတ်ဟွတ် ချောင်းဆိုးနေသံကို ကြားလိုက်ရပေမယ့် မိဘနှစ်ပါးက သိပ်တော့ စိတ်မပူခဲ့ကြပါဘူး။ အဲဒီညနေမှာတော့ သူတို့ရဲ့သားလေးဟာ ပျော့ခွေကျလာပြီး ရုတ်တရက် လဲကျသတိလစ်သွားခဲ့ပါတယ်။
ကလေးတွေကို လိမ်းတဲ့ဘေဘီအဆီပုလင်းဟာ အဆိပ်မရှိဘူးလို့ ယူဆခဲ့ကြတဲ့ မိခင်နဲ့ဖခင်ဟာ ချက်ချင်းကလေးကိုပွေ့ပြီး ဆေးရုံ ပြေးခဲ့ကြပါတယ်။
ကလေးတွေအတွက် အထူးပြုလုပ်ထားတဲ့ဆီဖြစ်တဲ့ Baby Oil ဟာ အဆီ ၉၈ ရာခိုင်နှုန်းနဲ့ အနံ့ ၂ ရာခိုင်နှုန်း ပါဝင်ပြီး ဟိုက်ဒရိုကာဗွန်တွေဟာ အဆုတ်ထဲကို ရောက်ရှိပိတ်ဆို့နိုင်ပါတယ်။
ဟိုက်ဒရိုကာဗွန် အဆုတ်ထဲကို ရောက်တဲ့အခါ ချောင်းဆိုးခြင်း၊ သီးခြင်းတွေ ဖြစ်လာပါတယ်။
Baby Oil သောက်မိတာက ဓာတ်ဆီ၊ ဒီဇယ်တွေကို သောက်မိသလိုပဲ အလွန်အန္တရာယ်ကြီးပါတယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။
ပါးလွှာနူးညံ့တဲ့ ကိုယ်တွင်းအမြှေးပါးတွေကိုတော့ ကောင်းကောင်း လောင်ကျွမ်းစေပါတယ်။
အဆီသီးသွားရင် အသက်ရှူကြပ်တာတွေ ချက်ချင်းဖြစ်လာတတ်ပြီး ဆေးရုံပြသဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆီဟာ နူးညံ့တဲ့ အဆုတ်နဲ့ လေပြွန်အမြှေးပါးလေးတွေကို ဒဏ်ရာရသွားစေပါတယ်။
ကလေးတွေ ဆီမော့ချမိရင် အတင်း ထွေးမထုတ်ခိုင်းပါနဲ့။ အန်အောင် မလုပ်ပါနဲ့။ လေပြွန်ထဲကို ရောက်သွားမှာစိုးလို့ပါ။ ရေနွေးနွေးလေး နှစ်ခွက်လောက် တိုက်လိုက်ပါ။ ပလုတ်ကျင်း ခိုင်းပါ။ အာခေါင်အမြှေးပါးတွေကို မလောင်ကျွမ်းစေဖို့ပါ။ ချက်ချင်း ဆေးရုံသွားပါ။
ဒီကလေးကတော့ ကံကောင်းစွာဘဲ အဆုတ်က ပြန်လည်ကျန်းမာလာပေမယ့် ဒီအဆီရဲ့အန္တရာယ်ကို မိခင်က ဆိုရှယ်မီဒီယာမှာ ကြေညာခဲ့တဲ့အတွက် အတော်များများ သတိထားမိကုန်ပါပြီ။ ဒါကြောင့် အိမ်မှာ Baby Oil လိုမျိုး ကလေးတွေကို လိမ်းပေးတဲ့ ဆီပုလင်း၊ မုန်ညင်းဆီ စတာတွေကို ကလေးတွေ လက်လှမ်းမမှီရာမှာ ဝေးဝေးထားကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)















